Right to Recall ဥပဒေ ဘာကြောင့် မပြဌာန်းရသေးတာလဲ

ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲကျင်းပနေစဉ်

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီ အမတ် ဦးစိုင်းသန်းနိုင်က Right to Recall လို့ခေါ်တဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းပေးဖို့ အစီအစဉ် ရှိ၊ မရှိ ဆိုတဲ့ မေးခွန်း မေးခဲ့ပါတယ်။ မေးခွန်းကို ဖြေရတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ဒါကို ပြဌာန်းဖို့ စီစဉ်နေပါတယ် ဆိုတာလောက် ပြောပြီး တိကျတဲ့ အဖြေ ပေးမသွားပါဘူး။ အခုဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်တွေ စ ပြီး ပေါ်ပေါက်လာတာ ၇ နှစ်ကျော် ရှိနေပါပြီ။ ပြည်ခိုင်ဖြိုးပါတီ လွှမ်းမိုးတဲ့ လွှတ်တော်၊ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှမ်းမိုးတဲ့ လွှတ်တော်၊ လွှတ်တော် သက်တမ်း နှစ်ဆက်တိုင်အောင် ဖွဲ့စည်းပုံပါ၊ ပြည်သူတွေရဲ့ ဒီမိုကရေစီ ရပိုင်ခွင့်ဆိုင်ရာ အဲဒီ ဥပဒေ မပြဌာန်းနိုင်တာ အတော် ထူးဆန်းတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီ ဥပဒေ ပြဌာန်းပေးနိုင်ဖို့ ဘာ အခက်အခဲတွေ ရှိနေလို့လဲ ဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၆၉(က) နဲ့ (ခ) မှာ ခုလို ပြဌာန်းထားပါတယ်။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့် ဖြစ်စေ၊ မဆန့်ကျင်လျင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည်။ (ခ) သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော် တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိသည် လို့ ဆိုထားပါတယ်။

အလားတူ လွှတ်တော် ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်း ခေါင်းစဉ်၊ ပုဒ်မ ၃၉၆ မှာ (က) လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့် ရှိသည်။ (၁) နိုင်ငံတော်ဇ။် ကျေးဇူးသစ္စာကို ဖေါက်ဖျက်ခြင်း၊ (၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖေါက်ဖျက် ကျူးလွန်ခြင်း၊ (၃) အကျင့်သိက္ခာ ပျက်ပြားခြင်း (၄) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်ဇ။် အရည်အချင်း ပျက်ယွင်းခြင်း (၅) ဥပဒေအရ ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ (ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်ဇ။် မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်။ (ဂ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့် အညီ စုံစမ်းစစ်ဆေးရမည်။ (ဃ) စွတ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်။ (င) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထိုစွတ်စွဲချက်သည် မှန်ကန်ပြီး စွတ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။ ပုဒ်မ ၃၉၇ ။ ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်။ ဆိုပြီး ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၇ ပါ ပြဌာန်းချက်ကို ကြည့်ရင် ၂၀၁၀ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ လွှတ်တော်တွေဟာ အဲဒီ တာဝန်မကျေပွန်ခဲ့ဘူး ဆိုတာ ထင်ရှားနေပါတယ်။ ဒါပေမယ့် အရင်ကော်မရှင်နဲ့ လွှတ်တော်ရော၊ အခု ကော်မရှင်နဲ့ လွှတ်တော်ကပါ ဒီ Right to Recall ဥပဒေကို ပြဌာန်းဖို့ မကြိုးစားခဲ့ဘူးလားလို့ မေးစရာ ရှိလာပါတယ်။

မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင်တော့ အရင် ပြည်ခိုင်ဖြိုး လွှတ်တော် လက်ထက် ၂၀၁၂ သြဂုတ်လ ကတည်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ဟာ အဲဒီ ဥပဒေကို ဆွေးတောင် မဆွေးနွေးပဲ နှစ်နဲ့ချီ ဆိုင်းငံ့ထားခဲ့ပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး လွှတ်တော် အနေနဲ့ ဒီ ဥပဒေကို မပြဌာန်းပဲ ဆိုင်းငံ့ထားလိုက်တာမှာ အကြောင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုကတော့ အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်၊ သောင်ပြိုကမ်းပြို အနိုင်ရတာကို မြင်ရလို့လည်း ဖြစ်နိုင်ပါတယ်။

ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ၊ လွတ်လပ်မှုလည်း မရှိ၊ တရားမျှတမှုလည်း မရှိ၊ အင်န်အယ်လ်ဒီ လည်း ဝင်မပြိုင်တဲ့ ရွေးကောက်ပွဲပါ။ ၂၀၁၂ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ရခဲ့ပြီမို့ အဲဒီ ဥပဒေသာ ပြဌာန်းပေးခဲ့ရင် မဲဆန္ဒနယ် အသီးသီးက ပြည်ခိုင်ဖြိုး အမတ်တွေကို ပြည်သူတွေက Right to Recall ဥပဒေ အသုံးပြုပြီး ဖြုတ်ချဖို့ ကြိုးစားကြမှာပါပဲ။ ဥပဒေရဲ့ နောက်ဆုံး အဆင့်မှာ မဲဆန္ဒရှင်တွေ မဲပြန်ပေးကြရမှာမို့၊ အဲဒီ အဆင့်သာ ရောက်လာရင် ပြည်ခိုင်ဖြိုး အမတ်တွေ ထောက်ခံမှု ဆုံးရှုံးပြီး အမတ်အဖြစ်ကနေ ဖယ်ရှားခံကြရဖွယ် ရှိပါတယ်။ ဒီ စိုးရိမ်မှုကြောင့် သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး လွှတ်တော်ဟာ Right to Recall ဥပဒေ ပြဌာန်းဖို့ ဆိုင်းငံ့ထားခဲ့ပုံ ရပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နီးလာတော့ အခြေအနေ တစ်မျိုးဖြစ်လာပါတယ်။ သြဂုတ်လ ဒုတိယ အပတ်မှာ သမ္မတ ဦးသိန်းစိန် အုပ်စုနဲ့ တပ်မတော် ပေါင်းပြီး သူရဦးရွှေမန်းနဲ့ သူ့လူတစ်ချို့ကို ပြည်ခိုင်ဖြိုး ခေါင်းဆောင် ရာထူးတွေကနေ အင်အားသုံး ဖယ်ရှားလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း သြဂုတ်လ ၁၄ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကနေ ပြည်ထောင်စု လွှတ်တော် နာယက ဆီကို လွှတ်တော် အမတ်တွေ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းပေးဖို့ (၄) ကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ထားတဲ့ သတင်း ဖော်ပြလာပါတယ်။ ပြောရရင် တပ်မတော်နဲ့ အစိုးရဘက်ကနေ သူရဦးရွှေမန်းကို အမတ်တွေကို ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အသုံးပြုပြီး လွှတ်တော် အမတ်၊ လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်တွေကနေ ဖယ်ရှားဖို့ ၊ အဲဒီကနေ တဆင့် လွှတ်တော် အမတ် မဟုတ်တော့တဲ့ သူရဦးရွှေမန်းကို တည်ဆဲဥပဒေ တစ်ခုခုနဲ့ အရေးယူနိုင်ဖို့ အထိ ကြိုးစားခဲ့ကြတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်း ခေါင်းဆောင်တဲ့ လွှတ်တော် ဘက်ကတော့ Right to Recall ဥပဒေကို ဆွေးနွေးရုံ ဆွေးနွေး၊ ထပ်မံ ဆိုင်းငံ့ပြီး ပြသနာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ လွှတ်တော်ကတော့ ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်မယ်လို့ ကြွေးကြော်ထားတဲ့ အင်န်အယ်လ်ဒီ လွှတ်တော် ဖြစ်နေတာကြောင့် ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ Right to Recall ဥပဒေကို ပြဌာန်းပေးဖို့ လိုအပ်ပါတယ်။ အင်န်အယ်လ်ဒီ ဘက်ကတော့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားပြီးဖြစ်တဲ့ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက အဆိုပြုလာရင် အဲဒီ ကိစ္စကို စ ပြီးကိုင်တွယ်မယ့် ကိစ္စကြောင့် အခက်အခဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲတွေ ပြန်ကျင်းပရင် ကုန်ကျရမယ့် ကုန်ကျစားရိတ် ကြီးမားမှု ပြသနာ အတွက် ပူပန်တာကြောင့်လည်း အခု ဥပဒေ ပြဌာန်းရေး ကြံ့ကြာနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ပြည်သူတွေရဲ့ တကယ့် အခြေခံကျတဲ့ ဒီမိုကရေစီ အခွင့်အရေးဖြစ်တာမို့ ဥပဒေ၊ နည်းဥပဒေ ကောင်းကောင်းရေးဆွဲပြီး ပြဌာန်းပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

Right to Recall ဥပဒေ ဘာကြောင့် မပြဌာန်းရသေးတာလဲ