အခုရက်ပိုင်း နိုင်ငံရေး သမားတွေ၊ တိုင်းရင်းသား အရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ မီဒီယာ သမားတွေကြား စိတ်အဝင်စားဆုံး ကိစ္စ တစ်ခုကတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူဖို့ ကြိုးစားတဲ့ ကိစ္စ၊ ဒေသခံ တိုင်းရင်းသား လူငယ်တွေနဲ့ အစုအဖွဲ့တွေက ဆန့်ကျင် ကန့်ကွက်ကြတဲ့ ကိစ္စ၊ ဆန့်ကျင် ကန့်ကွက်သူတွေကို ရဲတပ်ဖွဲ့က အရေးယူ၊ ဖမ်းဆီးတဲ့ ကိစ္စ၊ ပြသနာကို ဖြေရှင်းနေတဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုရဲ့ လုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပြောတဲ့စကား၊ အဲဒီ ပြောစကားကို တပ်မတော် ဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မသိလို့ ပြောတဲ့စကားအဖြစ် သတင်းထုတ်ပြန် စတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ တကယ် စိတ်ဝင်စားဖို့ ကောင်းတာက ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ပြသနာ ဖြေရှင်းနေရပုံပါ။ ဝန်ကြီးချုပ်ဟာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူလိုတဲ့ အင်န်အယ်လ်ဒီ အင်အားစုတွေက တစ်ဖက်၊ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာကို ဆန့်ကျင်တဲ့ ဒေသခံ တိုင်းရင်းသားတွေက တစ်ဖက်၊ တပ်မတော်ဘက်ကလည်း သူ့ပြောစကားကို မထောက်ခံ ဆိုတဲ့ ဘေးကြပ်နံကြပ် အခြေအနေထဲ ရောက်သွားပုံရပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။
အခြားသော မြို့ရွာများမှာလိုပါပဲ။ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူဖို့ ကြိုးစားမှု ဖြစ်ပေါ်လာပါတယ်။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောခွင့်ရတွေကတော့ အခုလို ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတဲ့ကိစ္စ သူတို့ အစိုးရ၊ သူတို့ ပါတီက လုပ်ကိုင်ဆောင်ရွက်နေတာ မဟုတ်၊ ပြည်သူတွေက သူတို့ဖာသာ ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောကြပါတယ်။ အင်န်အယ်လ်ဒီ အစိုးရ၊ အင်န်အယ်လ်ဒီ ပါတီ က တိုက်ရိုက် အကောင်အထည် ဖော်တာမျိုး မဟုတ်ဘူး ဆိုပေမယ့် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ ကြိုးစားကြသူတွေကတော့ အင်န်အယ်လ်ဒီ ပါတီဝင်တွေ၊ ပါတီလိုလားသူတွေ ဖြစ်ဖို့ များပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံတွင်း ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး ဖြစ်မြောက်ရေး ကော်မတီကိုတော့ ကယားပြည်နယ် အစိုးရကိုယ်တိုင် ဦးဆောင်ဖွဲ့စည်း အကောင်အထည် ဖော်ပေးခဲ့တာပါ။
