ရခိုင်ပြည်နယ် ပြသနာ နဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ အခက်အခဲ၊ အစိုးရ ဘယ်လို ဖြေရှင်းမလဲ

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ- Myanmar State Counsellor)

အခုရက်ပိုင်းအတွင်း ထူးခြားတဲ့ သတင်းတပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း(UEHRD) လုပ်ငန်းတွေဆောင်ရွက်ဖို့ ဆိုပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေက လှူဒါန်းတဲ့ လှူဒါန်းငွေ ပေးအပ်တဲ့ သတင်းပါ။ နိုင်ငံတကာမှာ ရှိတဲ့ မြန်မာသံရုံးတွေကနေ ရရှိလာတဲ့ ငွေတွေကို စုပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်ကနေ UEHRD ဒုဥက္ကဌ လူ၊ကယ်၊ ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို လွဲှပြောင်းပေးအပ်တာပါ။ ဒါပေမယ့် ငွေက အများကြီး မဟုတ်ပါဘူး။ စုစုပေါင်း ၆၇၈၁ ဒေါ်လာပဲ ရှိတာပါ။ မြန်မာငွေနဲ့ဆို ကျပ်ငွေ သိန်း ၉၀ နီးပါးလောက်ပဲ ရှိပါတယ်။ ဒါဟာ ရခိုင်အရေး ပြသနာကို ဖြေရှင်းဖို့ ကိုယ့်ပြည်တွင်းအင်အား၊ ပြည်ပရောက် မြန်မာတွေရဲ့ အင်အားကိုပဲ အသုံးပြုမယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာရပ်ခံ၊ လှုံ့ဆော်လို့ ထည့်ဝင်ကြတဲ့ လှူဒါန်းငွေပမာဏပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ထင်သလောက် မရဘူး ဆိုတဲ့ သဘောပါ။ ဒီလို အခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြည်နယ် ပြသနာကို အောင်အောင်မြင်မြင် ဖြေရှင်းပေးနိုင်မှာလား၊ ဘယ်လို စိန်ခေါ်မှုတွေ ကြုံရမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တခု လုပ်ပါတယ်။ အဲဒီ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က မောင်တောခရိုင်မှာ နဂိုက လူဦးရေ တစ်သန်းကျော် ရှိတဲ့အကြောင်း၊ လက်ရှိ နေထိုင်သူ ဦးရေ ၄သိန်း ၇ သောင်း နီးပါးရှိတဲ့အတွက် အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ခွာသွားသူ ဦးရေ ၅ သိန်း ၃သောင်းခွဲကျော် ရှိတဲ့အကြောင်း ပြောပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို မူဆလင် ဦးရေ ဘယ်လောက် ထွက်ခွာ သွားသလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပထမ ဦးဆုံး ထုတ်ပြောတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ ဒီနေရာမှာ မောင်တော ခရိုင်တခုထဲက စာရင်းကို ပြောတာ ဖြစ်ပြီး အဲဒီထဲမှာ ရသေ့တောင် မြို့နယ်က ထွက်သွားသူတွေ မပါဝင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရက တရားဝင် ထုတ်ပြောတဲ့ စာရင်းအတိုင်း ဆိုရင်တောင် ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးသွားတဲ့ မူဆလင် အနည်းဆုံး ၅ သိန်း ၃သောင်းခွဲကျော် မြန်မာဘက်က ပြန်ပြီး လက်ခံရမယ့် သဘောပါ။

လက်ခံတယ်ဆိုတာ ပြန်ဝင်လာသူတွေကို စိစစ်ပြီး သူတို့ နေထိုင်တဲ့ နေရာတွေမှာ ပြန်နေရာချထားလိုက်ရုံ၊ လွယ်လွယ် ကူကူ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ လက်ရှိအခြေအနေ အဲဒီ မူဆလင်တွေရဲ့ ကျေးရွာ အများစုကြီးဟာ မီးလောင် ပြာကျခဲ့ပါပြီ။ ဒီအတွက် မြန်မာအစိုးရဟာ စနစ်တကျ ပြန်လည် နေရာချထားပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေညှိတာ၊ ရွာသစ်တည်ပေးဖို့ စီစဉ်တာ လုပ်နေပါတယ်။ အဓိပ္ပါယ်ကတော့ ပြန်ဝင်လာမယ့် မူဆလင်တွေ သူတို့ ကျေးရွာတွေမှာ ပြန်ပြီး နေထိုင်နိုင်ဖို့ နေအိမ်တွေ အများကြီး ဆောက်ပေးဖို့ လိုပါတယ်။ ကြားကာလ သူတို့ စားဝတ်နေရေး၊ ကလေးတွေ ပညာသင်ကြားရေး၊ ကျန်းမာရေး စတဲ့ လိုအပ်ချက် အမျိုးမျိုး အတွက် ထောက်ပံ့ပေးရပါလိမ့်မယ်။ နေအိမ်တွေ တည်ဆောက်ပြီး ပြန်လည် နေရာချထားပြီးရင်တောင် အရင်တုန်းကလို လုပ်ကိုင်စားသောက်နိုင်အောင် ဖန်တီးပေးရပါဦးမယ်။ အဲဒီအတွက် ဘဏ္ဍာငွေကြေး အမြောက်အများ လိုအပ်မယ် ဆိုတာကတော့ မငြင်းနိုင်ပါဘူး။

