ခုဆိုရင် ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးတာ နှစ်ပေါင်း ၃၀ ရှိခဲ့ပါပြီ။ အဲဒီအချိန်က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထု တစ်ရပ်လုံး တောင်းဆိုခဲ့တာဟာ ဒီမိုကရေစီ ရဖို့ပါ။ နှစ်ပေါင်း ၃၀ ကြာလာတဲ့ ယနေ့ထက်တိုင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ မဖြစ်သေးဘူး ဆိုတာ နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေကပါ လက်ခံကြပြီဖြစ်သလို၊ နောက်ဆက်တွဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေလည်း ဖြစ်ပေါ်မလာသေးပါဘူး။ ဒါတွေနဲ့ ပတ်သက်ရင် အာဏာရှင်တွေက ဖိနှိပ်လို့၊ အာဏာရှင်တွေ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့၊ အာဏာရှင်တွေက တိုင်းသူပြည်သားတွေကို ရန်သူတွေ သဖွယ် သဘောထားလို့ ဖြစ်ရတာ ဆိုပြီး အများက သုံးသပ်ကြပါတယ်။ ဒါပေမယ့် ဒီကနေ့ တိုင်းပြည်နဲ့ ပြည်သူတွေ ခုလိုအခြေအနေ ဖြစ်နေရတာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ လိုလားပါတယ် ဆိုတဲ့ အတိုက်အခံတွေဘက်က ဘာအားနည်းချက်၊ ဘာလိုအပ်ချက်တွေ ရှိနေလဲ၊ ဘာအမှားအယွင်းတွေ လုပ်ခဲ့ကြသလဲ ဆိုတာကိုတော့ သုံးသပ်တာ မတွေ့ရသလောက် နည်းပါးပါတယ်။ ခုတစ်ပတ် ၈ လေးလုံး နှစ် ၃၀ ခရီးကနေ ဘာတွေ သင်ခန်းစာ ယူသင့်သလဲ ဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။
၁၉၈၈ ခုနှစ်က အခြေအနေကို တစေ့တစောင်း ပြန်ကြည့်ရင် အဲဒီအချိန်က ဒီမိုကရေစီကို လိုလားတောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်သူလူထု တစ်ရပ်လုံးတင်မကပဲ ဝန်ထမ်းလို၊ ရဲတပ်ဖွဲ့လိုမျိုးကတောင် ပါဝင်တာ တွေ့နိုင်ပါတယ်။ တပ်မတော်က ပါတယ် ဆိုပေမယ့် အတော်လေးကို နည်းပါးတဲ့ အရည်အတွက်ပါ။ နောက်တော့ ဒီမိုကရေစီ တောင်းဆိုတဲ့ လှုပ်ရှားမှုကို စစ်အာဏာရှင်တွေရဲ့ ညွှန်ကြားချက်နဲ့ တပ်မတော်က အကြမ်းဖက် နှိမ်နင်းရုံမက စစ်အုပ်ချုပ်ရေးပါ စတင်လိုက်ပါတယ်။ ဒီအချက်ကိုကြည့်ရင် တိုင်းပြည်မှာ တစ်တိုင်းပြည်လုံးက ဘယ်လို စနစ်ကျင့်သုံးချင်ပါတယ်၊ ဘာကိုလိုချင်ပါတယ် ဆိုပြီး ဘယ်လောက်ပဲ ဆန္ဒပြင်းပြနေနေ၊ ဘယ်လောက်ပဲ တောင်းဆိုနေနေ တပ်မတော်က မပါရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတဲ့ သင်ခန်းစာပါ။ တစ်နည်းအားဖြင့် တပ်မတော်ဟာ ထိပ်ပိုင်းက ရာထူးကြီးတဲ့ စစ်ဗိုလ်ချုပ်တွေက ကျောင်းသားဖြစ်ဖြစ်၊ ရဟန်းသံဃာဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်၊ ပြည်သူဖြစ်ဖြစ် ဖမ်းဆိုဖမ်း၊ ရိုက်ဆိုရိုက်၊ ပစ်ဆိုပစ် ဘာအမိန့်ပေးပေး လုပ်မယ်ဆိုတဲ့ အခြေအနေမျိုး ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒ ပြည့်ဝနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် တပ်မတော်ကို လူတစ်ဦး တစ်ယောက်ယောက်က ဘာအမိန့်ပေးပေး နာခံတဲ့ အဖွဲ့အစည်းမျိုး ဆိုတာထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ စစ်စည်းကမ်း၊ စစ်ဥပဒေတွေကို နာခံတဲ့ တပ်မတော်မျိုး ဖြစ်လာအောင် စည်းရုံးကြဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံတွေဟာ နှစ် ၃၀ အတွင်း ဒါကို စနစ်တကျ အကောင်အထည် ဖော်ခဲ့ကြပါရဲ့လား ဆိုတာ မေးခွန်း ထုတ်စရာပါ။