နောက်တော့ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ဒေသခံ တိုင်းရင်းသား လူငယ်တွေနဲ့ အစုအဖွဲ့တွေရဲ့ ကန့်ကွက်မှု ထွက်ပေါ်လာပါတယ်။ တကယ်တော့ အဲဒီ ကန့်ကွက်ကြတယ် ဆိုတဲ့ ဒေသခံ လူငယ်ခေါင်းဆောင်တွေဆိုတာကလည်း တခြားသူတွေ မဟုတ်ပါဘူး။ တချိန်က စစ်အာဏာရှင် စနစ်ကို တွန်းလှန်ရာမှာ အနစ်နာခံ၊ အပင်ပန်းခံ ပါဝင်ခဲ့ကြတဲ့၊ အင်န်အယ်လ်ဒီ လှုပ်ရှားမှုတွေမှာ ဝင်ပါ၊ ဝင်လုပ်ခဲ့ကြတဲ့၊ နောက်ဆုံး ၂၀၁၅ မှာ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရအောင် ကူညီခဲ့ကြတဲ့ ကရင်နီ လူငယ်တွေပါ။ အဲဒီ ကရင်နီလူငယ်တွေရဲ့ အကြောင်းပြချက်ကတော့ သူတို့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမြတ်နိုး တန်ဘိုးထားတယ်၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြိုးစားရယူပေးခဲ့တဲ့ ပင်လုံ သဘောတူညီချက်၊ တိုင်းရင်းသား တန်းတူရေး ကတိကဝတ် အဲဒါတွေ ဖြစ်တဲ့အကြောင်း၊ သူတို့အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု လိုလားတယ်၊ တိုင်းရင်းသား တန်းတူ အခွင့်အရေး လိုလားတယ်၊ ဗိုလ်ချုပ်ရဲ့ သဘောထား၊ ကတိကဝတ်တွေကို လိုလားတယ်၊ အဲဒါတွေ မပါတဲ့ ဗိုလ်ချုပ်ရုပ်တု သက်သက်ကိုတော့ လက်မခံနိုင်ဘူး ဆိုတာပါပဲ။ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားတိုင်း သူတို့ အလေးအမြတ်ပြုရာ ခေါင်းဆောင်တွေ အသီးသီး ရှိကြသလို၊ သူတို့မှာလည်း ရှိတဲ့အကြောင်း၊ အဲဒီ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ခေါင်းဆောင် အထိမ်းအမှတ် ရုပ်တုတွေ အသိအမှတ်ပြု မခံရသေးခင် ဗိုလ်ချုပ်ရုပ်ပုံ လာပြီး စိုက်ထူတာဟာ မသင့်တော်တဲ့အကြောင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ ကန့်ကွက်သူတွေက ဆန္ဒတွေပြ၊ ကရင်နီပြည် သမိုင်းကြောင်းနဲ့ ဆိုင်တဲ့ စာရွက်တွေဝေ၊ အစိုးရနဲ့ ရဲတပ်ဖွဲ့ဘက်ကတော့ ဆန္ဒပြမှုတွေဟာ တည်ဆဲ ဥပဒေနဲ့ မညီဘူး ဆိုပြီး တားမြစ်၊ ခေါင်းဆောင်တွေကို ဖမ်းပြီး တရားရုံးပို့ ၊ တရားစွဲခံရ၊ အာမခံမယူလို့ အချုပ်ကျ ဆိုတဲ့ အနေအထားမျိုး ရောက်လာတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေအထိ ရောက်လာတာတောင် ပြည်နယ် ဝန်ကြီးချုပ်ဟာ ကန့်ကွက် ဆန္ဒပြကြတဲ့ လူငယ်တွေ ပြည်နယ်ထဲက လက်နက်ကိုင် အဖွဲ့တွေ၊ အခြား အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုး လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြေလည်မှု မရသလို၊ အဆင်မပြေမှုတွေ ထပ်ပြီး ပေါ်ပေါက်ခဲ့ပြန်ပါတယ်။
အဲဒါကတော့ ဝန်ကြီးချုပ်ရဲ့ ပြောစကား တစ်ခွန်းကြောင့်ပါ။ အပြည့်အစုံကတော့ “ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ မငြိမ်သက်မှုတွေဖြစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာတာဝန်အပြည့်အဝရှိနေတယ်။ သူကတော့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီမှာလိုအပ်တဲ့ လမ်းညွှန်မှုတွေပေးသွား