အခုဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက လုပ်ပေးတဲ့ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပ ပြီးသွားပါပြီ။ တိကျတဲ့ အဖြေရလာဒ်တော့ မထုတ်ပြန်သေးပါဘူး။ မြန်မာ- ထိုင်း နှစ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်သလို၊ ကုန်သွယ်ဖက် နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ဒါတင်မက မြန်မာ့တပ်မတော်နဲ့ ထိုင်းတပ်မတော် အတော်လေးကို ရင်းရင်းနှီးနှီး ရှိနေတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါတင်မက တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှု အတော်လေး များတာကိုလည်း နှစ်နိုင်ငံစလုံးမှာ မြင်တွေ့နိုင်ပါတယ်။ ၂၀၁၄ ခုနှစ် မေလ မှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ သူတို့ စီမံခန့်ခွဲ အုပ်ချုပ်ခဲ့တဲ့ ၅ နှစ်တာကာလ အတွင်း နောင် စစ်ဗိုလ်ချုပ် အဆက်ဆက်၊ ဒါမှမဟုတ် စစ်ဗိုလ်ချုပ်တွေက ထောက်ခံတဲ့သူပဲ တိုင်းပြည်အာဏာကို ဆက်ကာ ဆက်ကာ ရယူသွားနိုင်ဖို့ စီစဉ်ခဲ့ပုံကလည်း မြန်မာစစ်အာဏာရှင်တွေကို အတုယူခဲ့လေသလား ထင်မှတ်ရအောင် အတော်လေးကို ပုံစံ တူနေတာ တွေ့မြင်ရပါတယ်။ ခုတစ်ပတ် ထိုင်း-မြန်မာ စစ်ဗိုလ်ချုပ်တွေအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ကို အာဏာလွဲှမှုကြီး ၂ ကြိမ်ရှိခဲ့ပြီး ၁၉၆၂ ကနေ ၂၀၁၁ ခုနှစ်အထိ ရာစုနှစ် တစ်ဝက်နီးပါး ရှည်ကြာခဲ့ပါတယ်။ ဒီလို အနှစ် ၅၀ လောက် တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့ရုံမက နောင် ကာလကြာရှည် စစ်ဘုရင်မင်းဆက်လို အုပ်စိုးနိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ အတည်ပြု၊ ၂၀၁၁ ခုနှစ်မှာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ကို အာဏာ လွဲှသွားပေးခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ကြည့်ရင် သမ္မတ ရွေးချယ်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော်ထဲမှာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ထည့်သွင်းထားပါတယ်။ တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုး ပါတီ ဆိုတာကို အဆောက်အဦတွေ၊ ရုပ်ဝတ္တုတွေ တိုင်းပြည် ဘဏ္ဍာတွေနဲ့ ဖွဲ့စည်းပေးသွားပါတယ်။ သာမန် နိုင်ငံရေးပါတီ တစ်ခုခု၊ ဒါမှမဟုတ် မဟာမိတ် အုပ်စုတစ်စု အနေနဲ့ ရွေးကောက်ပွဲမှာ အမတ် အရည်အတွက် ၆၇ ရာခိုင်နှုန်းကျော်လောက် နိုင်ပါမှ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပေမယ့် ပြည်ခိုင်ဖြိုး၊ ဒါမှမဟုတ် မဟာမိတ် အဖွဲ့ကတော့ အမတ် အရည်အတွက် ၃၄ရာခိုင်နှုန်းလောက် နိုင်ရုံနဲ့ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အနေအထား ရောက်အောင် ဖန်တီးထားတာပါ။
