ရခိုင်ပြဿနာ နိုင်ငံတကာ ဖိအားတွေကို ရှောင်လွဲှနိုင်ဖို့ လမ်းစ ရှိသေးရဲ့လား

လုံခြုံရေးကောင်အဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ရဟတ်ယာဉ်ပေါ်မှာ ရိုက်ယူခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာရွာတွေ မီးရှို့ဖျက်စီးခံထားရပုံ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက ကုလသမဂ္ဂဆိုင်ရာ အမြဲတန်းကိုယ်စားလှယ်နဲ့ အခြား ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး အစိုးရ၊ တပ်မတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ၊ ဘင်္ဂလားဒေ့ရှ် ဘက်ကို လူပေါင်း ၆ သိန်းကျော် ထွက်ပြေးမှုကြီး ဖြစ်ပေါ်စေခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသဘက် သွားရောက် လေ့လာတာ လုပ်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြဿနာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်အထိ ရောက်သွားပြီ ဆိုတာကို အတည်ပြုရာ ရောက်သလို၊ အဲဒီ အခြေအနေကို မြန်မာနိုင်ငံ အစိုးရဘက်ကလည်း လက်ခံလိုက်ပြီ ဆိုတဲ့ သဘော သက်ရောက်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ အချက်တစ်ခုကတော့ သိပ်မကြာခင် မုတ်သုန် မိုးရာသီ ဝင်ရောက်လာတော့မှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေဘက်ကို ရောက်နေတဲ့ မူဆလင်တွေ အတိဒုက္ခရောက်နိုင်တယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်နေကြတဲ့ အချိန်လည်း ဖြစ်နေပါတယ်။ ဒီ ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စ မြန်မာအစိုးရ ဖြေရှင်းနိုင်မှာလား၊ နိုင်ငံတကာရဲ့ ဖိအားတွေကို ရှောင်လွဲှနိုင်မှာလား ဆိုတာ လေ့လာဆန်းစစ်ကြည့်ကြရအောင်ပါ။

မြန်မာနိုင်ငံကို လာသွားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေက ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး အဓိက ထောက်ပြသွားတဲ့ အချက်က မြန်မာဘက်က လက်ခံပေးနိုင်တယ် ဆိုတဲ့ အရည်အတွက် ကိစ္စပါ။ ထုံးစံအတိုင်း မြန်မာအစိုးရဟာ ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေကို ဒုက္ခသည်တွေကို ပြန်လက်ခံမယ့် ငါးခူရ နဲ့ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း၊ ဒုက္ခသည်တွေကို ယာယီ ထားမယ် ဆိုပြီး ဆောက်ထားတဲ့ လှဖိုးခေါင် ကြားစခန်းတွေ လိုက်ပြခဲ့ကြပါတယ်။ အစိုးရ တာဝန်ရှိသူတွေ ရှင်းပြချက်အရ လက်ခံရေး စခန်းနှစ်ခုဟာ တရက်ကို ပြန်ဝင်လာမယ့် ဒုက္ခသည် ၃၀၀ လောက် စိစစ်လက်ခံနိုင်တယ် လို့ ဆိုထားပါတယ်။ အဲဒီ စခန်းတွေဟာ အစိုးရ ရုံးဖွင့်ရက်တွေ အတိုင်းသာ အလုပ်လုပ်ရင် တပတ်ကို လူ ၁၅၀၀၊ တလကို လူ ၆၀၀၀ ကျော်၊ အင်ပြည့် အားပြည့် ဆောင်ရွက်မှ တနှစ်လုံးနေမှ လူ ၇၀၀၀၀ ကျော်လောက်ပဲ လက်ခံနိုင်မယ့် အနေအထားမျိုးပါ။

နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်ကတော့ ပြီးခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူ ၆ သိန်းကျော် ၇ သိန်းနီးပါး ရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာဘက် တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ပြောတာကတော့ မောင်တောခရိုင်မှာ မူဆလင် တစ်သန်းကျော် ရှိတဲ့အနက် ၅၃၅၀၀၀ ကျော် ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ ဒါဟာ မူဆလင် အရည်အတွက်ရဲ့ ၅၃%ဖြစ်တာမို့ အလွန်များတဲ့ အရည်အတွက်ပါ။ အဲဒီ အရည်အတွက်နဲ့ နှိုင်းယှဉ်ရင် လက်ရှိ မြန်မာဘက်က ပြန်လက်ခံမယ့် တရက် လူ အယောက် ၃၀၀ လောက်ဆိုတာ အတော်လေးကို နည်းတဲ့ အရည်အတွက် ဖြစ်နေတယ်၊ ဒါကြောင့် မြန်မာအစိုးရဟာ ထွက်ပြေးသွားတဲ့ မူဆလင်တွေကို ပြန်လက်ခံရေး ဆောင်ရွက်မှုဟာ လုံလောက်မှု မရှိဘူး၊ စိတ်ပါလက်ပါ ရှိပုံ မရဘူး ဆိုပြီး ကိုယ်စားလှယ် အဖွဲ့ဝင် တချို့က ဝေဖန်ပြောဆိုကြပါတယ်။

