အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်လို့ ခေါ်တဲ့ လက်နက်ကိုင် ၄ ဖွဲ့ အပစ်ရပ် လက်မှတ်ထိုးနိုင်ရေး၊ တစ်ခါ အချိန်ပြန်ပေးလိုက်ရပြန်ပါပြီ။ အကြောင်းကတော့ အစိုးရ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လို့ခေါ်တဲ့ KIA ကချင်လက်နက်ကိုင် အဖွဲ့၊ AA ရခိုင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ နဲ့ တအဲာန်းပလောင် တပ်ဖွဲ့တို့ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံကြတဲ့ ကျိုင်းတုံ ဆွေးနွေးပွဲမှာ သဘောတူညီချက် (၇) ချက်ရခဲ့တယ်လို့ ဆိုပေမယ့် အဲဒီ သဘောတူညီချက်တွေ ဆိုတာဟာ ဆက်ပြီး ဆွေးနွေးမယ် ဆိုတဲ့ သဘောလောက် ဖြစ်နေလို့ပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်တော့မယ် ဆိုရင် အလျင်ဦးဆုံး ဆောင်ရွက်ရတာက နှစ်ဖက် အပစ်အခတ် ရပ်စဲရေးပါ။ အပစ်အခတ်ရပ်စဲရေး ရပြီဆိုရင် ပစ်ခတ်တိုက်ခိုက်နေတာ မဟုတ်တဲ့ အခြေအနေအောက်မှာ နှစ်ဖက် တွေ့ဆုံ ညှိနှိုင်း စကားပြောကြဖို့ပါပဲ။ အခုဆိုရင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် နှောင်းပိုင်းက စ တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ၂၀၁၃ ခုနှစ်လောက်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၅ ခုနှစ် အရောက်လောက်ဆို အခြေခံ သဘောတူညီချက်တွေ ရလိမ့်မယ်လို့ မျှော်မှန်းပြီး အကောင်အထည် ဖော်ခဲ့တာပါ။ ခုဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ပြီးတာ ၈ နှစ်ဝန်းကျင် ကြာလာသည်အထိ တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။ ဘာကြောင့် အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်ကြသေးတာလဲ၊ ဘယ်လို အခက်အခဲ အတားအဆီးတွေ ကြုံနေရသလဲ ဆိုတာ ခုတစ်ပတ် လေ့လာ တင်ပြသွားပါမယ်။
လက်ရှိ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် ၄ ဖွဲ့နဲ့ အပစ်ရပ်ရေး ကိစ္စမှာ အဓိက အတားအဆီးသဖွယ် ဖြစ်နိုင်တာက တပ်နေရာချထားရေးပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရခိုင်ပြည်နယ် မြို့နယ် တစ်ချို့မှာ မဟာမိတ် အဖွဲ့ဝင် AA နဲ့ တပ်မတော် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါကို တပ်မတော်ဘက်က သောင်းကျန်းမှု နှိမ်နင်းတဲ့ စစ်ဆင်ရေး ဆိုပြီး တိုက်ခိုက်ချေမှုန်းနေပါတယ်။ တကယ်လို့ တပ်မတော်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ အပစ်ရပ်ကြပြီဆိုရင် ပထမ အဆင့် ရောက်တဲ့နေရာကနေ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားရပါလိမ့်မယ်။ ဒုတိယ ဖြေရှင်းရမယ့် ပြသနာကတော့ တပ်နေရာချထားရေးပါ။ တပ်မတော်ဘက်က ကိုင်စွဲထားတာကတော့ ရခိုင် AA တပ်ဖွဲ့ဆိုတာ ကေအိုင်အေ ကချင်လက်နက်ကိုင် နယ်မြေမှာ ပေါ်ပေါက်လာတာ၊ ဒါကြောင့် ရခိုင်ပြည်နယ်မှာတော့ အခြေချခွင့် မပေးနိုင်ဘူး လို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။ ဒါကို ရခိုင်တပ်ဖွဲ့ကရော၊ သူ့မဟာမိတ်တွေကပါ လက်မခံနိုင်ကြပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်မှာ အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား အရာရှိကြီး တစ်ယောက်ကတောင် AA ကို ရခိုင်မှာ အခြေချဖို့ လက်မခံတဲ့ တပ်မတော်ရဲ့ သဘောထားဟာ လက်တွေ့မကျဘူးလို့ သုံးသပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်ရပ် လက်မှတ်ထိုးရေး ပထမ အဆင့်မှာ ဒီအချက် ပါမလာရင်တောင် နောက်ပိုင်း ခက်ခဲတဲ့ ညှိနှိုင်းမှု လုပ်ကြရပါလိမ့်မယ်။
တပ်မတော်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ ကြုံနေရတဲ့ ဒုတိယ အခက်အခဲ ကတော့ အပစ်ရပ်စာချုပ်ကို တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးမလား၊ အားလုံးပေါင်းပြီး လက်မှတ်ထိုးကြမလား ဆိုတာပါ။ တပ်မတော်ဘက်ကတော့ အပစ်ရပ် သဘောတူညီချက်ရရင် တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ရေးထိုးချင်တယ်လို့ ဆိုထားပါတယ်။ တပ်မတော်ဘက်က စဉ်းစားပုံက လက်မှတ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မပြေမလည် ဖြစ်ခဲ့ရင် အခြား လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ပါ ပြသနာ မဖြစ်ချင်တဲ့ သဘောပါ။ ဒါကို မဟာမိတ် ၄ ဖွဲ့ဘက်က လက်မခံပါဘူး။ အပစ်ရပ်စာချုပ်ကို စာရွက်တစ်ရွက်ထဲပေါ်မှာ ၄ ဖွဲ့စလုံးက စုစုစည်းစည်း လက်မှတ်ထိုးမယ် ဆိုပြီး ရပ်ခံထားတာ တွေ့ရပါတယ်။
နောပ်ထပ် ကြုံရမယ့် ပြသနာ တစ်ခုကတော့ အပစ်ရပ် ခိုင်မာအောင် စောင့်ကြည့်ရေး လုပ်ငန်းစဉ်ပါ။ မြောက်ပိုင်း ၄ ဖွဲ့ဘက်ကတော့ ဒီလို စောင့်ကြည့်ရေး လုပ်ငန်းစဉ်ထဲမှာ တရုတ်နိုင်ငံကို ထည့်သွင်းချင်တယ်လို့ အဆိုပြုထားပါတယ်။ တပ်မတော်ဘက်ကတော့ လောလောဆယ် ဒါကို မဆွေးနွေးသေးဘူးလို့ ပြောထားသလို၊ အပစ်ရပ် လုပ်ငန်းစဉ်တွေမှာ အိမ်နီးချင်း ဖြစ်စေ၊ နိုင်ငံတကာက ဖြစ်စေ၊ ဘယ်နိုင်ငံကမှ ပါဝင် စောင့်ကြပ် ကြည့်ရှုတာမျိုး မလိုလားဘူးလို့ ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ အရင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ NCA လက်မှတ်ထိုးစဉ်က ဒီအချက်ကို ကျော်လွှားခဲ့ပြီဖြစ်ပေမယ့် အခု ၄ ဖွဲ့နဲ့ ဆွေးနွေးရာမှာ အဆင်ပြေပါ့မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမယ့် အနေအထားပါပဲ။
တပ်မတော် နဲ့ မြောက်ပိုင်း ၄ ဖွဲ့ကြုံကြရမယ့် နောက်ထပ် အခက်အခဲ တစ်ခုက အပစ်ရပ် စာချုပ်မှာ ထည့်သွင်းမယ့် NCA စာချုပ် လက်မှတ်ရေးထိုးကြမယ့် အချိန်ဇယားပါ။ တပ်မတော်ဘက်ကတော့ အပစ်ရပ်စာချုပ်ထဲမှာ လက်မှတ်ထိုးပြီးလို့ အချိန်ဘယ်လောက် ကြာရင် ဥပမာ နှစ်လတန်သည် ၃ လ တန်သည်ကြာရင် NCA စာချုပ် လက်မှတ်ရေးထိုးပါ့မယ် ဆိုတဲ့ ကတိကဝတ်မျိုး ထည့်သွင်းထားချင်တာပါ။ ဒါပေမယ့် ဒါကို မြောက်ပိုင်း ၄ ဖွဲ့ဘက်က လက်ခံနိုင်မယ့်ပုံ မရှိပါဘူး။