ဒါတင်မက တပ်မတာ်ကာကွယ်ရေး ဦးစီးချုပ်ဟာ ဒုသမ္မတ တစ်ယောက် တင်နိုင်၊ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေး ဝန်ကြီး ၃ ယောက်ကိုလည်း ခန့်ခွင့်ရထားပါတယ်။ အခြအနေ တစ်ခုမှာ အဲဒီ ဒုသမ္မတဟာ ယာယီသမ္မတ တာဝန်ထမ်းဆောင်ခွင့်ရရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အကြောင်းတစ်စုံတစ်ခု ပြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီ အာဏာလွဲှပြောင်းခွင့်လည်း ရှိနေပါတယ်။ ဒါက မြန်မာစစ်အာဏာရှင်တွေ ဖန်တီးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ။
ထိုင်းတပ်မတော်ကတော့ မကြာခဏ အာဏာသိမ်းလေ့ ရှိတယ် ဆိုပြီး ကမ္ဘာမှာကို နာမည်ကြီးပါတယ်။ ဒါပေမယ့် သိပ်အကြာကြီး အာဏာရယူထားတာမျိုး မလုပ်ပဲ ရွေးကောက်ပွဲ ပြန်လုပ်ပေး၊ အာဏာ ပြန်လွဲှပေးလေ့ ရှိပါတယ်။ အခုနောက်ဆုံး ၂၀၁၄ အာဏာသိမ်းအပြီးမှာတော့ အဲဒီ လုပ်ပုံကိုင်ပုံ အစား မြန်မာစစ်အာဏာရှင်တွေ လုပ်ခဲ့တာကို အတုယူပြီး အာဏာကို ရေရှည်ရယူသွားဖို့ ရည်ရွယ်ချက် ပြောင်းလိုက်ပုံ ရပါတယ်။
ထိုင်း စစ်ဗိုလ်ချုပ်တွေ စိတ်ကြိုက်ရေးဆွဲပြီး အတည်ပြုပြဌာန်းထားတဲ့ ၂၀၁၇ ဖွဲ့စည်းပုံ အသစ်မှာ လွှတ်တော် ၂ ရပ်ရှိပါတယ်။ အောက်လွှတ်တော်မှာ အမတ် ၅၀၀ ရှိပြီး ရွေးကောက်ခံတွေနဲ့ ဖွဲ့စည်းပါမယ်။ အထက်လွှတ်တော်မှာတော့ အမတ် ၂၅၀ ရှိပြီး စစ်ကောင်စီက စိတ်ကြိုက်ခန့်အပ်ပါတယ်။ အဲဒီ လွှတ်တော် နှစ်ရပ်ပေါင်း အမတ် ၇၅၀ က ဝန်ကြီးချုပ်ကို ရွေးချယ်ပါမယ်။ အဓိပ္ပါယ်ကတော့ ရိုးရိုး နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ ရွေးကောက်ပွဲမှာ အမတ် ၃၇၆ ယောက် နိုင်မှ၊ တစ်နည်း ၇၆ ရာခိုင်နှုန်းလောက် နိုင်မှ အစိုးရဖွဲ့နိုင်မယ့် အနေအထားမျိုးပါ။ စစ်တပ်က ထောင်ထားတဲ့ပါတီ၊ ဒါမှမဟုတ် စစ်တပ်က ထောက်ခံတဲ့ ပါတီ ဆိုရင်တော့ ၂၆ ရာခိုင်နှုန်းလောက် အနိုင်ရရုံနဲ့ အစိုးရဖွဲ့ခွင့် ရသွားနိုင်မယ့် အနေအထားပါ။
မြန်မာထက် ပိုပြီး ဆိုးတာက ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာ ၅၀၀ လုံးအတွက် မဲပေးရတာမျိုး မဟုတ်ပြန်ပါဘူး။ အမတ် ၃၅၀ အတွက်ပဲ တိုက်ရိုက် မဲပေးကြရပါတယ်။ ကျန် အမတ်နေရာ ၁၅၀ အတွက်ကိုတော့ ပါတီ တစ်ခုချင်းစီအလိုက် ရတဲ့ မဲအရေအတွက်အပေါ် မူတည်ပြီး အမတ်နေရာ ပြန် ခွဲဝေပေးတဲ့ PR လို့ ခေါ်တဲ့ Proportional Representation စနစ်ကို ကျင့်သုံးပါတယ်။ ပြောရရင် အရင် သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် သက်တမ်းကာလ တုန်းက ရွေးကောက်ပွဲတွေမှာ အဲလို PR စနစ် ကျင့်သုံးဖို့ ပြည်ခိုင်ဖြိုးဘက်က အဆိုပြု တင်ပြခဲ့ဖူးပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ မဲဆန္ဒ တစ်နယ်စီကို အမတ်ဘယ်လောက် ဖြစ်ဖြစ် ဝင်ပြိုင်၊ မဲအများဆုံးရတဲ့သူ နိုင်တဲ့၊ “နိုင်သူ အကုန်ယူ” စနစ်နဲ့ ယှဉ်ရင် ပြည်ခိုင်ဖြိုးပါတီလိုမျိုးဟာ လွှတ်တော်မှာ အမတ်နေရာ အများကြီး ပိုရနိုင်တဲ့အတွက် အဲဒီစနစ် ပြောင်းလဲဖို့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ ရင်းနှီးပြီးဖြစ်တဲ့ သူရဦးရွှေမန်းကြောင့် အဲဒီ PR စနစ် အကောင်အထည် မဖော်ဖြစ်ခဲ့တာပါ။
အာဏာသိမ်း ထိုင်းစစ်အစိုးရဟာ အရင် သူတို့ဖွဲ့စည်းပုံမှာပါတဲ့ ရွေးကောက်ခံကိုသာ ဝန်ကြီးချုပ် တင်မြှောက်ခွင့်ရှိတယ် ဆိုတာကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ရွေးကောက်ခံ ဖြစ်ဖြစ် ဘယ်သူ ဖြစ်ဖြစ် အမတ်တွေ ရွေးချယ်တဲ့ မဲအလုံအလောက်ရရင် ဝန်ကြီးချုပ် ဖြစ်နိုင်ပါတယ်။ လက်ရှိ အာဏာသိမ်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ ဟာ ရွေးကောက်ပွဲ မဝင်ပါဘူး။ ဒါကြောင့် သူဟာ အရင် ထိုင်းဝန်ကြီးချုပ်တွေလို ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ် ဖြစ်ဖို့ မလိုပါဘူး။ ဒါကြောင့် သူတို့ စစ်အုပ်စုက ကျောထောက်နောက်ခံ ပေးထားတဲ့ ဖလန်းပချားရတ် ပါတီ နဲ့ အခြား ပါတီနှစ်ခုက သူတို့အနိုင်ရရင် ပရာယွတ်ကို ဝန်ကြီးချုပ် အဖြစ် တင်မယ်လို့ ကြေငြာထားပြီလည်း ဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းရွေးကောက်ပွဲပြီးလု့ိ မဲစာရင်း တစ်ချို့လည်း ထွက်လာပါပြီ။ ထူးခြားတာ တစ်ခုက အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် တည်ထောင်ခဲ့တဲ့ ဖုရာထိုင်းပါတီက အမတ်နေရာ အများဆုံးရနေပြီး လက်ရှိ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ကို ဝန်ကြီးချုပ်တင်မယ့် ဖလန်းပချားရတ် ပါတီ ကတော့ မဲအရေအတွက် အများဆုံး ရထားတယ်လို့ ဆိုပါတယ်။ သိပ်မကြာခင် အမတ်အများဆုံးရထားတဲ့ ဖုရာထိုင်းပါတီဟာ အခြား ပါတီတွေနဲ့ပေါင်း၊ မဟာမိတ်ဖွဲ့ပြီး သူတို့ အုပ်စုဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ မှာ သူတို့က ၂၅၀ ကျော်ရထားပြီးပြီ၊ ဒါကြောင့် သူတို့အုပ်စု အနေနဲ့ အစိုးရဖွဲ့နိုင်တယ် ဆိုပြီး ပြောဆိုခဲ့သလို၊ မဲ ၈ ဒသမ ၄ သန်းရထားတဲ့ ဖလန်းပချားရတ် ပါတီကလည်း သူတို့ပါတီ အစိုးရဖွဲ့နိုင်မယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ထိုင်းစစ်တပ်ဟာ တစ်စိတ်တစ်ပိုင်းပဲ လုပ်တဲ့ ရွေးကောက်ပွဲကနေ သူတို့ စစ်ဗိုလ်ချုပ်တွေ အာဏာ ဆက်ပြီးရလာအောင် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အရင် မြန်မာ စစ်အာဏာရှင်တွေရဲ့ လုပ်ပုံကိုင်ပုံကို အများကြီး အတုယူခဲ့တယ်လို့ယူဆရရုံမက ၂၀၀၈ ဖွဲ့စည်းပုံထက် ပိုပြီး သေခြာအောင် ဖန်တီးထားခဲ့ပုံရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5