တကယ်တော့ ကုလ လုံခြုံးရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်တွေ ထောက်ပြချက် မှားတယ်လို့ မဆိုနိုင်ပါဘူး။ အကြောင်းကတော့ မြန်မာအစိုးရဟာ ထွက်ပြေးသွားတဲ့ ၅-၆ သိန်းကျော် ရှိတဲ့ မူဆလင်တွေကို ပြန်လက်ခံမယ် ဆိုရင် ဒီထက်ပို ဆောင်ရွက်သင့်ပါတယ်။ ဒါက လက်ခံမယ့် အရည်အတွက်ဆိုင်ရာ ပြသနာပါ။ ဒုက္ခသည် ပြန်လက်ခံရေး နောက်ထပ် ပြသနာတွေလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ဘင်္ဂလားဒေ့ရှ် ဘက် ရောက်သွားတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ အကျယ်ချုပ်လို ပုံစံမျိုးနဲ့ ဆင်တူတဲ့ ကြားစခန်း တခုခုမှာ နေလိုခြင်း မရှိတာပါ။ လက်ရှိ မြန်မာအစိုးရရဲ့ အစီအစဉ်မှာ ပြန်လာသူတွေကို လက်ခံရေး စခန်းနှစ်ခုက စိစစ်မယ်၊ ပြီးတာနဲ့ လှဖိုးခေါင် ကြားစခန်းမှာ ယာယီ ထားမယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်း ကြားစခန်းမှာ ထားမယ် ဆိုတဲ့ ကိစ္စ ဝေဖန်သံများလာတော့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD တာဝန်ခံ ဒေါက်တာဝင်းမြတ်အေး က ဒုက္ခသည်တွေကို ကြားစခန်းမှာ အကြာကြီးမထားဘူး၊ အလွန်ဆုံး တလလောက်ပဲ ထားမယ် ဆိုပြီး ထုတ်ပြောရတဲ့ အခြေအနေ ဆိုက်ခဲ့ပါတယ်။

