မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲ လာတော့မလား

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နဲ့ ထိပ်တန်းရဲအရာရှိကြီးတွေကို ခေါ်ယူပြီး လမ်းညွှန်အမှာစကား ပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

Your browser doesn’t support HTML5

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲ လာတော့မလား


Zawgyi/ Unicode

ထူးခြားတယ်လို့ ပြောရမလား၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နဲ့ ထိပ်တန်းရဲအရာရှိကြီးတွေကို ခေါ်ယူပြီး လမ်းညွှန်အမှာစကား ပြောကြားပါတယ်။ အဲဒီလို လမ်းညွှန်ချက် ပေးရာမှာ ရဲတပ်ဖွဲ့ရဲ့ တာဝန်တွေကို ပြောဆို ရှင်းပြခဲ့တဲ့အပြင် ပြည်သူတွေ လုံလုံခြုံခြုံ နေနိုင်အောင်၊ ရပ်ရွာ တည်ငြိမ်အေးချမ်းသာယာရေး အတွက် လုပ်ဆောင်နေတယ်လို့ ပြည်သူတွေ မြင်လာအောင် ကြိုးစားပေးပါလို့ ပြောရင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့အထဲမှာ အရေးအကြီးဆုံး တစ်ချက်ကတော့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ကို သစ္စာစောင့်သိခြင်းဖြင့် ကိုယ့်တာဝန်ကိုယ် ကျေပွန်ကြစေလိုတယ် ဆိုတဲ့ အချက် ပါပါတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ အစိုးရကို သစ္စာခံကြဖို့ဒေါ်အောင်ဆန်းစုကြည် ပြောဆိုရတဲ့ အခြေအနေ ရောက်အောင် ဒီကနေ့ ရဲတပ်ဖွဲ့ ဘာတွေ လုပ်ဆောင်နေသလဲ၊ ရဲတပ်ဖွဲ့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲပြီး တကယ်ပဲ ပြည်သူလူထု လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူနိုင်တဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှာကြားချက်ထဲမှာ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး တစ်ကြိမ်နှစ်ကြိမ်မက ပြောဆိုတာ တွေ့ရပါတယ်။ အခြေအနေအရ ရဲတပ်ဖွဲ့ဝင် အတော်များများ ရခိုင်ပြည်နယ်ကို ပို့ထားရတဲ့အကြောင်း၊ ရခိုင်ပြည်နယ်ဘက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတဲ့အကြောင်း၊ ဒါကြောင့် ကျန်ရစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုလည်း ပံ့ပိုးတာဝန်ယူပေးမယ် ဖြစ်တဲ့အကြောင်း စသဖြင့် ပြောဆိုခဲ့ပါတယ်။ တကယ်လည်း ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေပါတယ်။ ရခိုင် တိုင်းရင်းသား ဝန်ကြီးအဆင့် ရှိသူတစ်ယောက်ရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့ရွာတွေတင်မက ပြည်နယ် မြို့တော် စစ်တွေမှာတောင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တယား ထိရောက်မှု မရှိတော့ဘူးလို့ ဆိုပါတယ်။ မြို့ခံတွေ ဆိုရင် ဝန်ကြီးချုပ်လာရင် ထပြန်တာမျိုး လုပ်လေ့ရှိပြီး ရဲတပ်ဖွဲ့ဝင်တွေ ဆိုရင်လည်း သူတို့ သက်ဆိုင်ရာ စခန်းနဲ့ နေအိမ်တွေ အပြင်ဘက်ကို ထွက်တာ နည်းလာပြီး ဆိုက်ကားသမားတွေကို ဈေးဝယ်ခိုင်းတဲ့ အဆင့်ထိရောက်နေတယ်လို့ ဆိုပါတယ်။ မြို့မှာ ပစ္စည်းတစ်ခုခုပျောက်တာ၊ ပြသနာ တစ်ခုခု ပေါ်တာဆိုရင် ရဲတပ်ဖွဲ့ကို သွားတိုင်တယ် ဆိုတာထက် လူမိုက်ဂိုဏ်းဝင်တွေကို ပြောပြီး ပြသနာဖြေရှင်းတဲ့ ဓလေ့ ထွန်းကားလာတယ်လို့လည်း ဆိုပါတယ်။ ဝန်ကြီးကိုယ်တိုင် ရောက်သွားတဲ့ တရားမဝင် ဖဲဝိုင်းတစ်ခုမှာ ငွေကြေး သိန်းသောင်းချီ လောင်းကြေးထပ် ကစားကြသလို၊ ပစ္စတိုသေနတ် ကိုယ်စီ ဆောင်ထားကြတာကိုတောင် မြင်တဲ့အကြောင်း ပြောပြပါတယ်။ သူ့အဆိုအရ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိ၊ လုံခြုံရေး အာမခံချက် မရှိ၊ အစိုးရယန္တယား အလုပ်မလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာပါ။

တကယ်တော့ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးကို အဓိက တာဝန်ယူထားသူက တပ်မတော် ဖြစ်ပြီး တရားဥပဒေ စိုးမိုးအောင် လုပ်ရမှာက ရဲတပ်ဖွဲ့ရဲ့ တာဝန်ပါ။ ဘယ်လို အကြောင်းမျိုးကြောင့် ပေါ်ပေါက်လာသည်ဖြစ်စေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရမှာ တပ်မတော်ရဲ့ တာဝန်ဖြစ်ပြီး ပြည်သူတွေကြား တရားဥပဒေ စိုးမိုးအောင် ဆောင်ရွက်ပေးရမှာက ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။ ပြောရရင် ရခိုင်ပြည်နယ်မှာ တပ်မတော်ကရော၊ ရဲတပ်ဖွဲ့ကပါ သူတို့ယူထားရတဲ့ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခြင်း မရှိသေးတာ တွေ့ကြရမယ် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ရင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ကို ခရီးစဉ် တစ်ခု သွားရောက်ခဲ့ပြီး သူ မရောက်ခင် နာရီပိုင်း အလိုမှာ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရတာက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့တာဝန် သူတို့ ကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်း မရှိသေးဘူး ဆိုတာ ပြသတဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ လမ်းညွှန်အမှာစကား ထဲမှာ မူးယစ်ဆေးဝါး ပြသနာလည်း ပါပါတယ်။ မူးယစ်ဆေးဝါး ပြသနာမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ပြည်တွင်းမှာ အမြောက်အများ ထုတ်လုပ်ပြီး အိမ်နီးချင်းနဲ့ နိုင်ငံတကာကို ပို့နေတာပါ။ အခုနောက်ပိုင်း သိန်းချီ၊ သန်းချီ ပမာဏရှိတဲ့ အင်ဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းမိတာ၊ ပိုင်ရှင်မဲ့ တွေ့တာတွေ များလာပါတယ်။ စိတ်ကြွဆေးပြား ထောင်ချီ သောင်းချီ ဖမ်းဆီးရမိမှု ဆိုတာမျိုးဟာ ထူးဆန်းတဲ့ သတင်းတွေထဲ မပါတော့ပါဘူး။ ရဲတပ်ဖွဲ့ဟာ ပမာဏ ကြီးမားတဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကို ကာကွယ် တားဆီးနှိမ်နင်းနိုင်ခြင်း မရှိသေးပါဘူး။ နောက်တစ်ခုကတော့ ပြည်သူတွေအကြား မူယစ်ဆေးဝါး ရောင်းဝယ်၊ ဖေါက်ကား၊ သုံးစွဲနေကြတဲ့ ကိစ္စပါ။ ဒီ ပြသနာလည်း ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်နေတဲ့ ပြသနာဖြစ်ပြီး ဒီကနေ့အချိန်ထိ ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်က တာဝန်ရှိသူတွေနဲ့ ပြည်သူလူထု တွေ့ဆုံပွဲမှာ ဒေသခံ တစ်ယောက်က သူမနက်တစ်ပိုင်း ကောက်လို့ရတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ စွန့်ပစ်ထားတဲ့ ဆေးထိုးအပ် အဟောင်းတွေကို ပလပ်စတစ်ပုံးတစ်ပုံးနဲ့ ထည့်လာပြီး ပြောဆို တိုင်တန်းခဲ့ပါတယ်။ ဒီလိုပြသနာမျိုး နိုင်ငံအနှံ့ ရှိနေမှာဖြစ်ပြီး အဓိက ရဲတပ်ဖွဲ့ရဲ့ ပြသနာလို့ အများက ရှုမြင်ကြပါတယ်။ ဒါကို သက်သေထူနိုင်တဲ့ အဖြစ်အပျက် တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပျက်ခဲ့ပါသေးတယ်။ အဲဒါကတော့ လားရှိုးမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်က ဒေသခံ တစ်ယောက်ရဲ့ အိမ်ကိုဝင်၊ မူးယစ်ဆေးဝါး ရှိတယ်ဆိုပြီး ရှာဖွေ၊ ဘာမှမတွေ့တော့ အိမ်ရှင်ကို ဖမ်းခေါ်သွားပြီး လမ်းရောက်တော့ အိမ်ရှင်ရဲ့ ဇနီးကို ဖုန်းလမ်းဆက်၊ ငွေ ၁၅ သိန်းနဲ့ လာရွေးဖို့ ပြောဆိုတဲ့ ကိစ္စပါ။ ဒေသခံရဲ့ ဇနီးက ရဲတပ်ဖွဲ့ဆီ ဖုန်းဆက်၊ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးတော့မှ ပြစ်မှုကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဒီနေရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ မူးယစ်ဆေးဝါးကို တားဆီးကာကွယ် နှိမ်နင်းဖို့ နေနေသာသာ မူးယစ်ဆေးဝါး ကို အကြောင်းပြုပြီး လူတွေကို ဒုက္ခပေး၊ အဲဒီထက်မကသေးပဲ ပြန်ပေးဆွဲ ငွေတောင်းတဲ့ ပြစ်မှု ကျူးလွန်တာကို တွေ့လိုက်ကြရလို့ပါပဲ။

