No Vote ပြသနာ ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ 

၂၀၁၇ခုနှစ် ဧပြီလက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးဖို့ ရန်ကုန်မြို့က မဲရုံတရုံ

Your browser doesn’t support HTML5

No Vote ပြသနာ ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ

Zawgyi/ Unicode

လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အတိုင်း အားလုံးပါဝင်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲ အမျိုးအစားပါ။ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ကြီးကြီးမားမား ပါတီ၊ အဖွဲ့အစည်း မရှိပါဘူး။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ခြားနားတာ တစ်ခုက No Vote လုပ်မယ့်သူတွေ ပေါ်လာသလို၊ ပယ်မဲ သွားပေးကြဖို့ အထိ လွန်လွန်ကျွံကျွံ ပြောဆိုသူတွေလည်း ရှိလာပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ No Vote လုပ်မယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားသူတွေက သူတို့ဟာ ၂၀၁၅ ခုနှစ်မှာ အပြောင်းအလဲကို လိုလားတာကြောင့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးခဲ့ကြကြောင်း၊ ဒါပေမယ့် အင်န်အယ်လ်ဒီ အစိုးရအုပ်ချုပ်ခဲ့တဲ့ ၄ နှစ်ကျော် ကာလမှာ သူတို့ မျှော်လင့်သလို၊ အပြောင်းအလဲကို မဖော်ဆောင်နိုင်တဲ့အကြောင်း၊ ချို့ယွင်းချက်၊ အားနည်းချက်၊ အမှားတွေ အများကြီး လုပ်ခဲ့တဲ့အကြောင်း၊ တိုင်းရင်းသားတွေ အကျိုးအတွက်လည်း မလုပ်နိုင်ပဲ ပဋိပက္ခ ဖြစ်စရာတွေကိုတောင် လုပ်ခဲ့ကြောင်း၊ အခြား တစ်ဖက်မှာလည်း အင်န်အယ်လ်ဒီကို မဲမပေးပေမယ့် အခြားပေးစရာ ကြိုက်နှစ်သက်တဲ့ ပါတီလည်း မရှိတာကြောင့် ဘယ်ပါတီကိုမှ မဲမပေးပဲ No Vote လုပ်မယ် ဆိုတဲ့အကြောင်း ပြောဆိုထားကြပါတယ်။ No Vote လှုပ်ရှားမှုဟာ လာမယ့် ရွေးကောက်ပွဲ အပေါ် ဘယ်လို သက်ရောက်လာမှာလဲ ဆိုတဲ့ ကိစ္စ စိတ်ဝင်စားစရာပါ။ ခုတစ်ပတ် အဲဒီ အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

တကယ်တော့ ကိုယ့်ဖာသာကိုယ် တစ်ဦးချင်း No Vote လုပ်တယ်၊ No Vote လုပ်ဖို့ စည်းရုံးတယ် ဆိုတာမျိုးကတော့ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာပါ သိပ် မစိမ်းပါဘူး။ အဲလို ကိစ္စမျိုးဟာ အကြောင်းရင်းခံ (၂) မျိုးအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာမျိုးပါ။ ပထမ တစ်မျိုးကတော့ ဒီမိုကရေစီ ထွန်းကားတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲ လုပ်တယ် ဆိုတာ ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှု ရှိပါတယ်။ ရွေးကောက်ပွဲ မသမာမှု ဆိုတာ အဲဒီနိုင်ငံက ပြည်သူတွေ မကြားဘူးတဲ့ အရာမျိုးပါ။ နိုင်ငံတစ်ချို့မှာတော့ ပြိုင်ဘက် ပါတီတွေအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ မူဝါဒ ရေးရာတွေမှာ သိပ်ပြီး မကွာခြားတတ်ပါဘူး။ ခိုင်မာအားကောင်းတဲ့ Institution တွေအောက်မှာ အစိုးရ တစ်လက်ကနေ နောက်တစ်လက် ပြောင်းတိုင်း၊ ဝန်ကြီးချုပ် ဒီတစ်ယောက်ကနေ နောက်တစ်ယောက် ပြောင်းသွားတိုင်း လူ့အဖွဲ့အစည်းထဲမှာ သိသာတဲ့ သက်ရောက်မှုတွေ ဖြစ်လေ့ ဖြစ်ထ မရှိပါဘူး။

