Your browser doesn’t support HTML5
Zawgyi/ Unicode
အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လာမယ့် နိုဝင်ဘာလ အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက် ကျင်းပမလဲ ဆိုတာကိုတော့ တိတိကျကျ မကြေငြာသေးပါဘူး။ ကော်မရှင် တာဝန်ရှိသူတွေ ပြောဆိုချက်အရ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် အတိအကျကို ၂၀၁၀ တုန်းက ၃ လနီးပါး အလိုမှာ ကြေငြာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ၄ လကြိုပြီး ကြေငြာခဲ့တဲ့အကြောင်း၊ အခုလည်း အဲလို မပြောင်းလဲပဲ ကြေငြာမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ခုဆိုရင် နိုဝင်ဘာလ ရောက်ဖို့ ၅ လ လောက် လိုနေသေးတာမို့ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျ ကြေငြာတာဟာ ၂၀၂၀ ဇူလိုင်လ အတွင်း ဖြစ်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အရင် စစ်အာဏာရှင်တွေ ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ စ တွက်ရင် လာမယ့် ရွေးကောက်ပွဲဟာ တတိယ အကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်မှာပါ။ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေကပါ စိတ်ဝင်စားနေကြတဲ့ လာမယ့် ရွေးကောက်ပွဲဟာ ရှေ့မှာ ၂ ကြိမ် ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ဘာတွေ ကွာခြားချက်၊ ထူးခြားချက်တွေ ရှိမလဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရော ဖြစ်နိုင်မလား ဆိုတာ ခုတစ်ပတ် လေ့လာ တင်ပြသွားပါ့မယ်။
မြန်မာနိုင်ငံ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြဌာန်းချက်၊ ရွေးကောက်ပွဲ ဥပဒေ၊ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာတွေဟာ အရေးကြီးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်ထဲ ရောက်မယ့် ကိုယ်စားလှယ် ၄ ပုံတစ်ပုံကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်၊ ကျန် ၄ ပုံ ၃ ပုံကိုပဲ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးချယ်ရမယ်လို့ ပြဌာန်းထားတဲ့ အတွက် တရားမျှတမှု မရှိနိုင်ဘူး ဆိုတာ ပေါ်လွင်ပြီးသားပါ။ ရွေးကောက်ပွဲ ဥပဒေမှာလည်း အားနည်းချက်တွေ အများကြီး ရှိနေဆဲပါ။ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲမှာ တရားမျှမျှတတ နဲ့ ယှဉ်ပြိုင်နိုင်အောင် ဒိုင်သဖွယ် ဆောင်ရွက်ပေးရမှာလောက် ဖြစ်သင့်ပေမယ့် ဥပဒေထဲမှာတော့ နိုင်ငံရေးပါတီတွေ အားလုံးရဲ့ အထက်မှာ ရှိနေတဲ့၊ ဘယ် နိုင်ငံရေးပါတီကို မဆို ဖျက်သိမ်းခွင့်အာဏာ ရရှိထားတဲ့ အထက် အာဏာပိုင် အဖွဲ့အစည်း တစ်ခု သဖွယ် ပြဌာန်းထားလို့ပါပဲ။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်ရင်လည်း သမ္မတ အနေနဲ့ သူက “ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ်” ယူဆတယ် ဆိုရုံနဲ့ ဥက္ကဌကိုရော အဖွဲ့ဝင်တွေကိုပါ ခန့်အပ်နိုင်တယ်လို့ ဖွဲ့စည်းပုံမှာကို အတိအလင်း ပြဌာန်းထားတာကြောင့် တရားမျှတတဲ့၊ ဘက်မလိုက်တဲ့ ပုဂ္ဂိုလ်တွေ အဖြစ် နိုင်ငံရေးပါတီ အများစုက ယုံကြည်ဖို့ ခက်ခဲစေပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကတော့ အရင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နှစ်ယောက်နဲ့တော့ ခြားနားပါတယ်။ အရင် ကော်မရှင် ဥက္ကဌ ၂ ယောက်စလုံးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ခဲ့ပြီး လက်ရှိ ကော်မရှင် ဥက္ကဌ ကတော့ အရပ်သားပညာရှင် ဖြစ်နေလို့ပါပဲ။
ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် လက်ရှိ ကော်မရှင်လက်ထက်ကျမှ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု တစ်ချို့တော့ ရှိပါတယ်။ အဲဒါတွေကတော့ တပ်မတော်သားနဲ့ မိသားစုဝင်တွေ မဲပေးရမယ့် မဲရုံတွေကို နဂို တပ်တွင်းမှာ ထားရာကနေ လာမယ့် ရွေးကောက်ပွဲမှာ တပ်ပြင်ပ ထုတ်ပြီး မဲပေးစေမယ့် ကိစ္စပါ။ ရှေ့ ရွေးကောက်ပွဲ ၂ ခုမှာ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို တပ်တွင်းမဲရုံတွေမှာပဲ မဲပေးစေတဲ့ ကိစ္စ ပြသနာ အများကြီး ပေါ်ခဲ့ပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာတော့ တပ်မတော်သားတွေ၊ မိသားစုဝင်တွေရဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း တိတိကျကျ ပြုစုနိုင်တာ၊ ကြိုတင်မဲ ပေးမယ်ဆိုရင်လည်း တိတိကျကျ မှန်မှန်ကန်ကန် မဲပေးနိုင်အောင် ဆောင်ရွက်တာ၊ ဘယ်လို ဖိအားမျိုးမှ မရှိပဲ တပ်ပြင်ပ မဲရုံတွေမှာ လွတ်လွတ်လပ်လပ် မဲပေးနိုင်မှာ၊ မဲရုံနဲ့ မဲပေးပုံကို နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ လေ့လာစောင့်ကြည့်နိုင်မှာ စတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်လို့ ပိုပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာအောင် အထောက်အကူ ပြုနိုင်ပါတယ်။
လွှတ်တော်တွင်း ထောက်ခံမှုနဲ့ နောက်ထပ် ပြင်လိုက်တဲ့ နည်းဥပဒေ တစ်ခုကတော့ လူတစ်ယောက်ဟာ နယ်မြေ ဒေသ တစ်ခုခုမှာ ရက်ပေါင်း ၉၀ ဆက်တိုက်နေရင် အဲဒီ မဲဆန္ဒနယ်မြေတွေမှာ မဲပေးနိုင်မယ့် ကိစ္စပါ။ နဂိုတုန်းကတော့ ရက်ပေါင်း ၁၈၀ ဆက်တိုက်နေမှ မဲပေးခွင့် ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေက သဘောမကျကြပါဘူး။ ဒေသခံ မဟုတ်သူတွေ အနေနဲ့ ရက်ပေါင်း ၉၀ နေရုံနဲ့ မဲပေးပိုင်ခွင့် ရသွားတာဟာ သူတို့ တိုင်းရင်းသား မဲဆန္ဒနယ်မြေတွေက မဲရလာဒ် အချိုးအစား ပြောင်းလဲသွားစေနိုင်တယ် ဆိုပြီး ယူဆလို့ ဖြစ်ပါတယ်။
တကယ်တော့ ရွေးကောက်ပွဲ ဥပဒေအရ ကိုယ့်မဲဆန္ဒနယ်မြေမှာ ကိုယ် မနေပဲ အဝေးတစ်နေရာ ရောက်နေသူတွေ အနေနဲ့ အဝေးရောက် မဲပေးခွင့် စနစ်ဟာ ရှုပ်ထွေးပြီး အဆင့်လည်း အလွန်များပါတယ်။ ဒါကြောင့် ရှေ့ရွေးကောက်ပွဲ ၂ ကြိမ်မှာ အဝေးရောက် ပြည်သူ များပေမယ့် အဝေးရောက် မဲပေးသူ ရာခိုင်နှုန်းကတော့ အလွန်နည်းခဲ့ပါတယ်။ အဲဒီ ရှုဒေါင့်က ကြည့်ရင်တော့ နေရာတစ်ခုမှာ ရက်(၉၀) နေခဲ့သူတွေကို မဲပေးခွင့်ပြုလိုက်ခြင်းအားဖြင့် မဲပေးမယ့်သူ အရည်အတွက် တိုးပွားလာနိုင်ပြီး မဲပေးခွင့် ဆုံးရှုံးသူ နည်းသွားနိုင်စရာ အကြောင်းရှိပါတယ်။
