ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးပွဲ၊ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးသလဲ

ကော့မှူးမြို့နယ်မှာ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးနေစဉ် Photo credit: Greg Kehailia | International IDEA

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော် သမ္မတရုံးဟာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုတွေရဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို ညွှန်ကြားစာ တစ်စောင် ပေးပို့ထားပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တတိယအကြိမ် ပြင်ဆင် ပြဌာန်းပြီးဖြစ်တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေမှာ အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ သမ္မတ သက်တမ်းအတိုင်း ဖြစ်ရမယ် ဆိုပြီး ပြင်ဆင်ထားတာကြောင့် လက်ရှိ သမ္မတ ဦးထင်ကျော်ရဲ့ သက်တမ်းမှာ ပထမဦးဆုံးအကြိမ် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပပေးရတာလို့ သိရပါတယ်။ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အဆင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ လေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။

အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက် ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဒီမိုကရေစီ စနစ်ကို အခြေခံပါတယ်လို့ ပြောဖို့ အတော်ခက်ခဲပါတယ်။ ဖွဲ့စည်းပုံအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတ ရွေးချယ်မယ့် အဖွဲ့ရဲ့ ၂၅ ရာခိုင်နှုန်းသော မဲကို ရယူထားပါတယ်။ ဒါကြောင့် ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲမှာ တပ်မတော်က ထောက်ခံတဲ့ ပါတီဆို ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရတာနဲ့ တပ်မတော်အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ တစ်ယောက် ရွေးနိုင်၊ အစိုးရဖွဲ့နိုင်မယ့် အနေအထားမျိုး ဖန်တီးထားပါတယ်။ တပ်မတော်က ပူးပေါင်းမထားတဲ့ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီလိုမျိုးဆို ရွေးကောက်ပွဲမှာ ၆၇ ရာခိုင်နှုန်း အထက် အနိုင်ရမှ သမ္မတ ရွေးနိုင်၊ အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုကြီးရဲ့ တစ်ခဲနက် ထောက်ခံမှုကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အပြတ်အသတ် အနိုင်ရ၊ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင် ဆိုတဲ့ အခြေအနေ ရောက်ခဲ့ပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတ က ခန့်အပ်နိုင်တာကြောင့် လက်ရှိ တိုင်းနဲ့ ပြည်နယ်တွေမှာ အင်န်အယ်လ်ဒီ ဝန်ကြီးချုပ်တွေ အုပ်ချုပ်နေကြပါပြီ။ ဒါပေမယ့် တကယ့် အုပ်ချုပ်ရေးလုပ်ငန်းကို လက်တွေ့ တာဝန်ယူထားကြတဲ့ ခရိုင်၊ မြို့နယ် နဲ့ ရပ်ကွက်ဒါမှမဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုတော့ အင်န်အယ်လ်ဒီ အစိုးရက ခန့်လို့ မရပါဘူး။ ဖွဲ့စည်းပုံ ပုဒ်မ ၂၈၈ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး ခေါင်းစဉ်အောက်မှာ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်။” ဆိုပြီး ဖော်ပြထားပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ ဆိုတာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က ဝန်ထမ်းတွေ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ စစ်ဗိုလ်ချုပ် တစ်ယောက်က တာဝန်ယူထားပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ကပဲ ဒီကနေ့ အချိန်ထိ ချုပ်ကိုင်ထားတယ်လို့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။ အလားတူ ဖွဲ့စည်းပုံ ပုဒ်မ ၂၈၉ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ခေါင်းစဉ် အောက်မှာတော့ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်။” ဆိုပြီးတော့ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် သမ္မတ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် နောက်ဆုံး ရပ်ကွက် ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူး အထိ ပြည်သူတွေ တိုက်ရိုက် ရွေးချယ်ခန့်အပ်နိုင်သူ တစ်ယောက်မှ မပါပါဘူး။ ဒါကြောင့် ဒီမိုကရေစီ မဆန်တဲ့ ဖွဲ့စည်းပုံ အဖြစ် ဝေဖန်ခံရတာ ဖြစ်ပါတယ်။ တစ်ခုတော့ တော်ပါသေးတယ်။ အရင် လွှတ်တော် လက်ထက်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြဌာန်းခဲ့ပြီး အဲဒီ ဥပဒေနဲ့အညီ အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ် ခန့်အပ်ခဲ့တဲ့ ကိစ္စပါ။

ဥပဒေနဲ့ အညီ ဆိုပေမယ့် အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ စနစ်ကို ရှုတ်ထွေးအောင် လုပ်ထားတာ၊ ပြည်သူတွေ နားမလည်တာ၊ ပါဝင်ခွင့် နည်းတာ၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ဝင်ရောက်စွက်ဖက်ဖို့ အခြေအနေ ပေးထားတာ စတဲ့ စတဲ့ အကြောင်းကြောင်းတွေကြောင့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အတော်များများဟာ တကယ်နေထိုင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ညီညွတ်တဲ့ လူမျိုးတွေ မဖြစ်ခဲ့ပါဘူး။ ဒါတင်မက သမ္မတ ဦးသိန်းစိန် အစိုးရဟာ သူတို့ အစိုးရ သက်တမ်းမကုန်မီ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ နောက်တစ်ကြိမ် တက်သုတ်ရိုက် ကျင်းပစေခဲ့ပါသေးတယ်။