မှာဖြစ်ပါတယ်။ တကယ်လို့ပြောတဲ့ ကြားထဲမှာဖြစ်လာခဲ့ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အင်အားက အနည်းလေးပဲ။ အဲ့တော့ တပ်ကိုလိုလို့ရှိရင် သူကိုထိန်းခိုင်းဖို့အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့်ရဲ့ လုပ်ဆောင် ရမဲ့တာဝန်ဖြစ်တယ်။” ဆိုပြီး ဖြစ်ပါတယ်။ ဒီပြောဆိုချက်ကို တိုင်းရင်းသား အင်အားစုတွေဘက်က ခါးခါးသီးသီး ဖြစ်ကြပါတယ်။ ဝန်ကြီးချုပ်ဟာ ဆန္ဒပြတာကို စစ်တပ်နဲ့ နှိမ်နင်းဖို့ ခြိမ်းခြောက်တယ် ဆိုပြီး ဖြစ်ပါတယ်။
အဲလိုအချိန် အများက မထင်မှတ်ပဲ ထွက်ပေါ်လာတာကတော့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်ပါ။ တပ်မတော် သတင်းမှန် ပြန်ကြားရေး ထုတ်ပြန်ချက်ထဲ ပါတာကတော့ အရေးပေါ်အခြေနေနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၊အခန်း(၁၁) ၊ပုဒ်မ - ၄၁၀၊ ၄၁၂ နဲ့ ၄၁၃ မှာ ဘယ်လို လုပ်ရမယ် ဆိုတာ ဖော်ပြထားပြီးသား၊ တပ်မတော်ဘက်ကို တာဝန်လွဲှနိုင်တဲ့ တကယ် လုပ်ပိုင်ခွင့်ဟာ သမ္မတ မှာပဲ ရှိပြီး ဝန်ကြီးချုပ်တွေမှာ မရှိတဲ့အကြောင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ၎င်း၏ ထင်မြင် ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တကယ်လည်း ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှို နားလည်မှု လွဲခဲ့တာပါ။ သူပြောသလို ဆန္ဒပြမှုတွေကြီးမားမယ်၊ ရဲတပ်ဖွဲ့ကလည်း မလုံလောက်ဘူး ဆိုရင် သမ္မတဆီ တင်ပြ၊ သမ္မတက ပြည်ထဲရေးဝန်ကြီးကို ညွှန်ကြားပြီး လွိုင်ကော်ကို ရဲတပ်ဖွဲ့ဝင် အင်အား ထပ်ပို့တာမျိုး လုပ်နိုင်ပါတယ်။ အခြား နည်းလမ်းတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင်ဆောင်ထားတာ မရှိတဲ့ ဆန္ဒပြသူတွေကို စစ်တပ်ခေါ်ပြီး ဖြေရှင်းခိုင်းမယ်လို့ ပြောမိတဲ့အတွက် တိုင်းရင်းသားတွေ ဘက်ကတော့ ဝန်ကြီးချုပ်အပေါ် မကျေမနပ် ဖြစ်သွားကြမှာကတော့ အမှန်ပါပဲ။
နောက်ဆုံးမှာတော့ ဝန်ကြီးချုပ်ဟာ အစိုးရက ဦးဆောင်ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး ကော်မတီကို ဖျက်သိမ်းပေးလိုက်ပါတယ်။ တကယ်လို့ ပုဂ္ဂလိက ပြည်သူတွေဘက်က လုပ်ကြကိုင်ကြရင်တော့ ကူညီမယ်လို့ ထုတ်ပြန်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုဟာ အင်န်အယ်လ်ဒီ၊ ကရင်နီ တိုင်းရင်းသား အစုအဖွဲ့တွေနဲ့ တပ်မတော် အင်အားစု သုံးခု ကြားထဲ ရောက်သွားတဲ့ပုံ မြင်ကြရပါလိမ့်မယ်။ ဒါပေမယ့် သူ့အနေနဲ့ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ဘယ်လောက်ပဲ တွေ့ဆုံညှိနှိုင်းတာတွေ လုပ်လုပ်၊ ဘယ်အင်အားစုရဲ့ လိုအင်ဆန္ဒကိုမှ မဖြည့်ဆည်းပေးနိုင်၊ ဘယ်အင်အားစုကိုမှလည်း ကျေနပ်အောင် စွမ်းဆောင် မပေးနိုင်ခဲ့ကြောင်းပါ။
Your browser doesn’t support HTML5