၂၀၁၇ သြဂုတ်လ ၂၅ ရက် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်အပြီး အဲဒီဒေသက မူဆလင်တွေ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးကြပါတယ်။ အောက်တိုဘာလ ကုန်ပိုင်း ရောက်တဲ့အခါ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းရောက် မူဆလင်တွေကို ကူညီမယ့် နိုင်ငံတကာ ရံပုံငွေ ရှာဖွေရေး ညီလာခံ တခု ဂျီနီဗာ မှာ လုပ်ပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ထောက်ပံ့ပေးဖို့အတွက် ၂၀၁၈ ဖေဖေါ်ဝါရီလ အထိ ဒေါ်လာ ၄၃၄ သန်း လိုမယ်လို့ ကုလသမဂ္ဂ ဘက်က ခန့်မှန်းပါတယ်။ အဲဒီ ညီလာခံမှာတော့ နိုင်ငံတကာ အလှူရှင်တွေဘက်ကနေ ဒေါ်လာ ၃၃၅ သန်း အကူအညီပေးမယ် ဆိုတဲ့ ကတိကဝတ်တွေ ရခဲ့တယ် လို့ ဆိုပါတယ်။

တကယ်တော့ ကုလသမဂ္ဂက လိုတယ်လို့ ပြောတဲ့ အဲဒီ ငွေပမာဏဟာ (၄) လ စာလောက်အတွက် ဒုက္ခသည်တွေ စားသောက်နေထိုင်၊ ကျန်းမာရေး ကိစ္စတွေအတွက် အဓိက ဖြစ်ပါတယ်။ အခုနောက်ဆုံး မူဆလင်တွေ ဒုက္ခသည် စခန်းမှာ ၂၀၁၈ နှစ်ကုန်အထိ နေထိုင်နိုင်ဖို့ ဒေါ်လာ တစ်ဘီလျံ အထိ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂဘက်က ခန့်မှန်းထားပါပြီ။ နည်းတဲ့ ငွေပမာဏ မဟုတ်ပါဘူး။

ဒီအချက်တွေကိုကြည့်ရင် ဒုက္ခသည်တွေကို ပြန်လက်ခံမယ့်၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ အစစအရာရာ ဖြေရှင်းပေးရမယ့်၊ နေအိမ်တွေဆောက်ပြီး ပြန် နေရာချထားပေးရမယ့်၊ သက်မွေးဝမ်းကျောင်းနိုင်ရေး ဖြေရှင်းပေးရမယ့် မြန်မာအစိုးရအတွက် အဲဒီထက် အများကြီးပိုတဲ့ ဘဏ္ဍာငွေကြေး လိုအပ်မယ် ဆိုတာကတော့ အသေအခြာပါပဲ။ ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးအခင်း ပြသနာကြီးကို ဒေါ်အောင်ဆန်းစုကြည်က အစိုးရ တဖွဲ့ထဲ ဖြေရှင်းမှာ မဟုတ်ပဲ တစ်တိုင်းပြည်လုံးက အမျိုးသားရေး အဖြစ် ဝိုင်းပြီး ဖြေရှင်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။ လက်ရှိ ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းတစ်ချို့မှာ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ အားလုံးပါဝင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲလို လှုံ့ဆော်ခဲ့လို့လဲ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးသော စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ရခိုင်ပြည်နယ် ပြသနာဖြေရှင်းရေး အတွက် UEHRD ကို အလှူငွေတွေ လှူဒါန်းခဲ့ကြပါတယ်။ ဒါပေမယ့် အဲလို ကြီးကြီးကျယ်ကျယ် လှူဒါန်းတဲ့တိုင် ရလာတဲ့ငွေက ဒေါ်လာ ၁၃ သန်းကျော်ကျော်လောက်ပါ။ ပြည်ပရောက် မြန်မာတွေရဲ့ လှူဒါန်းငွေကတော့ မဆိုစလောက် ဒေါ်လာ ၇၀၀၀ တောင်မပြည့်ပါဘူး။ ဒီအတွက် သေခြာတာ တခုကတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် ပြသနာဖြေရှင်းရေး ဘဏ္ဍာငွေကြေး အခက်အခဲ ကြုံရမယ် ဆိုတာပါပဲ။

အဲဒီပြသနာ ပြေလည်နိုင်ဖို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေကို လက်ခံဖို့ပါပဲ။ လိုအပ်ရင် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က လုပ်သလို နိုင်ငံတကာ ရံပုံငွေ ရှာဖွေရေး ညီလာခံမျိုး လုပ်ဖို့ လိုကောင်း လိုနိုင်ပါတယ်။ အဲဒီလို လုပ်ရင် ပြည်တွင်းက နိုင်ငံရေးပါတီ တချို့နဲ့ အင်အားစု တစ်ချို့ရဲ့ ဆန့်ကျင်တာမျိုး ခံရကောင်း ခံရနိုင်ပါတယ်။

ဘယ်သူတွေကြောင့်ပဲ ဖြစ်ပွားခဲ့သည် ဖြစ်စေ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် ဖြေရှင်းရခက်တဲ့ ပြသနာမျိုးပါ။ ပြသနာ ဖြေရှင်းရေး လမ်းမှန်ပေါ် ရောက်ဖို့အတွက် တပ်မတော် စစ်ခေါင်းဆောင်တွေ၊ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကို နိုင်ငံရေးအရ စည်းရုံးရမှာ ဖြစ်သလို၊ မူဆလင်တွေ ပြန်ရောက်လာပြီးနောက်ပိုင်းကာလ ဒေသတည်ငြိမ်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကိုလည်း အများကြီး အကောင်အထည် ဖော်ကြရဦးမှာပါ။ ဒီအထဲ ကြီးမားတဲ့ အခက်အခဲကတော့ ဘဏ္ဍာငွေကြေးဆိုင်ရာ ပြသနာ ဖြစ်ပြီး ပြည်တွင်းအင်အား တင်မက နိုင်ငံတကာ အကူအညီ ရယူဖို့လည်း စဉ်းစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ် ပြသနာ နဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ အခက်အခဲ၊ အစိုးရ ဘယ်လို ဖြေရှင်းမလဲ