ဒီလိုနဲ့ ၂၀၁၆ ဧပြီ အင်န်အယ်လ်ဒီ အစိုးရ တက်လာချိန်တိုင်အောင် ခရိုင်၊ မြို့နယ် နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဆိုတာ ပြည်ထဲရေးက တစ်နည်းပြောရရင် တပ်မတော်က သြဇာညောင်းတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံသဏ္ဍာန်မျိုး ဆက်ဖြစ်နေစေခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီ ဟာ သမ္မတ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ခန့်အပ် တာဝန်ပေး နိုင်ခဲ့ပေမယ့် တကယ့်တကယ် အောက်ခြေ ခရိုင်၊ မြို့နယ် နဲ့ ရပ်/ကျေးတွေကို သြဇာ မညောင်းပဲ တပ်မတော်ကပဲ တကယ့် အုပ်ချုပ်ရေးကို ဆက်ချုပ်ကိုင်နေတဲ့ အနေအထားကို ရောက်ရှိစေတာ ဒီနေ့ အထိပါပဲ။ ဒါကြောင့်လည်း တိုင်းပြည်မှာ အင်န်အယ်လ်ဒီ အစိုးရ တက်လာပေမယ့် တကယ့် အုပ်ချုပ်ရေးကတော့ တပ်မတော် လက်ထဲမှာပဲ ဆိုပြီး ဝေဖန်မှု ရှိနေခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည် တစ်ပြည်မှာ အောက်ခြေ အုပ်ချုပ်ရေးမှူးတွေရဲ့ အခန်းကဏ္ဍ အလွန်အရေးကြီးတယ် ဆိုတာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အင်န်အယ်လ်ဒီ ပါတီ လေးလေးနက်နက် နားလည်ပုံရပါတယ်။ ဒါကြောင့်ပဲ ၂၀၁၆ နှစ်ကုန်မှာ ရပ်/ကျေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်ပါတယ်။ ပြင်ဆင်ချက်ထဲမှာ အိမ်ထောင်စုတစ်ရဲ့ အိမ်ထောင်ဦးစီး၊ ဒါမှမဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးသူ ကိုယ်စားလှယ် တစ်ယောက် မဲပေးခွင့်ရတဲ့ စနစ် ဖြစ်လာပါတယ်။ အရင်ဥပဒေ တုန်းကထက် ပြည်သူ့ဆန္ဒ ပိုပြီး ထင်ဟပ်နိုင်တဲ့ စနစ်မျိုးပါ။ ဒါ့အပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းကို သမ္မတ သက်တမ်း အတိုင်းဖြစ်ရမယ်လို့ ပြင်ဆင်ထားတဲ့အတွက် အခု သမ္မတ လက်ထက်မှာ ဥပဒေနဲ့ အညီ ရွေးချယ်ပွဲ ပြန်လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒီရွေးချယ်ပွဲ တွေကို အချိန် လေးလ အတွင်း တစ်နိုင်ငံလုံးမှာ ကျင်းပကြမှာ ဖြစ်ပါတယ်။ အခု ကျင်းပမယ့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ ပြည်သူတွေ စိတ်ဝင်စားပြီး တက်တက်ကြွကြွ ပါဝင် ရွေးချယ်ကြမယ် ဆိုရင် တကယ့် ရပ်ရွာအကျိုးကို သယ်ပိုးမယ့် အုပ်ချုပ်ရေးမှူးကောင်းတွေကို ခန့်အပ်နိုင်ပြီး တိုင်းပြည် တည်ဆောက်ရေး အတွက် တစ်တပ်တစ်အား ဖြစ်စေပါလိမ့်မယ်။ ဒီလို ခန့်အပ်နိုင်ခြင်းဟာ အင်န်အယ်လ်ဒီ အစိုးရက သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားဖြည့်ပေးရာလည်း ရောက်ပါစေလိမ့်မယ်။

အောက်ခြေ ရပ်/ကျေး ရွေးချယ်ပွဲတွေနဲ့ ပတ်သက်ရင် ဒီထက် ပို မျှော်မှန်းဖို့ မဖြစ်နိုင်သေးပါဘူး။ အကြောင်းကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာကိုက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ဒီမိုကရေစီ စနစ်နဲ့အညီ ပြည်သူတွေက မဲပေးရွေးချယ်ဖို့ ပြဌာန်းထားတာ မရှိပဲ ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို အထက်က ခန့်အပ်ဖို့ ဆိုတာလောက် ဖော်ပြထားလို့ပါပဲ။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အတွက် အောက်ခြေ အုပ်ချုပ်ရေးမှူးတွေနဲ့ အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်သူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် နောင် ဖွဲ့စည်းပုံ ပြင်ရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်မှုနဲ့ ဆိုင်တဲ့ ပုဒ်မ ၂၈၉ ကိုလည်း မလွဲမသွေ ပြင်ဆင်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးပွဲ၊ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးသလဲ