ကော်မရှင်ရဲ့ ရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ချက် ဘာအတွက် ဖြစ်မလဲ

၂၀၁၅ ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့က မဲရုံးတရုံ။

ပြီးခဲ့တဲ့ ရက်ပိုင်း နိုင်ငံရေး နယ်ပယ်ထဲ ပါဝင် ပတ်သက်နေသူတွေကြား အပြောများဆုံး ကိစ္စ တစ်ခုကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ တွေကို ပြင်ဆင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အထူး စိတ်တဝင်စားနဲ့ ဝေဖန် ပြောဆိုနေကြတာကတော့ တပ်မတော်သားတွေနဲ့ သူတို့ အိမ်ထောင်စုဝင်တွေကို တပ်ရင်းတပ်ဖွဲ့ ပြင်ပက မဲရုံတွေမှာ မဲပေးစေမယ် ဆိုတဲ့ ကိစ္စပါ။ အရင်ကတော့ သူတို့တွေဟာ တပ်ရင်း၊ တပ်ဖွဲ့ အတွင်းက မဲရုံတွေမှာပဲ မဲပေးခဲ့ကြရတာပါ။ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နည်းဥပဒေမှာ အဲလို ပြင်ဆင်လိုက်တာကို ကြိုဆို ထောက်ခံတဲ့သူတွေ ရှိသလို၊ လိုအပ်လို့လား၊ တပ်မတော်သားတွေကို မယုံလို့လား ဆိုပြီး မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။ ကန့်ကွက်တယ်ဆိုတဲ့ ပြောဆိုမှုမျိုးကိုတော့ မကြားမသိရသေးပါဘူး။ ၂၀၁၉ အောက်တိုဘာ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို ၅ ကြိမ်မြောက် ပြင်ဆင်တဲ့ နည်းဥပဒေ တွေမှာ ဘာတွေ ပါဝင်သလဲ၊ အဲဒီ ဥပဒေ ပြင်ဆင်ချက်ကြောင့် ဘယ်လို အကျိုးရလာဒ်တွေ ဖြစ်ပေါ်လာနိုင်မလဲ ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

အခု ပြင်ဆင်လိုက်တာဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ နဲ့ တိုင်းနဲ့ ပြည်နယ် ရွေးကောက်ပွဲ နည်းဥပဒေ တွေ ပါဝင်ကြပါတယ်။ ပြင်ဆင်တဲ့ နည်းဥပဒေတွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို တပ်ပြင်ပ မဲရုံတွေမှာ မဲပေးခိုင်းမယ့် ကိစ္စပါ။ အဲဒီ အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ နည်းဥပဒေ ၃၉၊ နည်းဥပဒေခွဲ (က) ကို အစားထိုးလိုက်တဲ့ ဖြည့်စွက်ချက်မှာ တွေ့နိုင်ပါတယ်။ အပြည့်အစုံကတော့ “ (၂) ကော်မရှင်ဇ။် တာဝန်ပေးချက်နှင့် အညီ တပ်မတော်သားများနှင့် ယင်းတို့နှင့် အတူနေထိုင်ကြသည့် အိမ်ထောင်စုဝင်များ နေထိုင်ရာ တပ်ရင်း တပ်ဖွဲ့များအတွက် မဲရုံနေရာ သတ်မှတ်ရာ၌ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အတွင်းရှိ မဲဆန္ဒရှင်များနှင့် အတူ ဆန္ဒမဲ ပေးနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင်မည့် ထို တပ်ရင်းတပ်ဖွဲ့ဇ။် ပြင်ပ သင့်လျော်သည့်နေရာတွင် သတ်မှတ်ပေးရမည်။ ” ဆိုပြီး ဖော်ပြထားပါတယ်။

