အခုရက်ပိုင်း လူတွေ အတော်လေး စိတ်ဝင်စားနေတဲ့ ကိစ္စ တစ်ခုကတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၃ လမ်းဘေး ဝဲယာ တစ်ဖက် တစ်ချက်က ထောင်နဲ့ချီရှိတဲ့ ကျူးကျော်တဲတွေကို ဖြိုဖျက်နေတဲ့ ကိစ္စပါ။ လှည်းကူးမြို့နယ်ထဲမှာ ရှိတဲ့ အဲဒီ ကျူးကျော်ရွာတွေမှာ အိမ်ခြေပေါင်း ၇ ထောင် ၈ ထောင်မက ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဇွန်လ ၁၂ ရက်နေ့ကစလို့ အဲဒီ ကျူးကျော်တဲတွေကို မြို့ပြနဲ့ အိမ်ယာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ဦးဆောင်ပြီး နေ့စဉ်ရက်ဆက် ဖြိုဖျက်နေရာမှာ ဇွန်လ ၁၅ ရက်နေ့အထိ အိမ်ခြေ ၂၀၀၀ လောက် ဖျက်ဆီးပြီးပြီလို့ သိရပါတယ်။ ရဲနဲ့ အလုပ်သမား အင်အား တစ်ထောင်ဝန်းကျင် အသုံးပြုပြီး နေ့စဉ် ရက်ဆက် ဖြိုဖျက်ရင်တောင် အဲဒီ ဧရိယာက ကျူးကျော်တဲတွေ အားလုံး ဖြိုဖျက်ပြီးဖို့ ဆိုရင် အနည်းဆုံး နှစ်ပတ်ဝန်းကျင်လောက် ကြာမြင့်နိုင်ပါတယ်။ ဒီနေရာမှာ မေးစရာ မေးခွန်းတွေ တသီကြီး ပေါ်လာပါတယ်။ အစိုးရက တရားဝင် ခွင့်ပြုတာမျိုး မဟုတ်ပဲ အဲဒီနေရာမှာ အဲလောက်များတဲ့ ကျူးကျော်တွေ ဘာကြောင့် ပေါ်လာတာပါလဲ၊ ဒီ ပြသနာကို စောစော မဖြေရှင်းပဲ ဘာကြောင့် ကာလ အကြာကြီး ပစ်ထားပြီး အခုမှ ထ ရှင်းရတာလဲ၊ ၄ သိန်းကျော် အရည်အတွက် ရှိတဲ့ ရန်ကုန်က ကျူးပြသနာကို ဖြေရှင်းမယ်ဆိုပြီး တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကြွေးကြော်ထားတာကရော တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာတွေပဲ ဖြစ်ပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
တကယ်တော့ ရန်ကုန်ဧရိယာမှာ ကျူးကျော်တွေ အများကြီးရှိပါတယ်။ အခုပြသနာဖြစ်တဲ့ နေရာမျိုးကတော့ တစ်စုတစ်စည်းတည်း တွေ့ရလေ့ ရှိတဲ့ ကျူးတွေပါ။ အခြား ရပ်ကွက်တွေထဲမှာ မီးရထား သံလမ်းနဘေးတွေမှာ၊ ဌာနဆိုင်ရာ မြေတွေပေါ်မှာ ဟိုတစ်တဲ ဒီတစ်တဲ၊ ဟိုအိမ်တစ်လုံး၊ ဒီအိမ်တစ်လုံး၊ ဟိုတစ်စု ဒီတစ်စု ကျူးကျော်နေထိုင်တာမျိုးကလည်း အများကြီး ရှိနေပါတယ်။ အဓိက ပြသနာကတော့ အဲဒီလို ကျူးကျော်တာကို ဘယ်သူကမှ တာဝန်ယူ တားဆီးတာမျိုး မရှိတဲ့ ကိစ္စပါ။ ဆိုင်တယ်လို့ ထင်ရတဲ့ စည်ပင်လို၊ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးလိုမျိုးကလည်း ကိုယ်နဲ့ မဆိုင်သလို ဖာသိဖာသာ နေနေကြတာက များပါတယ်။ တကယ့်တကယ် သွားပြီး ဖြေရှင်းရင်လည်း ချီးမွမ်းခံရမှာလည်း မဟုတ်၊ ငွေရမှာလည်း မဟုတ်၊ ကျူးကျော်သူတွေက ရန်ပြုရင်တောင် ခံရနိုင်တဲ့ အနေအထားအောက်မှာ ဘယ်သူကမှ သွားပြီး ဟန့်တားမနေကြပါဘူး။ ဒီလိုနဲ့ ရန်ကုန်မှာ ကျူးတွေ တစ်နေ့တစ်ခြား များလာတာ ဒီကနေ့ အထိပါပဲ။