ရဲတပ်ဖွဲ့နဲ့ ပတ်သက်ရင် လက်ရှိ ပြောစမှတ် ဖြစ်နေတာက နေပြည်တော်က မတရားပြုကျင့်ခံရတဲ့ ဗစ်တိုးရီးယား ကလေးငယ်လေးရဲ့ အမှု ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် ဖော်ထုတ်ပေးဖို့ နိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ရဲတပ်ဖွဲ့ကို ညွှန်ကြားထားတာပါ။ လက်ရှိ ရဲတပ်ဖွဲ့ကနေ ဒီအမှု ကိုင်တွယ်နေပုံကို ကြည့်ရင် နိုင်ငံတော်ရဲ့ အမြင်ဆုံးခေါင်းဆောင် သမ္မတ ကိုတောင် မလေးမခန့် ပြုနေသလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ရဲတပ်ဖွဲ့အနေနဲ့ ရွေးကောက်ခံ အစိုးရကို သစ္စာခံဖို့ ပြောဆိုနေရတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ဖြစ်နေဆဲ ဖြစ်ပြီး ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ လက်အောက်မှာ ရှိနေပါသေးတယ်။ တပ်မတော် ခေါင်းဆောင်တွေကလည်း သူတို့ နိုင်ငံရေး ရည်မှန်းချက်နဲ့ သူတို့ အစိုးရ လက်အောက်မှာ မဟုတ်ပဲ သီးခြား ရပ်တည်နေတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေအောက်မှာ ရဲတပ်ဖွဲ့ကို အစိုးရအဖွဲ့အောက်မှာ ထားပြီး ပြည်သူလူထုကို တကယ်လုံခြုံမှုပေးနိုင်တဲ့၊ ပြည်သူလူထု ယုံကြည် အားကိုးရတဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရေးကိစ္စ တပ်မတော် စစ်ခေါင်းဆောင်တွေ စိတ်ဝင်စားဦးမယ့်ပုံတော့ မပေါ်သေးပါဘူး။ ဒါကြောင့် သိပ်မကြာသေးခင် ကာလ အတောအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး အစိုးရကို သစ္စာစောင့်သိတဲ့၊ လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့၊ ပြည်သူလူထုက ယုံကြည်ကိုးစားရတဲ့ ရဲတပ်ဖွဲ့ အနေအထားမျိုး ရောက်လာလိမ့်မယ်ဆိုပြီး မျှော်လင့်လို့ မရနိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။

----------------