လက်ရှိ သူတို့စဉ်းစားပုံကတော့ အစိုးရ၊ တပ်မတော် နဲ့ နှစ်ဖက် အပစ်ရပ် စာချုပ် ချုပ်နိုင်ခဲ့ရင်တောင် NCA စာချုပ်မှာ ပါဝင်ဖို့ ကိစ္စကိုတော့ သူတို့ရဲ့ မဟာမိတ် FPNCC အဖွဲ့ဝင် ဝ၊ မိုင်းလား၊ SSPP ရှမ်းတပ်ဖွဲ့တွေနဲ့ အတူတကွ ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြပုံ ရပါတယ်။ ဒါကြောင့် အပစ်ရပ်စာချုပ်ထဲမှာ NCA စာချုပ်လက်မှတ်ထိုးရမယ့် အချိန်ဇယား တိတိကျကျ ထည့်သွင်းမှာကို မြောက်ပိုင်း ၄ ဖွဲ့ မလိုလားပါဘူး။ ဒီအချက်တွေကို ဆွေးနွေး ကျော်လွန်နိုင်ရင်တော့ အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ နှစ်ဖက် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီနေရာမှာ အရေးအကြီးဆုံးကတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ပါပဲ။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ် လက်မှတ်ထိုးရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ လက်တွေ့ကျတဲ့ လိုက်လျောမှု အများကြီး လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ဖို့ စပြီး ကမ်းလှမ်းချိန်ကစတိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ်ပဲ လုပ်ရမယ် ဆိုတဲ့ စကားမျိုး မပြောတော့ပါဘူး။ ငြိမ်းချမ်းရေးအရ သဘောတူညီချက် မရသေးမီစပ်ကြား တိုင်းရင်းသား လက်နက်ကိုင်တွေကို သူတို့ရဲ့ နိုင်ငံရေး အဖွဲ့အစည်း နဲ့ လက်နက်ကိုင် တပ်ဖွဲ့ တည်ရှိခွင့် ခွင့်ပြုပေးထားတဲ့အပြင် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါတင်မက တိုင်းရင်းသားတွေဘက်က တစ်ဖွဲ့ချင်းစီနဲ့ စကားမပြောချင်ဘူး၊ စုပေါင်းပြီး ပြောချင်တယ် ဆိုတော့လည်း စုဖွဲ့ပြီး ပြောခွင့်၊ ဆွေးနွေးခွင့် ပေးရုံမက လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံ လုပ်တဲ့ ကိစ္စမျိုးမှာပါ အကူအညီ ပေးခဲ့ပါသေးတယ်။ ဒီအခြေအနေတွေ အားလုံးမှာ တပ်မတော်ဟာ အစိုးရနဲ့ တသားတည်း ရပ်တည်ခဲ့တာ တွေ့ရပါတယ်။
ဒီလို နည်းနဲ့ နှစ်ဖက် သဘောတူတဲ့ NCA စာချုပ် တစ်ခု ရလာပေမယ့် တကယ်တန်း လက်မှတ်ထိုးဖို့ ဖြစ်လာတဲ့အခါ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ လက်နက်ကိုင် ၃ ဖွဲ့ကို ပါဝင်ခွင့် မပေးရာကနေ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု အခြေအနေ နောက်ဆုတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ် ဆိုရင် အရင် အစိုးရလက်ထက်က ရပ်တည်ခဲ့သလို၊ ပြသနာတွေကို လက်တွေ့ကျကျ ရင်ဆိုင်၊ လိုက်လျောသင့်တာ လိုက်လျော၊ လိုက်လျောဖို့ မသင့်တာတွေအတွက်လည်း ပြတ်ပြတ်သားသား ရပ်ခံ ရင်ဆိုင်လို့ ရပါတယ်။ ဒါမှသာ မြောက်ပိုင်း ၄ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အနိမ့်ဆုံးအဆင့် သဘောတူညီချက် တစ်ခု ရနိုင်မှာ ဖြစ်ကြောင်းပါ။
Your browser doesn’t support HTML5
အပဈရပျစဲဖို့အရေး ဘာအခကျအခဲတှေ တှေ့နသေလဲ