လက်ရှိ ကော်မရှင်ရဲ့ နောက်ထပ် ကြိုးပမ်းမှု တစ်ခုကတော့ ပြည်ပရောက်နေသူတွေ မဲပေးခွင့် မဆုံးရှုံးအောင် စီစဉ်ဆောင်ရွက်နေမှုပါ။ အားလုံးသိကြတဲ့အတိုင်း သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက် အလုပ်လုပ်ကြပါတယ်။ တရားဝင်သွားသူတွေ ရှိသလို၊ တရားမဝင် သွားရောက် အလုပ်လုပ်နေသူတွေလည်း ရှိပါတယ်။ နမူနာအားဖြင့် ထိုင်းနိုင်ငံမှာ သွားပြီး အလုပ်လုပ်နေသူ သန်းနဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပြန်ကြည့်လိုက်ရင် ထိုင်းနိုင်ငံကနေ ကြိုတင်မဲပေးသူ ၆၀၀ ကျော်လောက်ပဲ ရှိခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးခဲ့တာပါ။ အဲဒီအချိန်က နိုင်ငံတကာ ရောက်နေတဲ့ အဝေးရောက် မြန်မာ စုစုပေါင်း ၂၀၀၀၀ ကျော်လောက်ပဲ မဲပေးနိုင်တာ တွေ့နိုင်ပါတယ်။ ဒီအတွက် လက်ရှိ ကော်မရှင်ဟာ သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာတွေ မဲပေးခွင့်ရအောင် နည်းပေါင်းစုံနဲ့ ကြိုးစားနေပြီး အဲဒါသာ အောင်မြင်ခဲ့ရင်တော့ ရွေးကောက်ပွဲရဲ့ အနှစ်သာရ ပို ပေါ်လွင်လာပါလိမ့်မယ်။
လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မဲဆန္ဒနယ်မြေတွေမှာ မဲပေးနိုင်မလား ဆိုတာကတော့ ကော်မရှင်နဲ့ သိပ်ပြီး မသက်ဆိုင်လှပါဘူး။ ပြည်ထဲရေး နဲ့ ကာကွယ်ရေးဝန်ကြီးဌာနလိုမျိုးက သဘောတူမှသာ အကောင်အထည် ဖော်လို့ ရပါလိမ့်မယ်။ လာမယ့် ရွေးကောက်ပွဲမှာ နောက်တစ်ခု ပိုလာမယ့် ကိစ္စ တစ်ခုကတော့ ကမ္ဘာကြီးတစ်ခုလုံး COVID-19 ပြသနာအောက် ရောက်နေတာမို့ အဲဒီ အခြေအနေအောက်မှာ ကျင်းပရမှာမို့လို့ပါပဲ။ နိုင်ငံရေးပါတီတွေ အတွက် စည်းကမ်းချက် အသစ်တွေနဲ့ လှုပ်ရှားရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ အရင် ၂၀၁၅ ခုနှစ်တုန်းက အတိုင်း ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ခွင့်ပြုမှာဖြစ်လို့ ပွင့်လင်းမြင်သာမှု ရှိနိုင်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် လာမယ့် နိုဝင်ဘာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲဟာ အရင် ရွေးကောက်ပွဲ နှစ်ကြိမ်ထက် မဲပေးပိုင်ခွင့် ရှိသူတွေ ပိုပြီး မဲပေးခွင့်ရလာမယ့် အနေအထား၊ တပ်မတော်သားနဲ့ မိသားစုဝင်တွေ ဆီကနေ ပိုပြီး တိကျ မှန်ကန်တဲ့ မဲတွေ ရလာနိုင်မယ့် အနေအထား စတာတွေ တွေ့လာနိုင်တာမို့ ပွင့်လင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု အဖြစ် မျှော်လင့်နိုင်ပါတယ်။ အခြားသော ဒီမိုကရေစီ နိုင်ငံ အများစု နည်းတူ တရားမျှတမှု ရှိဖို့ ကိစ္စကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တစ်ချို့ကို ပြင်ဆင်မှ ဖြစ်နိုင်မယ် ဖြစ်ကြောင်းပါ။
-------------------------