နောက်ဆုံးချိန်ထိ အတည်ဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေမှာ အဲဒီ ပြဌာန်းချက် မပါပါဘူး။ အခု ၅ ကြိမ်မြောက် ပြင်ဆင်ချက်မှာမှ အဲဒီ အချက် အသစ် ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။ အရင်က ဆိုရင်တော့ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ တပ်တွင်းမဲရုံတွေမှာပဲ မဲပေးခဲ့ကြတာပါ။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုရဲ့ အဝန်းအဝိုင်း အတွင်းမှာ အဲဒီ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ မဲပေးကြရတာမို့ လွတ်လပ်မှု ရှိနိုင်ပါ့မလား၊ သက်ဆိုင်ရာ တပ်မှူးတွေရဲ့ လွှမ်းမိုးမှုတွေရော မရှိနိုင်ဘူးလား ဆိုပြီး မေးခွန်းထုတ်နေကြတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတာ တစ်ချက်က ရွေးကောက်ပွဲ လုပ်ပြီဆိုတာနဲ့ အဲဒီ မဲပေးတဲ့ မဲရုံတွေကို အမတ်လောင်းတွေ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေ နဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့သူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်ရဲ့လား ဆိုတဲ့ ပြသနာပါ။ အခု ဒီ ပြဌာန်းချက် ဖြည့်သွင်းလိုက်ပြီဖြစ်လို့ တပ်မတော်သားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် မဲပေးနိုင်မှာ ဖြစ်သလို၊ အမတ်လောင်းတွေနဲ့ သက်ဆိုင်သူတွေလည်း အဲဒီ မဲရုံတွေဆီ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် ရသွားတော့မှာပါ။

နောက်ထပ် ပြင်ဆင်တာ တစ်ခုကတော့ ကြိုတင်မဲပေးတဲ့ ကိစ္စကို ပြင်ဆင်တာပါ။ ကြိုတင်မဲ ပေးမယ့်သူတွေကို စာရင်း မှန်မှန်ကန်ကန် ပြုစုဖို့ ကိစ္စ၊ မဲပေးမယ့်သူ စာရင်းမှာ ကြိုတင်မဲ ပေးမယ့်သူတွေ ဖြစ်ကြောင်း မှင်နီတား အမှတ်အသားပြုပြီး ထင်ရှားအောင် လုပ်ရမယ့် ကိစ္စ၊ ကြိုတင်မဲပေးမယ့် သူတွေရဲ့ နာမည်တွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင်၊ တိုက်ဆိုင် စစ်ဆေးနိုင်အောင် ဖော်ပြထားရမယ့် ကိစ္စ၊ နောက်ဆုံး ကြိုတင်မဲ ပေးတာကို သက်ဆိုင်ရာ အမတ်လောင်းတွေ၊ ကိုယ်စားလှယ်တွေ၊ လေ့လာစောင့်ကြည့်သူတွေ လိုက်ပါ စောင့်ကြည့်နိုင်မယ့် ကိစ္စတွေကို ဖြည့်စွက်ထားပါတယ်။

အရင် စစ်အစိုးရက ကမကထ လုပ်ပြီး ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြန်ကြည့်လိုက်ရင် ပြည်ခိုင်ဖြိုး မဟုတ်တဲ့ အခြားအခြားသော ပါတီက အမတ်လောင်းတွေ အစိုးရိမ် အကြောင့်ကျဆုံး ပြသနာဟာ ကြိုတင်မဲ ပြသနာလို့ ဆိုရင် မမှားပါဘူး။ အဲဒီအချိန်က ရွေးကောက်ပွဲ ဝင်ပြိုင်ပြီး ရှုံးနိမ့်သွားတဲ့ အမတ်လောင်း အတော်များများက သာမန် မဲတွေ ရေတွက်ချိန်မှာ သူတို့ နိုင်တယ်၊ ဒါပေမယ့် ဘယ်က ရောက်လာမှန်း မသိတဲ့ ကြိုတင်မဲတွေ အထုတ်လိုက် သွန်ချ ရေတွက်လိုက်ချိန်မှာတော့ သူတို့ ရှုံးသွားတယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမျိုး ရှိခဲ့လို့ပါပဲ။ အခု ကြိုတင်မဲ စာရင်းပြုစုစေတာ၊ မဲပေးချိန်မှာ အားလုံး စောင့်ကြည့်နိုင်တာ စတဲ့ အချက်တွေ ပြင်လိုက်နိုင်ပြီမို့ ကြိုတင်မဲကနေ မသမာမှုတွေ ဖြစ်လာမယ့် အရေး အထိုက်အလျောက် လျော့ချနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