ဒါဆိုရင် ဘာကြောင့် အခု လှည်းကူး မိုင်တိုင် ၃ ဧရိယာက ကျူးတွေကို ရှင်းရသလဲ ဆိုတာပါ။ ဒီဧရိယာမှာ Alliance Star ကုမ္ပဏီက စီမံကိန်း တစ်ခု အကောင်အထည် ဖော်စရာ ရှိလို့ ကိုင်တွယ်ကြတာဖြစ်ပါတယ်။ ကျူးတွေကို ဖြိုဖျက်ရတာလည်း လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ရဲတွေက လုံခြုံရေးလောက် ယူပေးတာပါ။ လုပ်အားပေးမယ့် ရွာသားတွေကို တစ်ရက် ကျပ်ငွေ ၈ ထောင် တစ်သောင်းလောက်ပေးပြီး ငှားရမ်း လုပ်ကိုင်ကြရတာမျိုးပါ။ လုပ်အားပေး ၅၀၀ လောက် သုံးတယ် ဆိုရင်ပဲ တစ်ရက် ကျပ်ငွေ သိန်း ၅၀ ကျော်သုံးပြီး ကျူးတွေကို ဖျက်ရတဲ့ သဘောပါ။ ဒါမျိုး အစိုးရဘတ်ဂျက်ထဲမှာ မရှိသလို၊ သုံးတဲ့ အလေ့အထ လည်း မရှိပါဘူး။ စီမံကိန်း အကောင်အထည် ဖော်မယ့် ကုမ္ပဏီကပဲ စိုက်ထုတ် သုံးစွဲတယ် ဆိုတဲ့ သဘောပါ။ ဒီပြသနာကို ကြည့်ရင် ရန်ကုန်မှာ ဘာကြောင့် ကျူးတွေ များလာသလဲ၊ ဒီ ပြသနာကို ဘာကြောင့် မကိုင်တွယ်ကြသလဲ အဖြေ သိနိုင်ပါတယ်။
အခု လှည်းကူးက ထောင်နဲ့ချီတဲ့ ကျူးတွေ ပြသနာ အစကို ကောက်ရရင် အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ KNU/KNLA (PC) လို့ ခေါ်တဲ့ ငြိမ်းချမ်းရေးကောင်စီ ကနေ အစပြုရမှာပါ။ လူတစ်ချို့ဟာ သူတို့ကိုယ် သူတို့ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က တာဝန်ရှိသူတွေပါလို့ ပြော၊ အဲဒီ နေရာမှာ မြို့ကွက်သစ် ဖော်ထုတ်ဖို့ အစိုးရက သူတို့ကို ခွင့်ပြုထားတယ် လို့ ဆိုပြီး ခပ်တည်တည်နဲ့ မြေကွက်တွေတိုင်း၊ မြေကွက်ရိုက်၊ ရုံးခန်းတွေ ဖွင့်ပြီး အပီအပြင် ရောင်းစားနေကြတာပါ။ အစောပိုင်းမှာ ဆိုရင် လမ်းအတွက် ဘူဒိုဇာတွေနဲ့ မြေထိုးတာ၊ တစ်ချို့နေရာတွေမှာ ဟန်ပြ ဓာတ်မီးတိုင်တွေ စိုက်ပြတာ၊ စီမံကိန်း ရုံးဆိုပြီး ဖွင့်ပြတာ၊ ဆိုင်းဘုတ်တွေ ထောင်တာ အဲဒီလောက် အထိ လုပ်ပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲမှာ တကယ် မသိနားမလည်၊ နေစရာ မရှိလို့ ကိုယ့်ရှိတာလေး ခြစ်ခြုတ် စုဆောင်း ဝယ်ယူခဲ့တဲ့ ပြည်သူတွေ ပါသလို၊ မြေတစ်ကွက် သိန်း ၁၀-၂၀ သိပ်ဈေးမကြီးခင် ရင်းထား၊ ရှုံးလဲ ပြသနာမရှိ၊ တကယ်သာ အာမခံချက်ရှိတဲ့ မြေကွက်တွေ ဖြစ်လာရင် အတော့်ကို မြတ်မှာပဲ ဆိုပြီး ဝယ်ယူစုဆောင်းသူတွေလည်း ရှိခဲ့ကြပါတယ်။ နောက်ဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် အဆင့်ဆင့် လက်လွဲှရောင်းချသည် အထိ ဖြစ်ခဲ့ကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး အစိုးရက အဲလိုကျူးတွေကို ဖျက်သိမ်းတဲ့အခါ မြေကွက်တွေကို လက်ဝယ်ပိုက်မိသူတွေပဲ ဆုံးရှုံးကြရတာ ဖြစ်ပါတယ်။
ကျူးတွေနဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့ ၂၀၁၆ မေလ ၂၆ ရက်နေ့တုန်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောခဲ့တဲ့ မှတ်ချက်စကား အတော် ဂယက်ရိုက်ခဲ့ပါတယ်။ သူပြောခဲ့တာက တကယ် နေစရာ မရှိလို့ ကျူးကျော်နေကြတဲ့သူတွေကို စနစ်တကျ စာရင်းကောက်ပြီး မှတ်တမ်းတင်ထားမယ်၊ အဲဒီလူတွေကို နေစရာ အလုပ်အကိုင် အစိုးရက ဖန်တီးပေးမယ်၊ တကယ်ကျူးကျော် မဟုတ်ပဲ ဟိုနေရာလိုက် နေရာဦး၊ ဒီနေရာလိုက် နေရာဦး လုပ်နေတဲ့သူတွေကိုတော့ ဖော်ထုတ် အရေးယူသွားမယ်၊ ဆိုတဲ့ စကားပါ။ အဲဒီနောက်ပိုင်း ကျူးကျော် စာရင်း ကောက်ယူတာ၊ ဒီဂျစ်တယ် သက်သေခံ ကဒ်ပြားတွေ လုပ်ပေးတာ စတာတွေ အကောင်အထည် ဖော်ပါတယ်။ စာရင်းအရ ကျူးကျော် ၄ သိန်းကျော် ရှိတယ် ဆိုပေမယ့် စေ့စေ့ပေါက်ပေါက် ကောက်ရင် အဲဒီထက် အများကြီး ပိုမှာ သေခြာပါတယ်။ ဝန်ကြီးချုပ်က အဲဒီ မှတ်ချက်စကားပြောပြီး နောက်ပိုင်း ကျူးတွေ ပိုများလာတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောတဲ့အထဲ ကျူးတွေကို နေစရာနဲ့ အလုပ်အကိုင် ဖန်တီးပေးမယ် ဆိုတဲ့ အချက်ပါပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် လိုအပ်နေတာ ကျူးကျော်တွေမှ မဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေ ပြည်ပထွက်၊ ရရာ အလုပ်လုပ်နေကြရတာ၊ ဖားကန့်လို၊ ခန္တီးလို ကျောက်စိမ်းမှော်တွေ၊ ရွှေလုပ်ကွက်တွေမှာ သိန်းနဲ့ချီ သွားပြီး အသက်နဲ့ရင်း အလုပ်လုပ်နေကြရတာကို ကြည့်ရင် အလုပ်အကိုင် လိုအပ်ချက် ဘယ်လောက် ကြီးမားသလဲ ခန့်မှန်းနိုင်ပါတယ်။ ဒီကြားထဲ ကျူးတွေကို အစိုးရက အလုပ်ပေးမယ်ဆိုတော့ ဘယ်သူမဆို ကျူးဖြစ်ချင်စိတ် ပေါက်သွားမှာ အသေအခြာပါပဲ။ ဒီထက်ပိုတဲ့ ကတိစကားကတော့ နေစရာ စီစဉ်ပေးမယ် ဆိုတာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ တစ်လ ကျပ်ငွေ ၅ သိန်း၊ ၁၀ သိန်းဝင်ငွေရှိတဲ့ လူလတ်တန်းစား အောက်လွှာ မိသားစုတွေတောင် အိမ်ပိုင်ရာပိုင် နေစရာ ရှိကြတာ မဟုတ်ပါဘူး။ အဲလို လူတွေတောင် လက်လှမ်းမမီသေးတဲ့ အနေအထားမျိုးမှာ ကျူးတွေကို အစိုးရက နေစရာ ဖန်တီးပေးမယ် ဆိုတာကတော့ မရောင်ရာဆီလူး၊ စိတ်ကူးယဉ်တာပဲ ဖြစ်ဖို့ များပါတယ်။
တကယ်တော့ မြန်မာနိုင်ငံက ကျူးကျော်ပြသနာ ဆိုတာဟာ စီးပွားရေး ကျဆင်းခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ ပြည်သူလူထု ဆင်းရဲခြင်းကနေ ပေါက်ဖွားလာတဲ့ နောက်ဆက်တွဲ ပြသနာ တစ်ခုပါ။ ကျူးပြသနာ သူ့ချည်းပဲ ဖြေရှင်းလို့ ဘယ်လိုမှ ပြေလည်နိုင်စရာ မရှိပါဘူး။ တိုင်းပြည် စီးပွားရေး ကောင်းအောင် လုပ်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများအောင် ဖန်တီးပေးဖို့၊ ပြည်သူတွေ ဝင်ငွေကောင်းလာပြီး နေထိုင်စရာ အိမ်ခန်း ပိုင်ဆိုင်နိုင်တဲ့ အနေအထားရောက်အောင် စီမံပေးဖို့ စတာတွေ အရင် လုပ်ရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5