Your browser doesn’t support HTML5
Zawgyi/ Unicode
မြန်မာအစိုးရ အနေနဲ့ COVID-19 ကာကွယ်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကြိုးစားအားထုတ် နေရချိန် စီးပွား-ကူးသန်း ဝန်ကြီးဌာနဘက်က ထူးထူးခြားခြား သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ပြည်ပကနေ တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ ကုန်ပစ္စည်းတွေ စာရင်းကနေ နိုင်ငံခြားဖြစ် အရက် အမျိုးမျိုးကို ပယ်ဖျက်လိုက်ခြင်းပါ။ အဓိပ္ပါယ်ကတော့ ရာစုနှစ် တစ်ဝက်ကျော် တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံခြားဖြစ် အရက်တွေကို တရားဝင် တင်သွင်းခွင့် ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ကျင်းပပြီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ၁၅ ကြိမ်မြောက် အစည်းအဝေး ကာလ တုန်းက “၂၀၁၉ ခုနှစ် ပြည်ထောင်စုဇ။် အခွန်အကောက် ဥပဒေ” ဆွေးနွေးချိန် ရန်ကုန်တိုင်း စမ်းချောင်းအမတ် ဦးဘိုဘိုဦးက နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့်ပြုသင့်ကြောင်း ပြောဆိုဆွေးနွေးခဲ့ဖူးပါသေးတယ်။ ခုလို နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်တာကြောင့် အစိုးရ အနေနဲ့ အခွန်တွေ ပို တိုးပြီး ရတော့မလား၊ နိုင်ငံခြားဖြစ် အရက်တုတွေ ပျောက်ကွယ်သွားတော့မလား၊ ဈေးနှုန်းကရော ဘယ်လို ဖြစ်လာမှာလဲ ဆိုတဲ့ ကိစ္စတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့်ပြုလိုက်လို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လေ့လာ တင်ပြသွားပါ့မယ်။
လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တရားဝင် တင်သွင်း၊ ရောင်းချခွင့် ပိတ်ပင်ထားတယ် ဆိုပေမယ့် လုံးလုံးကြီး ပိတ်ပင်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ လေဆိပ်က အကောက်ခွန်လွတ် ဆိုင်တွေ၊ နိုင်ငံခြားသား တည်းခိုခွင့်ရှိတဲ့ ဟိုတယ်တွေက စားသောက်ဆိုင်တွေ အတွက်ကတော့ တရားဝင် တင်သွင်း ရောင်းချခွင့် ရနေကြပါတယ်။ ဒီလိုဆိုတော့ ပြည်တွင်းမှာ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး ဝယ်ယူလို့မရ၊ စားသောက်ဆိုင်တွေမှာ သောက်သုံးစရာ မရှိ ဆိုတဲ့ အနေအထားမျိုးလား လို့ မေးစရာရှိပါတယ်။ အဲလိုလည်း မဟုတ်ပြန်ပါဘူး။ ရဲတပ်ဖွဲ့လို အာဏာပိုင်အဖွဲ့အစည်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို လာဘ်ငွေပေးပြီး ဖွင့်လှစ်ရောင်းချနေတဲ့ Liquor House တွေ၊ စတိုးဆိုင်တွေမှာ ဝယ်ယူလို့ရသလို စားသောက်ဆိုင် မျိုးစုံမှာလည်း သောက်သုံးလို့ ရနေပါတယ်။ ဒါပေမယ့် ဒါဟာ တရားမဝင် မှောင်ခို သဘောဖြစ်ပြီး တခါတရံ အာဏာပိုင်တွေက စည်းကမ်းတင်းကြပ်၊ ကြပ်မတ်လိုက်တဲ့ အခါမျိုးမှာ ဆိုင်ထဲက ပစ္စည်းတွေ ဖယ်ရှား၊ မှောင်ခိုသဘော ရောင်းချရတာမျိုးတော့ ရှိခဲ့ပါတယ်။ ဒီ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး ဘယ်က ဝင်လာသလဲ လေ့လာကြည့်လိုက်ရင် မှောင်ခိုလမ်းကြောင်း အမျိုးမျိုးက လာတာ၊ နိုင်ငံခြားကနေ တင်သွင်းခွင့် ရထားတဲ့ အခွန်လွတ်ဆိုင်နဲ့ ဟိုတယ်တွေကနေ လိုတာထက် ပိုတင်သွင်းထားပြီး တရားမဝင် ဖြန့်ဖြူးရာကနေ ဆိုင်တွေပေါ် ရောက်လာတာမျိုးပဲ ဖြစ်ပါတယ်။
