လက်နက်ကိုင် ၃ ဖွဲ့ကြေငြာချက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဘယ်လောက် အရေးပါသလဲ

နေပြည်တော် လေဆိပ်ကို ရောက်ရှိလာတဲ့ ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်လာတဲ့ UWSP/UWSA ၊ KIO/KIA ၊ ULA/AA ၊ PSLF/TNLA ၊ MNTJP/MNDAA ၊ SSPP/SSA ၊ PSC/NDAA အဖွဲ့များ (မေလ ၂၃၊ ၂၀၁၇)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ကိုးကန့်၊ တအာန်းပလောင်နဲ့ ရခိုင် AA တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့က ကြေငြာချက် တစ်ခု ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ရဲ့ အဓိက အကြောင်းအရာကတော့ သူတို့ အဖွဲ့တွေ အနေနဲ့ စစ်ရေးဆောင်ရွက်မှုတွေကို အရင် ရပ်တန့်ပြီး စစ်ရေး နည်းလမ်းမှ အပ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ် ဆိုတဲ့ ထုတ်ပြန်ချက်ပါ။ အဲဒီ ထုတ်ပြန်ချက် ထုတ်တဲ့ တစ်ရက်တည်းမှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်က ကြေငြာချက် တစ်ရပ် ထုတ်ပြန်ပါတယ်။ လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ကြေငြာချက်ကို ကြိုဆို ထောက်ခံကြောင်းနဲ့ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် Bilateral Ceasefire Agreement ရရှိရေးကိစ္စ ဆက်ပြီး ညှိနှိုင်းသွားမယ်လို့ ဖော်ပြထားပါတယ်။ အလားတူ အဲဒီ ထုတ်ပြန်ချက် နှစ်စောင်နဲ့ ပတ်သက်ပြီး နောက်တစ်ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးကလည်း ကြိုဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို တတ်နိုင်သမျှ ကူညီသွားမယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ လတ်တလော မြန်မာ့တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ရဲ့ အဲဒီ ကြေငြာချက်ဟာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

နောက်ကြောင်းကို ပြန်ကောက်ကြည့်လိုက်ရင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ကိုးကန့်၊ တအာန်းပလောင်နဲ့ ရခိုင် AA လက်နက်ကိုင် ၃ ဖွဲ့ပါဝင်ရေးဟာ ကြီးမားတဲ့ အခက်အခဲ တစ်ခု ဖြစ်ခဲ့ပါတယ်။ KIA ကချင် လက်နက်ကိုင်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တစ်ချို့က NCA စာချုပ် လက်မှတ်ထိုးရာမှာ အဲဒီ (၃) ဖွဲ့စလုံးကို အသိအမှတ်ပြု ပါဝင် လက်မှတ်ထိုးခွင့် ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန် အစိုးရနဲ့ တပ်မတော်ဘက်က လက်နက်ကိုင် ၃ ဖွဲ့ကို အသိအမှတ် မပြုပါဘူး။ သူတို့ အကြောင်းပြချက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်ချိန်မှာ အဲဒီ အဖွဲ့တွေ ပေါ်ပေါက်သေးခြင်း မရှိတာ၊ ကိုးကန့်လို အဖွဲ့မျိုးရဲ့ ၂၀၁၅ တိုက်ခိုက်မှုဟာ မြန်မာ့အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ မှတ်ယူတာ၊ စတဲ့ အကြောင်းပြချက်တွေနဲ့ ချန်လှပ် ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်ပြီး နောက်ပိုင်း ပြေလည်မှုတွေ ရလာမယ် ဆိုရင် NCA စာချုပ်ထဲ ပါဝင်လက်မှတ်ရေးထိုးနိုင်တာပဲ ဆိုပြီး အဖြေပေးခဲ့ပါတယ်။ အဲလို သဘောတူညီမှုတွေ မရခဲ့တာကြောင့်လဲ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တစ်ချို့ NCA စာချုပ်ထဲ မပါဝင်တော့ပဲ KNU ကရင် လက်နက်ကိုင် အဖွဲ့အပါအဝင် (၈) ဖွဲ့ပဲ လက်မှတ်ထိုးတဲ့ အနေအထား ရောက်စေခဲ့ပါတယ်။