နည်းဥပဒေကြမ်းမှာ နောက်ဆုံး ပြင်ထားတဲ့ တစ်ချက်က မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားတွေရဲ့ မဲပေးမှုပါ။ ပြင်ဆင်ချက်ထဲမှာ တပ်မတော်သားတွေ၊ သူတို့နဲ့ အတူနေ မိသားစုဝင်တွေ မဲဆန္ဒနယ် ပြင်ပ၊ တနည်းအားဖြင့် ရှေ့တန်း စခန်းလိုမျိုး ရောက်နေရင် အရင်လို၊ ကိုယ့်ဖာသာကိုယ် အဆင်ပြေတဲ့အချိန် သတ်မှတ်ပြီး မဲပေးစေတာမျိုး မဟုတ်ပဲ၊ ကော်မရှင်က သတ်မှတ်ပေးတဲ့ နေ့ရက်နဲ့ အချိန် အတွင်းမှာပဲ မဲပေးကြဖို့ ဆိုပြီး ပြင်ဆင်ထားပါတယ်။

လက်ရှိ နည်းဥပဒေကို ပြင်ဆင်လိုက်ရတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ကော်မရှင်ရဲ့ စံ၅ချက်ဖြစ်တဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ဥပဒေနဲ့အညီ လွတ်လပ်မှုရှိဖို့၊ မျှတမှုရှိဖို့၊ အများယုံကြည် လက်ခံဖို့၊ မဲပေးခွင့်ရှိသူတွေရဲ့ ဆန္ဒအမှန် ထုတ်ဖော်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ရတာလို့ ဆိုပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ဥပဒေ နဲ့ ပုံသဏ္ဍာန်အရ တပ်မတော်သားတွေရဲ့ မဲဟာ တစ်ချို့သော မဲဆန္ဒနယ်မြေတွေမှာ အတော်လေး အရေးပါနေပါတယ်။ ဥပမာ ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ် ဆိုရင် မဲပေးပိုင်ခွင့်ရှိသူတွေမှာ တပ်မတော်သားတွေက အများစုဖြစ်ပြီး ပြည်ထောင်စု အဆင့် အမတ် တစ်ယောက်နဲ့ တိုင်းအဆင့် အမတ် ၂ ယောက်ရွေးချယ်ရာမှာ အဲဒီ တပ်မတော်သားမဲတွေက အဆုံးအဖြတ် ဖြစ်နေလို့ပါပဲ။

ကိုကိုးကျွန်း လို မဟုတ်ပေမယ့် တပ်ရင်း တပ်ဖွဲ့ အခြေစိုက်မှုများတဲ့ တစ်ချို့သော မဲဆန္ဒနယ်မြေတွေမှာတော့ တပ်မတော်သားတွေရဲ့ မဲတွေဟာ အဆုံးအဖြတ် မဖြစ်တာတောင် အရေးပါတဲ့ အခန်းကဏ္ဍ က ပါနေတဲ့ မဲဆန္ဒနယ်မြေတွေလည်း ရှိပါတယ်။ ဒီအတွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အခု နည်းဥပဒေ ပြင်ဆင်ချက်ဟာ ပါတီ အသီးသီးက အမတ်လောင်းတွေ အတွက် တပ်တွင်းမဲရုံတွေ၊ ကြိုတင်မဲတွေ၊ မဲဆန္ဒနယ်မြေ ပြင်ပရောက် မဲတွေ အတွက် စိုးရိမ်ပူပန်နေရမှုကနေ လျော့ပါးစေနိုင်သလို၊ တပ်မတော်သားတွေ အနေနဲ့လည်း အရင်ထက် ပိုပြီး လွတ်လွတ်လပ်လပ် မဲပေးခွင့် ရလာလိမ့်မယ်၊ ဒီမိုကရေစီ စနစ်ဆိုတာ ဘာလဲလို့ ပိုပြီး ခံစားသိရှိ နားလည်လာလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီ စနစ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တာမို့ အခု နည်းဥပဒေ ပြင်ဆင်မှုဟာ ဒီမိုကရေစီ စနစ်ဆီ သွားရာ လမ်းကြောင်းကို အထောက်အကူ ဖြစ်စေနိုင်ကြောင်းပါ။

Your browser doesn’t support HTML5

ကော်မရှင်ရဲ့ ရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ချက် ဘာအတွက် ဖြစ်မလဲ