နောက်တစ်ခုက အတိုက်အခံတွေရဲ့ ဒီမိုကရေစီ တိုက်ပွဲ ဆင်နွဲှခဲ့ကြတဲ့ ပုံသဏ္ဍာန်ပါ။ မြန်မာနိုင်ငံက အတိုက်အခံတွေဟာ အာဏာရှင်တွေကို မကြောက်မရွံ့ အသက်အသေခံ၊ ဘ၀ အပျက်ခံ ၊ အနှိပ်စက်ခံ၊ ထောင်ကျတန်းကျခံ တွန်းလှန်တဲ့နေရာမှာတော့ ရဲစွမ်းသတ္တိဟာ ပြိုင်စံရှားပါပဲ။ နိုင်ငံတကာနဲ့လည်း ယှဉ်နိုင်ပါတယ်။
ဒါပေမယ့် ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်တယ် ဆိုတာ အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့၊ အာဏာရှင်စနစ် အဆုံးသတ်ဖို့အတွက် သက်သက်မဟုတ်ပဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းသူပြည်သားတွေ ချမ်းသာကြွယ်ဝပြီး ပညာရေးအပါအဝင် အဖက်ဖက်က မြင့်မားတဲ့ လူသားတွေ ဖြစ်လာဖို့ ဆိုတဲ့ ရည်မှန်းချက်တွေနဲ့လည်း တစ်ထပ်တည်း ကျနေပါတယ်။ ပြောရရင် ရေရှည်မှာ ဒီမိုကရေစီ တိုက်ပွဲ အောင်မြင်ဖို့ ဆိုရင် ဖိနှိပ်တဲ့ အင်အားစုတွေ အားနည်းသွားပြီး ပြည်သူလူထု တစ်ရပ်လုံးကို အားကောင်းအောင် လုပ်နေဖို့ လိုအပ်ပါတယ်။ အတိုက်အခံ ဘဝမှာဖြစ်စေ၊ အာဏာ တစ်ချို့တစ်ဝက် ရတဲ့ အခြေအနေဖြစ်စေ၊ အာဏာ အလုံးစုံ ရတဲ့အခါပဲ ဖြစ်စေ အဲဒီအချက်ဟာ အရေးကြီးပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက အတိုက်အခံတွေဟာ အာဏာရှင်တွေကို တွန်းလှန်ဖို့ လောက်ပဲ အာရုံရှိကြပြီး ပြည်သူလူထု အင်အားရှိရေး ကိစ္စကိုတော့ မေ့လျော့ထားခဲ့ကြဟန် တူပါတယ်။
အခြားတစ်ဖက်မှာတော့ စစ်အာဏာရှင်တွေဟာ ကျောင်းသားတွေကို ရန်သူလို့ သဘောထားပါတယ်။ ကျောင်းသားတွေ အင်အားချည့်နဲ့သွားအောင် လုပ်ခဲ့သလို ပညာရေးစနစ်ကိုပါ ပျက်စီးအောင် ဖျက်ဆီးခဲ့ကြပါတယ်။
အလားတူ ပြည်သူလူထု ဆင်းရဲတွင်း နက်နေမှ သူတို့ကို မဆန့်ကျင် ဖြစ်မှာလို့ တွက်ဆ ပြီး ဆင်းရဲတွင်းနက်သထက် နက်အောင်လည်း နည်းပေါင်းစုံ ဖန်တီးခဲ့ကြပါသေးတယ်။ ထူးခြားတာတစ်ခုကတော့ အတိုက်အခံ အင်အားစုတွေဟာ အာဏာရှင် ဆန့်ကျင်တဲ့ နိုင်ငံရေးသက်သက် လှုပ်ရှားမှုတွေကလွဲရင် ပြည်သူတွေ အင်အားချိနဲ့မသွားရအောင်၊ အာဏာရှင်တွေ ဖိနှိပ်တဲ့ကြားက အင်အားကောင်းလာအောင် ဘယ်လို လှုပ်ရှားမှုမျိုး၊ ဘယ်လို အားပေးမှုမျိုးမှ လုပ်ခဲ့တာ မတွေ့ကြရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင်လျင် အာဏာရှင်တွေက ကျောင်းသားတွေကို ဖိနှိပ်နေတယ်၊ ပညာရေးစနစ်ကို ဖျက်ဆီးနေတယ်၊ ဒါပေမယ့် ဘယ်လို အခြေအနေရောက်ရောက် ပညာကို တတ်အောင် သင်ကြ ဆိုပြီး လှုံ့ဆော်တာမျိုး မလုပ်ခဲ့သလို၊ တိုင်းသူပြည်သားတွေကိုလည်း