နောက်ထပ် သဘာ၀ မကျတဲ့ ဖြစ်ရပ်ကြီးကတော့ ပြည်တွင်းမှာ နိုင်ငံခြားဖြစ် အရက် ရောင်းချမှု လုံး၀ ပိတ်ပင် ကန့်သတ်ထားပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနကနေ နိုင်ငံအနှံ့က စားသောက်ဆိုင်တွေ၊ Liquor House ဆိုင်တွေနဲ့ စတိုးဆိုင်တွေကို လိုင်စင်ကြေး ကျပ်၁၅ သိန်းပေးရတဲ့ FL 12 နဲ့ ကျပ် ၂၄ သိန်းပေးဆောင်ရတဲ့ FL 17 လိုင်စင်တွေ ချထားပေးခြင်းပါပဲ။ အဲဒီအထဲက Liquor House ဖွင့်လို့ရတဲ့ FL 12 လိုင်စင်ပေးထားသူဟာ ရန်ကုန်တိုင်း အတွင်းထဲမှာပဲ ၂၀၀၀ ကျော်၊ တစ်နိုင်ငံလုံးဆိုရင် ၄၀၀၀၀ ကျော် ရှိနေတာပါ။ ကျန် FL 17 ဆိုတာကတော့ စားသောက်ဆိုင်တွေကို ပေးတဲ့ လိုင်စင်ဖြစ်ပြီး ဒီထက် အရည်အတွက် ပိုများပါတယ်။
အကျိုးဆက်ကတော့ တင်သွင်းခွင့် အခွင့်ထူးရတဲ့ လူတစ်စု အကြီးအကျယ် အကျိုးအမြတ် ဖြစ်ထွန်းတာ၊ ကျယ်ပြန့်တဲ့ အကျင့်ပျက် အဂတိလိုက်စားမှု ဖြစ်ပေါ်စေတာ၊ တိုင်းသူပြည်သားတွေရဲ့ စားသုံးသူ အခွင့်အရေး ချိုးဖေါက်ခံရတာတွေနဲ့ အခွန်အကောက် ရမယ့်ငွေ ဆုံးရှုံးတာမျိုး ဖြစ်ပေါ်စေခဲ့တာပါပဲ။ ခုလို နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့် ပေးလိုက်ရင် တိုင်းပြည်အတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ ရလာမလား ဆိုတာကလည်း စဉ်းစားစရာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားကနေ ကုန်ပစ္စည်း အမျိုးမျိုး တင်သွင်းတာကနေ အကောက်ခွန် အပြည့်အ၀ ရတယ်ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ တရားဝင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးတွေ ကိုယ်တိုင် တရားဝင် လမ်းကြောင်းကနေ အခွန်ဆောင်ပြီး ကုန်ပစ္စည်းတစ်ချို့ တင်သွင်း၊ တစ်ချို့ကိုတော့ နယ်စပ် မှောင်ခိုလမ်းကြောင်းကနေ တရားမဝင် တင်သွင်းပြီး ဈေးကွက်ထဲ ရောနှော ရောင်းချတာမျိုး လုပ်ကြပါတယ်။
တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျော်စက်လို အီလက်ထရောနစ် ပစ္စည်းတွေ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ အိုင်တီ ဆက်စပ်ပစ္စည်းတွေ အပါအဝင် သွင်းကုန်အားလုံး အဲဒီနည်းနဲ့ တင်သွင်း၊ ရောင်းချနေကြတာပါ။ လောလောဆယ် နိုင်ငံခြားဖြစ် အရက်တွေ တရားဝင် တင်သွင်းခွင့် မပေးခင်တုန်းက နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုး တင်သွင်းခွင့် ပေးခဲ့ပါတယ်။ နိုင်ငံခြားဖြစ် ဝိုင်တွေ ကိစ္စမှာလည်း အခြားကုန်ပစ္စည်းတွေလိုပဲ အခွန်ဆောင်ပြီး တင်တာနည်းနည်း၊ တရားမဝင် ခိုးသွင်းတာများများ လုပ်ပြီး အခွန်ရှောင်ကြတာပါ။ နိုင်ငံခြားဖြစ် အရက်တွေနဲ့ ပတ်သက်ရင် အဲလို ခိုးသွင်းကြဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အခွန်နှုန်းထား ကြီးမြင့်လို့ပါ။