ဒါပေမယ့် တကယ့်တကယ် မြေပြင်က အခြေအနေမှာတော့ အဲဒီထက် ခက်ခဲတာ အများကြီး ရှိနေပါတယ်။ ပြသနာကတော့ ပြန်ရောက်လာတဲ့ ဒုက္ခသည်တွေကို ကြားစခန်းမှာ တလ လောက်ထားပြီးရင် ဘယ်နေရာမှာ ပြန်ပြီး နေရာချထားပေးမလဲ ဆိုတာပါ။ ၂၀၁၇ သြဂုတ်လ ၂၅ရက် အကြမ်းဖက် ဖြစ်စဉ် နောက်ပိုင်း မောင်တောမြို့နယ် တခုတည်းမှာပဲ မူဆလင် နေအိမ် ၃၃၀၀၀ ကျော်၊ တစ်နည်းအားဖြင့် ၆၅% မီးရှို့ခံရပါတယ်။ ဘူးသီးတောင်ဘက်မှာတော့ အိမ်ခြေ ၂၆၀၀ကျော်၊ ၉ % ပျက်စီးသွားပါတယ်။ မောင်တော ခရိုင်တစ်ခုလုံးဆိုရင် မူဆလင် အိမ်ခြေ စုစုပေါင်းရဲ့ ၄၅%နဲ့ ညီမျှတဲ့ အိမ်ခြေ ၃၅၆၀၀ ကျော် မီးလောင်သွားပါတယ်။ အခု မူဆလင်တွေ ပြန်လာမယ် ဆိုရင် အဲဒီမီးလောင်သွားတဲ့ အိမ်တွေ အတွက် တလုံးမှ ပြန်မဆောက်ရသေးပါဘူး။ အခုနောက်ပိုင်း အစိုးရဟာ မီးလောင်သွားတဲ့ နေအိမ်၊ အိမ်ယာတွေရှိရာ ကျေးရွာတွေကို ရှင်းလင်းနေတာ အတော်လေး ခရီးရောက်နေပါပြီ။ သစ်ပင်စုစုလေးတွေနဲ့ ရှိနေတတ်တဲ့ မီးလောင်ပြင် ကျေးရွာတွေက သစ်ပင်တွေကို ခုတ်လှဲပစ်တာ အပါအဝင် အားလုံးကို ရှင်းလင်းပြီး နောက်ပိုင်း ဘူဒူဇာနဲ့ထိုး မြေညှိတာမျိုး လုပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရခိုင်တည်ဆောက်ရေး တာဝန်ရှိတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကတော့ နေအိမ်တွေကို စနစ်တကျ ပြန်လည် နေရာချထားဖို့ ရှင်းလင်းမှုတွေ လုပ်ရတာလို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ် တာဝန်ရှိသူတွေ ပြောတာကတော့ ပြန်ဝင်လာမယ့် မူဆလင်တွေကို သူတို့ကျေးရွာ၊ ဒါမှမဟုတ် အနီးအနားမှာ နေရာချထားပေးမှာ မဟုတ်၊ နေရာချထားပေးသင့်တဲ့ သီးသန့် သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ ပြန်နေရာချထားပေးမယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ မူဆလင်တွေ ပြန်လာရင် သူတို့ ကျေးရွာ တည်ရှိခဲ့တယ် ဆိုတဲ့ နေရာတွေကိုတောင် မှတ်မိတော့မှာ မဟုတ်ပဲ သီးခြားနေရာချထားပေးတဲ့ နေရာတွေမှာပဲ နေရမယ် ဆိုတဲ့ သဘောပါ။ လက်ရှိ လမ်းသစ်ဖွင့်ပွဲ လုပ်ခဲ့တဲ့ အငူမော်- မောင်တော ကားလမ်း တလျောက်လုံးမှာ ၂၀၁၇ သြဂုတ်လ မတိုင်ခင်က ရှိခဲ့တဲ့ မူဆလင် ကျေးရွာ တစ်ရွာမှ မရှိတော့ပဲ ပြောင်သလင်းခါနေတာကို ကြည့်ရင် အဲဒီ ပြသနာ အတိမ်အနက်ကို နားလည်နိုင်ပါတယ်။ အဲလို အခြေအနေမျိုးကို ကိုယ်နေထိုင်ရာ ကျေးရွာတွေမှာပဲ ပြန်နေထိုင်ချင်တယ်လို့ တောင်းဆိုနေတဲ့ မူဆလင်ဒုက္ခသည်တွေဘက်က လက်ခံနိုင်မလား ဆိုတဲ့ ပြသနာကြီးက ရှိနေပါတယ်။

မကြာခင် မုတ်သုန် မိုးရာသီ ဝင်ရောက်လာမယ် ဆိုတဲ့ ပြသနာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းတွေကိုပဲ ထိခိုက်စေမှာ မဟုတ်၊ တကယ်လို့ မြန်မာဘက်က ပြန်လည် နေရာချထားရေး လုပ်ဖြစ်ခဲ့ရင်လည်း အဲဒီ ပြသနာကြီးကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီ ၅-၆ သိန်းလောက်ရှိတဲ့ ဒုက္ခသည်တွေ လက်ခံရေးကိစ္စ မြန်မာတနိုင်ငံတည်း ရဲ့ အင်အားနဲ့ လုပ်ဖို့ မဖြစ်နိုင်ဘူး၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေလို၊ နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းတွေလိုမျိုးနဲ့ ပူးပေါင်းပြီး မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ပါမှ၊ ဒုက္ခသည် လက်ခံရေးကို တကယ် စိတ်ပါလက်ပါ လက်တွေ့ကျကျ ဆောင်ရွက်ပါမှ နောက်ထပ် လာနိုင်တဲ့ နိုင်ငံတကာရဲ့ ပိုပြီး ကြီးမားတဲ့ ဖိအားတွေကနေ ရှောင်လွဲှနိုင်မှာ ဖြစ်ကြောင်းပါ။

Your browser doesn’t support HTML5

ရခိုင်ပြဿနာ နိုင်ငံတကာ ဖိအားတွေကို ရှောင်လွဲှနိုင်ဖို့ လမ်းစ ရှိသေးရဲ့လား