၂၀၁၉ မတ်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ NCA အပစ်ရပ် စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့ရဲ့ အစည်းအဝေး ပြီးဆုံးသွားခဲ့ပါပြီ။ အစည်းအဝေးအပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့ပါတယ်။ စည်းဝေးပွဲအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ ဘာတွေ ပြောခဲ့ကြသလဲ၊ အခု စည်းဝေးပွဲဟာ တစ်ဆို့နေတဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အဖြေတစ်ခု ဖြစ်ခဲ့ရဲ့လား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး အလားအလာအကြောင်း လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။
တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အချက် (၈) ချက်ပါပါတယ်။ အဲဒါတွေကို အနှစ်ချုပ် ပြောပြရရင် လာမယ့် မေလကျရင် NCA စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ စုဖွဲ့မှု ပြန်လုပ်ဖို့နဲ့ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ဖို့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေး တစ်ရပ် ကျင်းပသွားမယ်၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၁ ရက်နေ့က KNU ကရင်လက်နက်ကိုင် အဖွဲ့နဲ့ RCSS ရှမ်းလက်နက်ကိုင် အဖွဲ့တွေကနေ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို ပေးပို့ထားတဲ့ စာမှာပါတဲ့ အဆိုပြုချက်တွေကို ဆွေးနွေးဖို့ အလုပ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော်တွင်း ကြိုးစားမှုတွေကို ကြိုဆိုတဲ့အကြောင်း၊ အဲဒီလို ဖွဲ့စည်းပုံ ပြင်တာဟာ လွှတ်တော် ပြင်ပမှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဟန်ချက်ညီဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သူတို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အားလုံး ပါဝင်ရေးနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ချန်လှပ်မထားဘူး ဆိုတဲ့ အခြေခံမူကို တစိုက်မတ်မတ် ကိုင်စွဲကြိုးပမ်းသွားမယ် ဖြစ်ကြောင်းနဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် အစိုးရ၊ တပ်မတော်နဲ့ အခြား NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ဆက်ပြီး ဆွေးနွေးသွားမယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ ထုတ်ပြန်ကြေငြာချက်မှာ ဖော်ပြထားချက်အရ NCA လမ်းကြောင်း အတိုင်းပဲ ဆက်သွားမယ်လို့ ဆိုထားတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး ဆက်ရှိနေသေးတယ်၊ ပျက်စီးသွားတာ မဟုတ်သေးဘူး ဆိုတဲ့ ရှုဒေါင့်ကနေ ကြည့်ပြီး အကောင်းမြင်မယ် ဆိုရင်တော့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တရားဝင် ပြန်စနိုင်မယ် ဆိုပြီး သေခြာပေါက်ပြောနိုင်တဲ့ လမ်းစတော့ မဟုတ်သေးပါဘူး။ ဒီအတွက် အလွတ်သဘော ဆွေးနွေးပွဲတွေကို ဦးဆောင်မယ့် အလုပ်အဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်သလို၊ အဲဒီ အဖွဲ့နဲ့ တွေ့ဖို့ အတွက် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦး၊ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး နဲ့ ဦးလှမောင်ရွှေတို့ ပါဝင်တဲ့ အဖွဲ့ဟာ မတ်လ ၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ထွက်ခွာသွားပါပြီ။
ဆွေးနွေးပွဲ အဖွင့်နဲ့ အပိတ် မိန့်ခွန်းပြောခဲ့ကြတဲ့ ကေအဲန်ယူ ဥက္ကဌ စောမူတူးစေးဖိုးနဲ့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောခဲ့တာတွေကိုကြည့်ရင် လက်ရှိ တပ်မတော်ဘက်က တောင်းဆိုနေတဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရ ဆိုတဲ့ ကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ကိစ္စ စတာတွေကိုပဲ အလေးထား ပြောဆိုသွားတာ တွေ့ကြရပါတယ်။
ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ တရားဝင် အစည်းဝေးတွေမှာ ဆွေးနွေးရင် နှစ်ဖက် အဖွဲ့အစည်းဝင်တွေဟာ ကိုယ့်ရပ်တည်ချက် အပေါ်မှာပဲ အသေဆုပ်ကိုင် ဆွေးနွေးမှာဖြစ်လို့ ဘယ်လိုမှ ညှိလို့ ရနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အလွတ်သဘော ဆွေးနွေးပွဲတွေကပဲ ကောင်းတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒီအတွက် လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က တစ်ဆို့နေတဲ့ ကိစ္စကို ကျော်လွှားနိုင်မယ့်နည်း၊ တစ်နည်းအားဖြင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကနေ နှစ်ဖက် သဘောတူညီမှု တစ်စုံတစ်ရာ ရမှ တရားဝင် ဆွေးနွေးပွဲတွေဆီ ပြန်သွား ဆိုတဲ့ လမ်းကြောင်း ရွေးချယ်လိုက်ပုံ ရပါတယ်။ အခုတော့ အစိုးရဘက်ကလည်း အဲဒီပုံစံအတိုင်း လိုက်ပါဆွေးနွေးနေတာကို တွေ့မြင်ကြရပါတယ်။ အခြားတစ်ဖက်မှာတော့ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်လာရေး ကိစ္စပါ။ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ အဲဒီ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း NCA ထဲ ပါဝင် လက်မှတ်ထိုးဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်း ဖိအားပေးမှုတွေ အဆက်မပြတ် ရှိနေတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုတော့ သိပ်မရသေးပါဘူး။ မကြာသေးခင် ရက်ပိုင်းက ကချင်၊ ကိုးကန့်၊ တအဲန်းပလောင်နဲ့ ရခိုင် AA လက်နက်ကိုင် ၄ ဖွဲ့ကို အလွတ်သဘော သွားရောက် တွေ့ဆုံခဲ့တဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် တစ်ယောက် ပြောပြချက်အရ သိပ် အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
နောက်ထပ် မျက်နှာစာ တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာလည်း ပဋိပက္ခတွေက ပိုပြီး ကျယ်ပြန့်လာတာ တွေ့ကြရပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်မှာလို ကြီးမားတဲ့ ရင်ဆိုင်တိုက်ပွဲကြီးတွေ ဖြစ်မနေပေမယ့် မိုင်းထောင် တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ အပြန်အလှန် ဖမ်းဆီးမှု စတာတွေ နေ့တိုင်းလိုလို ဖြစ်နေပြီး စစ်ပွဲဟာ အောက်ခြေ ပြည်သူလူထုကြားအထိ ပျံ့နှံ့လာတာ တွေ့နိုင်ပါတယ်။ ဒီလို ပဋိပက္ခ ကျယ်ပြန့်လာတာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်နိုင်ငံရေးသမားတွေ ဘက်က စစ်ရေးနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုနေပေမယ့် တပ်မတော်ဘက်ကတော့ သောင်းကျန်းသူ နှိမ်နင်းရေး စစ် ဆက်ပြီး ဆင်နွဲှသွားဖို့ ရှိနေသလို၊ AA ရခိုင်တပ်ဖွဲ့ဘက်ကလည်း ရခိုင်ပြည်နယ်မှာ အခိုင်အမာ ခြေကုပ်ရဖို့ ကြိုးစားမှာကတော့ အသေအခြာပါပဲ။ ရခိုင်ပြည်နယ်ထဲက အဲဒီ ဖြစ်ရပ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အနှုတ်လက္ခဏာတွေလို့ ပြောရင် မမှားနိုင်ပါဘူး။
လောလောဆယ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် တိုးတက်မှု မရှိရုံမက နောက်ပြန်ဆုတ်နေတယ်လို့တောင် သုံးသပ်နိုင်ပါတယ်။ ဒီလို နောက်ပြန်ဆုတ်နေရတာဟာ အခုနောက်ပိုင်း တပ်မတော် ခေါင်းဆောင်တွေရဲ့ သဘောထား တင်းမာမှု၊ ရခိုင် AA တပ်ဖွဲ့လိုမျိုးရဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ ခြေကုပ်စခန်း ရယူလိုမှု၊ အင်န်အယ်လ်ဒီ အစိုးရရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေ အရည်အချင်း နည်းပါးမှု စတာတွေကြောင့်လို့ ဆိုရင်လည်း မမှားပါဘူး။ တပ်မတော်နဲ့ အစိုးရ အနေနဲ့ လက်နက်လူသူ အင်အားကောင်းပြီး ကိုယ်ကျိုးစီးပွားတွေနဲ့လည်း ရောယှက်နေတဲ့ မြောက်ပိုင်းက လက်နက်ကိုင် တပ်ဖွဲ့တစ်ချို့ NCA လမ်းကြောင်းထဲ ရောက်လာအောင် မစွမ်းဆောင်နိုင်သေးတာ သိပ်ပြသနာ မရှိပေမယ့် NCA ကို ယုံယုံကြည်ကြည် လက်မှတ်ထိုးခဲ့တဲ့၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း ဆက်ဆံရေး အကောင်းဆုံး ထူထောင်ထားခဲ့တယ် ဆိုတဲ့ KNU လို ဝါရင့် တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင်တွေရဲ့ ယုံကြည်မှု ဆုံးရှုံးခဲ့တာကတော့ ငြိမ်းချမ်းရေးကို အများကြီး ထိခိုက်စေပါတယ်။ ငြိမ်းချမ်းရေးကို ရှေ့ဆက်တိုးဖို့ ဆိုရင် တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထား တင်းမာမှုကို ပြန်သုံးသပ်ဖို့ လိုသလို၊ ငြိမ်းချမ်းရေးမှာ စေ့စပ်ညှိနှိုင်းရေးမှူး နေရာယူထားတဲ့ အင်န်အယ်လ်ဒီ အစိုးရဘက်ကလည်း ကိုယ့်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ပြန်သုံးသပ် ပြင်ဆင်သင့်နေပြီ ဖြစ်ကြောင်းပါ။
Your browser doesn’t support HTML5