၂၀၁၉ စက်တင်ဘာ ၂၅ ရက်နေ့က ပြဌာန်းလိုက်တဲ့ ပြည်ထောင်စုဇ။် အခွန်အကောက် ဥပဒေမှာ နိုင်ငံခြားဖြစ် အရက် တင်သွင်းခွင့်နဲ့ ပတ်သက်ရင် တစ်လီတာ ကျပ် တစ်သောင်းကနေ တစ်သောင်းခွဲတန် အရက် တစ်ပုလင်းအတွက် အခွန် ၃၂၅၂ ကျပ်ကနေ ကျပ် ၄၁၀၀ အထိ သတ်မှတ်ထားပေမယ့် ကျပ် တစ်သောင်းခွဲအထက် အရက်အားလုံးကိုတော့ တစ်လီတာ တန်ဘိုးရဲ့ ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။ အဓိပ္ပါယ်ကတော့ ကျပ် ၂သောင်းတန် အရက်တစ်ပုလင်း အတွက် အခွန် ကျပ် ၁၂၀၀၀၊ ကျပ် ၃ သောင်းတန် အရက်တစ်ပုလင်း အတွက် အခွန် ကျပ် ၁၈၀၀၀၊ ကျပ် ၄ သောင်းတန် အရက်တစ်ပုလင်း အတွက် အခွန် ကျပ် ၂၄၀၀၀ ပေးရမယ့် သဘောပါ။ နိုင်ငံခြားဖြစ် အရက်တွေရဲ့ တစ်လီတာ တစ်ပုလင်း တန်ဘိုးဟာ အနည်းဆုံး ကျပ် တစ်သောင်းခွဲ အထက်မို့ အခွန်နှုန်းထား ကြီးမြင့်နေမှာ သေခြာပါတယ်။ သိပ်မကြာသေးခင်တုန်းက တင်သွင်းခွင့်ပြုခဲ့တဲ့ ဝိုင်အမျိုးမျိုးကို အခွန် ၅၀% သတ်မှတ်ထားတာတောင် မှောင်ခိုလမ်းကြောင်းကနေ အများကြီး တင်သွင်းကြတာမို့ အခွန် ၆၀ ရာခိုင်နှုန်း ကျသင့်မယ့် အရက်အမျိုးမျိုး ဆိုရင် အဲဒီလိုပဲ မှောင်ခိုသွင်းကြဦးမှာပါ။ ဒါကြောင့် အရက်အမျိုးမျိုး တင်သွင်းမှုကနေ အစိုးရအတွက် အခွန်အခ ထိထိရောက်ရောက် ရဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။
နိုင်ငံခြားဖြစ် အရက် အမျိုးမျိုး တရားဝင် တင်သွင်းရောင်းချမှုကနေ ရလာမယ့် အဓိက အကျိုးကျေးဇူးကတော့ အဲလို ပိတ်ပင်ထားလို့ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှု အမျိုးမျိုး လျော့ပါးသွားနိုင်တာပါ။ မှောင်ခို ခိုးသွင်းလာတာ၊ တရားဝင်တွေ မဟုတ်ဘူး ဆိုပြီး နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး ရောင်းချနေတဲ့ ဆိုင်တွေကို ရဲနဲ့ အာဏာပိုင် အဖွဲ့အစည်းက တာဝန်ရှိသူ တစ်ချို့ အမြဲတန်းလိုလို ငွေညှစ် အကြပ်ကိုင်တာမျိုး၊ အဲဒီဆိုင်တွေကနေ ရဲတွေကို ပုံမှန်လိုင်းကြေး ပေးရတာမျိုး၊ မထင်ရင် မထင်သလို ဝင်ရောက် ဖမ်းဆီးခံရတာမျိုး လျော့နည်းသွားနိုင်ပါတယ်။ တရားဝင် တင်သွင်း၊ ရောင်းချမှုတွေ ဖြစ်လို့ စားသုံးသူ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း အရေးဆိုနိုင်ခွင့် ရှိတော့မှာပါ။ နိုင်ငံခြားဖြစ် အရက်အတု ဝယ်ယူမိရင် သက်ဆိုင်ရာ စားသုံးသူရေးရာ ဌာနကို တိုင်တန်း၊ ဖြေရှင်းမှု ရယူနိုင်ကြပါလိမ့်မယ်။ ခုလို နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး တရားဝင် တင်သွင်းခွင့် ပြုလိုက်ခြင်းအားဖြင့် အစိုးရအတွက် အခွန်အကောက် သိသိသာသာ ရလာဖို့ မရှိပေမယ့် လူတစ်စုကိုပဲ အခွင့်ထူးပေးထားမှု ပယ်ဖျက်နိုင်တာ၊ အဂတိလိုက်စားမှု တစ်ချို့ လျော့ချနိုင်မှာ၊ စားသုံးသူ အခွင့်အရေး တစ်ချို့ ရလာမှာ အပြင်၊ ရာစုနှစ် တစ်ဝက်ကျော် ချမှတ်ခဲ့တဲ့၊ နိုင်ငံတစ်နိုင်ငံ အတွက် အဓိပ္ပါယ်မဲ့တဲ့ ပိတ်ပင်ထားမှု တစ်ခုကို သဘာ၀ ကျကျ ဖယ်ရှား ပြင်ဆင်နိုင်ခဲ့ပြီ ဆိုတဲ့ အကျိုးကျေးဇူးတော့ ရမှာ ဖြစ်ကြောင်းပါ။
-------------------