နောက်ပိုင်း အစိုးရနဲ့ တပ်မတော်ဘက်က လက်နက်ကိုင် ၃ ဖွဲ့ကို သူတို့ အနေနဲ့ လက်နက်ကိုင် တိုက်ပွဲ လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ကြေငြာပေးရမယ်၊ သူတို့ တပ်ဖွဲ့တွေကို သူတို့ အခြေစိုက်ရာ နယ်မြေက ဥပမာအားဖြင့် KIA လို အဖွဲ့မျိုးက အာမခံချက်ပေးရမယ်၊ အဲဒါဆိုရင် NCA မှာ ပါဝင်ခွင့်ပေးနိုင်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင် ၃ ဖွဲ့က လက်မခံခဲ့ပါဘူး။

အစိုးရနဲ့ တပ်မတော်ဘက်က နောက်တစ်ဆင့် ထပ်လျော့ပါတယ်။ အခြား လက်နက်ကိုင် တပ်ဖွဲ့တွေက အာမခံချက် ပေးစရာ မလို၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပါပြီလို့ ကြေငြာရုံနဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး NCA လမ်းကြောင်းပေါ် ရောက်လာနိုင်တယ်လို့ ကမ်းလှမ်းပါတယ်။ အဲဒီမှာလည်း ထုတ်ပြန်ချက်ထဲ ထည့်ရမယ့် စကားလုံးတွေ ညှိနှိုင်းမရတာကြောင့် နောက်ပိုင်း အစိုးရနဲ့ အဲဒီ လက်နက်ကိုင် သုံးဖွဲ့ ညှိနှိုင်းမှုတွေ မရှိတော့ပဲ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

နောက်ပိုင်း ဖြစ်ထွန်းမှုတွေမှာတော့ အဲဒီ လက်နက်ကိုင် ၃ ဖွဲ့ဟာ ဝ၊ ကချင် တပ်ဖွဲ့တွေပါဝင်တဲ့ FPNCC လို့ခေါ်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့နဲ့ ပူးပေါင်းသွားပါတယ်။ အဲဒီအဖွဲ့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှုတွေကို သူတို့ တပ်ပေါင်းစုနဲ့ လုပ်ဖို့ အစိုးရဘက် ကမ်းလှမ်းပါတယ်။ ဒါပေမယ့် အစိုးရဘက်က အဲဒီ ကမ်းလှမ်းချက် လက်မခံပဲ ဝ၊ မိုင်းလား အပါအဝင် တစ်ဖွဲ့ချင်းစီနဲ့ပဲ တွေ့ဆုံဆွေးနွေးတာ လုပ်ပါတယ်။ နောက်ပိုင်း အစိုးရ၊ တပ်မတော်ဘက်က တောင်းဆိုမှု၊ တရုတ်နိုင်ငံဘက်က ဖိအားပေးမှု၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကလည်း လက်ခံမှုတွေကြားမှာ ဒုဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦး ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ လက်နက်ကိုင် သုံးဖွဲ့ တရုတ်နိုင်ငံ ခွင်းမင်မြို့မှာ အလွတ်သဘော ဆွေးနွေးမှုတွေ ပြန်ပြီး ပေါ်ပေါက်ခဲ့ပါတယ်။ နောက်ဆုံး နှစ်ဖက် ညှိနှိုင်းပြီး အခု ထုတ်ပြန်တဲ့ ကြေငြာချက် ထုတ်လာနိုင်တာ ဖြစ်ပါတယ်။