ပြောရရင် အစိုးရ ပြောင်းသွားတယ် ဆိုပေမယ့် သာမန် ပြည်သူ အများစုကြီးရဲ့ နေ့စဉ် လူနေမှု ဘ၀ သိပ်ပြီး ပြောင်းလဲသွားတာမျိုး မရှိတတ်ကြတာမျိုးပါ။ ဒီလို အခြေအနေမျိုး သာမန်ပြည်သူတွေကြားမှာ မဲပေးခြင်း၊ မဲမပေးခြင်းဟာ သိပ် ထူးခြားမှု မရှိဘူးလို့ ခံစားတတ်ကြပါတယ်။ ပါတီ တစ်ခုခု၊ လူပုဂ္ဂိုလ် တစ်ယောက်ယောက်ကို မဲသွားပေးလိုက်လို့လဲ သူတို့ နေ့စဉ်ဘ၀ သိပ်ပြီး ထူးခြားသွားမှာ မဟုတ်ဘူးလို့ ခံစားတတ်ကြပါတယ်။ ဒီအခါ No Vote ဆိုပြီး မဲသွားမပေးပဲ နေတတ်ကြတာမျိုးပါ။ တချို့နိုင်ငံတွေမှာဆိုရင် No Vote များလွန်းလို့ မဲပေးသူ ရာခိုင်နှုန်း အတော်လေး နည်းပါးတာမျိုးတောင် ဖြစ်တတ်ပါတယ်။ နမူနာအားဖြင့်တော့ ဂျပန်နဲ့ အနောက်ဥရောပက နိုင်ငံတစ်ချို့ပါ။

နောက်တစ်မျိုးကတော့ သပိတ်မှောက်မှု ဆန်တဲ့ No Vote ပါ။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင် တစ်ပိုင်း နိုင်ငံတွေမှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲကို နာမည်ကြားကောင်းရုံလောက် လုပ်ပြတတ်ပါတယ်။ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေ၊ စည်းကမ်းတွေ ချမှတ်ထားတတ်ကြသလို၊ ပြိုင်ဘက် အတိုက်အခံ ပါတီတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် အမျိုးမျိုး ညစ်ပတ်ထားလေ့ ရှိပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ကမကထ လုပ် ကျင်းပပေးတဲ့ ကော်မရှင်တွေကလည်း အာဏာရှင်တွေ လိုချင်တဲ့ အဖြေ မထွက်ထွက်အောင် မသမာမှုတွေကို နည်းမျိုးစုံနဲ့ လုပ်ပေးတတ်ပါတယ်။

အဲလို အခြေအနေအောက်မှာ ပြည်သူလူထုဟာ သူတို့ ဆန္ဒ အစစ်အမှန် ဖော်ထုတ်ခွင့် မရတာ၊ တနည်းအားဖြင့် သူတို့ မဲပေးချင်တဲ့ ပါတီ၊ အမတ်လောင်းတွေ ရွေးကောက်ပွဲ မဝင်နိုင်လို့ မဲပေးလို့မရတာ၊ တကယ်လို့ ရွေးကောက်ပွဲ ဝင်၊ မဲသွားပေးခဲ့ရင်လည်း ကော်မရှင် အဆင့်ဆင့်ရဲ့ မသမာမှုကြောင့် ကိုယ့်ဆန္ဒမဲ ဘာမှ မထူးခြားတာ စတဲ့ အခြေအနေမျိုး ကြုံရမှာကို သိနေတတ်ကြပါတယ်။ အဲဒီ အခြေအနေမျိုးမှာ တစ်ဦးချင်းစီ အနေနဲ့ No Vote ဆိုပြီး မဲမပေးတာမျိုး လုပ်ကြပါတယ်။