ဆင်းရဲနိမ့်ကျအောင် မနေကြနဲ့ ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ် ချမ်းသာအောင် ကြိုးစားကြ ဆိုတာမျိုးလည်း မပြောခဲ့ပါဘူး။ ကျောင်းသားတွေကို သတ္တိရှိကြဖို့၊ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လှုံ့ဆော်တာမျိုးလောက်ပဲ ရှိခဲ့တာပါ။ ဒါကြောင့်လည်း အားလုံး သိကြတဲ့အတိုင်း ပြည်သူလူထုဟာ အာဏာရှင်ကို အံတုနိုင်တဲ့ ခွန်အားရှိတဲ့ ပြည်သူတွေ ဖြစ်မလာပဲ နှစ်ကြာလာလေလေ ရုပ်ဝတ္တုအရရော၊ ပညာဉာဏ်အမျှော်အမြင် အရပါ အင်အားချိနဲ့တဲ့ ပြည်သူတွေ ဖြစ်လာတော့တာပါပဲ။
နောက်တစ်ချက်က လက်ရှိ တိုင်းပြည် အခြေအနေကို ပြန်ကြည့်ရင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ယောက် တိုင်းပြည်ကို အာဏာခွဲေ၀ အုပ်ချုပ်နေကြတဲ့ ပုံသဏ္ဍန်မျိုး ရှုမြင်နိုင်ပါတယ်။ ဒါဟာ ရာစုနှစ် တစ်ဝက်လောက်အထိ တိုင်းပြည်ကို စစ်အာဏာရှင်တွေကသာ ရာနှုန်းပြည့် ချုပ်ကိုင် ချယ်လှယ် လွှမ်းမိုးလာတာနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အလွန်ကြီးမားတဲ့ တိုးတက် ပြောင်းလဲမှုလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေ ပေါ်ပေါက်လာရတာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံတွေရဲ့ ကြိုးပမ်းမှု၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ မဲပေးမှုချည်း သက်သက်ကြောင့်ပဲတော့ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာအတွင်း စစ်ဗိုလ်ချုပ်ဟောင်းတွေကြား၊ အာဏာရပါတီကြား ကြီးမားတဲ့ အကွဲအပြဲ ပြသနာ၊ နယ်စပ် ပြသနာတွေကြောင့် တရုတ်နဲ့ သဘောထားကွဲပြီး ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံချင်ရင်တောင် အာဏာသိမ်းဖို့ စဉ်းစားရ ခက်နေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အနေအထား စတဲ့ စတဲ့ အခြေအနေတွေ ပေါင်းဆုံပြီးမှ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲပါ။ ဒါကြောင့် အဲလို အခြေအနေမျိုးကို သင်ခန်းစာယူပြီး ဒီမိုကရေစီ ဒီ့ထက် ပိုခိုင်မာလာအောင်၊ အတွေးအခေါ်တွေ ပြောင်းလဲဖို့ အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။
ဝမ်းနည်းစရာ တစ်ခုကတော့ ၈၈ အရေးအခင်းပြီးနောက် နှစ် ၃၀ ကြာလာတဲ့တိုင် မြန်မာနိုင်ငံဟာ အခြားသော ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံတွေထက် ဘာကြောင့် အောင်မြင်မှု သိပ်မရသေးတာလဲ၊ တိုင်းပြည် နဲ့ ပြည်သူတွေ ဘာကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေရတာလဲ၊ အဲဒီ ကိစ္စတွေဖြစ်ရတာဟာ အာဏာရှင်တွေကြောင့်ချည်း သက်သက်ပဲလား၊ အတိုက်အခံတွေ ဘာအားနည်းချက်တွေ ရှိနေသလဲ၊ ဘာတွေမှားခဲ့သလဲ ဆိုတာမျိုး ပြောဆို သုံးသပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မရှိသလောက် နည်းပါးနေသေးတာပဲ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5