နှစ်ဖက် ထုတ်ပြန်ချက်တွေကြည့်လိုက်ရင် အစိုးရနဲ့ တပ်မတော်ဘက်က လိုလားတဲ့ ကြေငြာချက် တစ်စောင်ကို လက်နက်ကိုင် ၃ ဖွဲ့က ထုတ်ပြန်ပေးပြီးပြီမို့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးကိစ္စ ဆက်ဆွေးနွေးဖို့ လမ်းပွင့်သွားပါပြီ။ အဆင်ပြေရင် ၃ ဖွဲ့စလုံး NCA စာချုပ်ထဲ ပါဝင် လက်မှတ်ရေးထိုးတဲ့ အဆင့် ရောက်လာနိုင်တာမို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထူးခြားတဲ့ တိုးတက်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အခြား ပြသနာတွေ အများကြီး ဖြေရှင်းဖို့ ကျန်နေပါသေးတယ်။ အထူးသဖြင့် ဒီ ၃ ဖွဲ့ဟာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့လို့ ဆိုနိုင်တဲ့ အုပ်စုနဲ့ အလွန်ရင်းနှီးတဲ့ အဖွဲ့တွေ ဖြစ်လေတော့ အင်အားကြီးတဲ့ ၀ လို ကချင်လို အဖွဲ့တွေ မပါပဲ သူတို့ဖာသာ သူတို့ NCA ကို လက်မှတ်ထိုးကြပါ့မလား ဆိုတာကလည်း စဉ်းစားစရာပါ။ နောက်ထပ် စဉ်းစားစရာတစ်ခုက အစိုးရနဲ့ တပ်မတော်ဘက်က မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေအားလုံး NCA ထဲ ပါဝင် လက်မှတ်ရေးထိုးရေး လိုလားနေသလို၊ တရုတ်နိုင်ငံဘက်ကလည်း NCA လက်မှတ်ထိုးဖို့ ဖိအားပေးမှုတွေ ရှိနေတဲ့ ကိစ္စပါ။ အဲဒီဘက်ကကြည့်ရင်တော့ တရုတ်သြဇာနဲ့ ဘယ်လိုမှ မကင်းနိုင်တဲ့ နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေဟာ အခြား ရွေးချယ်စရာ မရှိတော့ရင် NCA လမ်းကြောင်းပေါ် ရောက်ကောင်း ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း ငြိမ်းချမ်းရေး အတွက် အဖြေမဟုတ်သေးဘူး ဆိုတာ လတ်တလော NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော် ဆက်ဆံရေး အခြေအနေကို ကြည့်ရင် သိနိုင်ပါတယ်။

ပြီးခဲ့တဲ့ နေပြည်တော် ထိပ်သီးအစည်းအဝေးပွဲ အပြီး အခြေအနေကို ကြည့်လိုက်ရင် NCA ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တပ်မတော် ဆက်ဆံရေး အဆင်မပြေ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်လာတာကိုပါ မြင်တွေ့နိုင်ပါတယ်။ KNU ကရင် လက်နက်ကိုင်အဖွဲ့ဟာ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို သပိတ်မှောက်ထားသလို၊ RCSS/SSA ရှမ်းတပ်ဖွဲ့ကလည်း အပစ်ရပ် စောင့်ကြည့်တဲ့ JMC လုပ်ငန်းစဉ်ထဲ ပါဝင်တာကနေ ဘေးထွက်နေပါတယ်။ မြွေပူရာ ကင်းမှောင့် ဆိုသလိုပဲ NCA လက်မှတ်ထိုးထားတဲ့ ကျောင်းသားတပ်မတော် ABSDF က တပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ အရပ်သား တစ်ယောက် ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဖမ်းဆီး ထိမ်းသိမ်းခံရတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာပြန်ပါတယ်။ ABSDF အတွက် ပိုပြီး ခံပြင်းစရာ ကောင်းတာက ဖမ်းဆီးခံရသူ ရဲဘော်အောင်ဆွေဦးဟာ အစိုးရနဲ့ အပစ်ရပ်စာချုပ်ကို ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူတွေထဲက တစ်ယောက် ဖြစ်နေတာပါ။

ဒီ ပြသနာတွေကြောင့်ပဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသလို ဖြစ်နေပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးကလည်း မသေခြာ မရေရာပြန်ပါဘူး။ တကယ်တော့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NCA စာချုပ်တစ်ခု ပေါ်ပေါက်လာတာ၊ ဆွေးနွေးဖက်တွေလို့ အသိအမှတ်မပြုရာကနေ အသိအမှတ်ပြုလာတာမျိုးဟာ တိုးတက်မှု မှတ်တိုင်တွေလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်ဖို့ ဆိုတာကတော့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခင်းအကျင်းကို သုံးသပ် ကြည့်ရင် ခရီးအဝေးကြီး လိုနေသေးပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

လက်နက်ကိုင် ၃ ဖွဲ့ကြေငြာချက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဘယ်လောက် အရေးပါသလဲ