တချို့နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်၊ No Vote Campaign လုပ်ပြီး ရွေးကောက်ပွဲရဲ့ တရားဝင်မှု ပျက်ပြယ်အောင် ကြိုးစားကြတာမျိုးလည်း ရှိပါတယ်။ အာဏာရှင်နိုင်ငံ တစ်ချို့မှာတော့ ဥပဒေ ပြဌာန်းချက်တွေနဲ့ တားမြစ် ထားတတ်ကြလို့ No Vote ကို ကျယ်ကျယ် ပြောလို့ မရတာမျိုး ရှိတတ်သလို၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါ ဆိုပြီး စည်းရုံးလို့လည်း မရနိုင်ပါဘူး။ ဥပဒေ အရ ထောင်ထဲ ရောက်သွားနိုင်လို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲလို ဖြစ်ခဲ့ဖူးပါတယ်။ သိပ်မဝေးလှသေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလ မှာ ဖြစ်ပါတယ်။ အားလုံး ပါဝင်လို့ မရအောင် ဥပဒေထုတ် တားမြစ်ခဲ့တဲ့အပြင် နိုင်ငံရေးသမား အများအပြားကို အကျယ်ချုပ်နဲ့ အကျဉ်းထောင်တွေထဲ ထည့်ထားပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါ။ အဲဒီအချိန်တုန်းက အင်န်အယ်လ်ဒီ အဖွဲ့ဝင်တစ်ချို့ ရွေးကောက်ပွဲမှာ မဲသွားမပေးကြဖို့၊ သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ဖူးပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကတော့ ၂၀၁၀ ကနဲ့ ခြားနားပါတယ်။ ၂၀၁၅ တုန်းကလိုပဲ အားလုံးပါဝင် ယှဉ်ပြိုင်ကြမယ့် ပွဲပါ။ ဒါကြောင့် No-vote လုပ်တာကို အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ SNLD အပါအဝင် ပါတီတိုင်းလိုလိုက လက်မခံကြပါဘူး။ သြဂုတ်လ ၅ ရက်နေ့က လုပ်တဲ့ မဲစာရင်း ထုတ်ပြန်ခြင်းဆိုင်ရာ အွန်လိုင်း စည်းဝေးပွဲမှာ No Vote နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ ကိုယ့်နိုင်ငံအတွက် ကိုယ် တာဝန်ယူချင်တဲ့စိတ်ဟာ လူတိုင်း လူတိုင်းမှာ ရှိရမယ်၊ ကိုယ်ကြိုက်သလို မဲပေးရမယ်၊ ဒါပေမယ့် မဲမပေးပဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူးတို့ ဟိုဟာ မကြိုက်ဘူးတို့ ပြောတာက အင်မတန် တာဝန်မဲ့တာပဲ။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အလားတူ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးကလည်း ဇူလိုင် ၃၁ ရက်နေ့က သူ့ရဲ့ facebook လူမှုကွန်ယက်စာမျက်နှာမှာ “ ကိုယ်ကြိုက်တာ ကိုယ်ရွေးခွင့်ဟာ ပြည်သူတိုင်းပိုင်တဲ့ အခွင့်အရေး တစ်ရပ်ပါ။ ကိုယ်ကြိုက်တာ ကိုယ်မရွေးရင် သူများပေးတာကိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက် ယူရမှာ” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးသမား အများစုကတော့ စစ်အာဏာရှင်တွေကို ရာစုနှစ်တစ်ဝက်ကျော်လောက် ရင်ဆိုင်၊ တိုက်ခိုက်၊ အသက်သွေး၊ ချွေး အများကြီး ပေးပြီးမှ အခုအဆင့်လောက် မဲပေးခွင့် ရလာတာမို့ ဒါကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုကို မကြိုက်ကြပါဘူး။ ကိုယ့်ဖာသာကိုယ် မဲပေးတာ၊ မပေးတာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဖြစ်ပေမယ့် အခြားသူတွေကိုပါ မဲမပေးအောင် စည်းရုံးတာ၊ လှုံ့ဆော်တာမျိုးကိုတော့ ဒီမိုကရေစီ စနစ်ကို ဟန့်တားနှောင့်ယှက်မှု အဖြစ် ရှုမြင်ကြပါတယ်။

လက်ရှိ အခြေအနေအရ လာမယ့် ရွေးကောက်ပွဲ အပြီးမှာ ဖြစ်လာနိုင်ချေ နှစ်ခုပဲ ရှိပါတယ်။ NLD ဒါမှမဟုတ် NLD အုပ်စုက တင်တဲ့ သမ္မတ နဲ့ အင်န်အယ်လ်ဒီ အစိုးရ၊ ဒါမှမဟုတ် တပ်မတော် အစုအဖွဲ့က ဦးဆောင်တဲ့ မဟာမိတ် အုပ်စုက တင်တဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ အဲဒီ နှစ်ခုပါပဲ။ No Vote သမားတွေ အနေနဲ့ အဲဒီ ၂ ခုထဲက တစ်ခုခုကိုကြိုက်ရင် မဲသွားပေးဖို့ လိုပါတယ်။ ဒါမှမဟုတ် တစ်ခုခုကို လက်မခံနိုင်ဘူး ဆိုရင်လည်း မဲသွားပေးဖို့ လိုပါတယ်။ ဘယ်အစိုးရတက်တက် လက်ခံပါတယ် ဆိုရင်တော့ သူတို့ No Vote လုပ်တာမှန်ပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ အားလုံးကတော့ ပြည်သူတွေ မဲပေးလာအောင် စည်းရုံးသင့်ပါတယ်။ လက်ရှိ မဲစာရင်း အမှားအယွင်း အလွန်များတဲ့ ကိစ္စ ဝိုင်းပြီး ကူညီ ဖြေရှင်းပေးကြရပါမယ်။ No Vote သမားတွေကို အပြစ်တင်နေမယ့်အစား No Vote ဆိုတာ ဘယ်လိုမျိုးလဲ ပြည်သူလူထု ဒီထက်ပိုပြီး သိလာအောင် ရှင်းပြတာ၊ ဒီမိုကရေစီ စနစ်ကို လိုလားမြတ်နိုးတယ် ဆိုရင် ထွက်ပြီး မဲလာပေးအောင် စည်းရုံးတာမျိုးကိုပဲ အရုံစိုက် လုပ်သင့်ကြကြောင်းပါ။

==================









