ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ရဲ့ ၆ လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တရပ် တင်သွင်းပြီး နောက်ပိုင်းရက်တွေမှာ အစီရင်ခံစာပါ အကြောင်းအရာတွေကို အမတ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီ အစီရင်ခံစာပါ “အခြေခံပညာ အထက်တန်း အဆင့်တွင် သင်ကြားမှု ဘာသာစကား သတ်မှတ်အသုံးပြုရေးဆိုင်ရာ ရွေးချယ်နိုင်သည့် မူဝါဒ များ”ဆိုတဲ့ နောက်ဆုံး အခန်းဖြစ်ပါတယ်။ အဲဒီအခန်းမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော် ကျင့်သုံးလာခဲ့ပြီဖြစ်တဲ့ အခြေခံပညာ အထက်တန်းမှာ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ နဲ့ ရူပဗေဒ ဘာသာရပ်တွေကို အင်္ဂလိပ်လို သင်ကြားတာ အကျိုးရှိမရှိ လေ့လာဆန်းစစ် တင်ပြထားပါတယ်။ အစီရင်ခံစာမှာတော့ အခြေခံပညာ အထက်တန်းမှာ အဲဒီ ဘာသာတွေကို အင်္ဂလိပ်လို သင်ကြားတာဟာ အကျိုးလည်း လုံး၀ မရှိ၊ ကျောင်းသားကျောင်းသူတွေလည်း လုံး၀ တတ်မြောက်ခြင်း မရှိဘူးဆိုပြီးဖြစ်ပါတယ်။ ဒါကို အစိုးရဘက်က ပြန်သုံးသပ် ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေ အဆိုပြု တင်ပြထားတာမို့ မြန်မာ့ပညာရေးနဲ့ ပတ်သက်ရင် စိတ်ဝင်စားဖို့ အလွန်ကောင်းတဲ့ ပြသနာကြီး တရပ် ဖြစ်နေပါတယ်။ ခုတပတ် အဲဒီပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် အာဏာရှင် ဦးနေဝင်း လက်ထက် ၁၉၈၅ မတိုင်ခင်က အခြေခံပညာ အထက်တန်း အဆင့်ရဲ့ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ရူပဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေရဲ့ ကျောင်းသုံး ပြဌာန်းစာအုပ် အားလုံး မြန်မာဘာသာနဲ့ ဖြစ်ပြီး မြန်မာဘာသာနဲ့ပဲ သင်ကြား သင်ယူခဲ့ကြပါတယ်။ စာမေးပွဲကိုလည်း မြန်မာဘာသာနဲ့ပဲ စစ်ဆေးတာပါ။ ၁၉၈၅ ခုနှစ်မှာတော့ အဲဒီ သိပ္ပံဘာသာရပ်တွေနဲ့ ဘောဂဗေဒ ကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားမှု စတင်ခဲ့ပါတယ်။ ပြဌာန်းစာအုပ်ကလည်း အင်္ဂလိပ်ဘာသာနဲ့ ဖြစ်လာသလို၊ စာမေးပွဲ မေးခွန်းတွေမှာလည်း အင်္ဂလိပ်ဘာသာနဲ့ပဲ စစ်ဆေးတာပါ။ ဒါဟာ သင်ရိုးညွှန်းတန်းအရ အဆင့်မြင့်တယ်လို့ ထင်မြင်ယူဆစေချင်တာ၊ ကျောင်းသားတွေ အဲဒီဘာသာရပ်တွေကို နိုင်ငံတကာနည်းတူ အဆင့်မြင့်မြင့် တတ်မြောက်စေချင်လို့ ပြောင်းလဲရတာလို့ မှန်းဆ ရပါတယ်။ ၁၉၉၅ ခုနှစ်ရောက်တော့ ဘောဂဗေဒ ဘာသာရပ်ကို မြန်မာလို ပြန်ပြီး သင်ပါတယ်။ လက်ရှိ လွှတ်တော်ထဲမှာ အစီရင်ခံစာ တင်ခဲ့သူတွေကတော့ ၁၉၈၅ ခုနှစ်ကတည်းက စ ခဲ့တဲ့ အဲဒီ ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတာ နှစ်ပေါင်း ၃၀ ကျော်ကြာလာတဲ့ ဒီကနေ့ထက်ထိ အောင်မြင်တယ်၊ မအောင်မြင်ဘူး၊ အားနည်းချက်တွေ ရှိနေသလား၊ မရှိဘူးလား၊ စသဖြင့် သေသေခြာခြာ ပြန်ပြီး ဆန်းစစ်တာမျိုး၊ သုတေသန လုပ်တာမျိုး တခါမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လွှတ်တော်ထဲ ဆွေးနွေးတဲ့ အမတ်တချို့ ထောက်ပြတာကတော့ အဲဒီအချိန်က အစိုးရဟာ အဲလို အဆင်မြှင့်လိုက်ပေမယ့် သင်ရိုးကို တကယ်တတ်မြောက်အောင် သင်ပေးနိုင်တဲ့ ဆရာ၊ ဆရာမ လုံလုံလောက်လောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲလို ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်မယ် ဆိုရင် သင်ကြားမယ့် ဆရာ၊ ဆရာမတွေဟာ အနည်းဆုံး Upper Intermediate အဆင့် ရှိသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင် ကာလ အတွင်း ဗြိတိသျှ ကောင်စီရဲ့ စစ်တမ်းတခုမှာတော့ အဲဒီဘာသာရပ်တွေ သင်ကြားနေတဲ့ အထက်တန်းပြ ဆရာ ဆရာမ အများစုရဲ့ အင်္ဂလိပ်စာ Level ဟာ Beginner ဒါမှမဟုတ် Elementary အဆင့်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ အထက်တန်းကျောင်း ဆရာဆရာမတွေဟာ အဲဒီ သိပ္ပံ ဘာသာရပ်တွေကို အင်္ဂလိပ်လို သင်ကြားဖို့ လုံး၀ အဆင့်အတန်း မမီဘူး ဆိုတဲ့ သဘောပါ။
ဒီလိုနည်းနဲ့ အင်္ဂလိပ်ဘာသာ မတတ်တဲ့ ဆရာ ဆရာမတွေက သိပ္ပံ ဘာသာရပ်တွေကို အင်္ဂလိပ်လို သင်တဲ့အခါ နဂိုကတည်းကမှ အင်္ဂလိပ်စာ သိပ်မတတ်တဲ့ ကျောင်းသူကျောင်းသားတွေ ဘာမှ နားလည် တတ်မြောက်မှု မရှိတာကလည်း ဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကျိုးဆက် အနေနဲ့ ကျူရှင်ဆရာတွေ ပေါ်ပေါက်လာတာနဲ့ အလွတ်ကျက် ဓလေ့ တွင်ကျယ်မှု ဖြစ်လာတော့တာပါပဲ။
အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်ရဲ့ တင်ပြချက်မှာတော့ အထက်တန်း ကျောင်းသား ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော် ကျူရှင်ယူရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ စာသင်ခန်းတွေဟာလည်း ပညာသင်ပေးနေတာ၊ ပညာသင်ယူနေတာ ဆိုတဲ့ ပုံစံမျိုးထက် စာမေးပွဲမှာ မေးနိုင်ခြေရှိတာတွေကို ရွေးနှုတ်၊ အမှတ်ရနိုင်ခြေ ရှိတဲ့ မေးခွန်းနဲ့ အဖြေတွေကို လေ့ကျင့်၊ အင်္ဂလိပ်ဘသာစကားကိုလည်း ကောင်းကောင်း မတတ်တော့ အဖြေတွေကို အာဂုံဆောင် အလွတ်ကျက် တဲ့ အခြေအနေ ရောက်လာတာပါပဲ။
အဲဒီခေတ် အဲဒီကာလက ကျူရှင်ဆရာ အများစုကလည်း ကျောင်းသားတွေ အာဂုံဆောင်လို့ လွယ်အောင် သိပ္ပံဘာသာဆိုင်ရာ အကြောင်းအရာတွေကို ကဗျာတွေ၊ သီချင်းတွေ စပ်ပြီး ကျက်မှတ်ရလွယ်အောင် လုပ်ပေးခဲ့ကြပါတယ်။ ပညာရေး စနစ်ရဲ့ မှားယွင်းတဲ့ ပေါ်လစီကနေ ပေါ်ပေါက်လာတဲ့ အလွတ်ကျက် ပုံစံကို မီးလောင်ရာလေပင့် လုပ်ပေးခဲ့ကြတဲ့ သဘောပါပဲ။ နောက်ဆုံး ဆန်းစစ်ကြည့်လိုက်တဲ့အခါ အဲဒီ သင်ကြားရေး မူဝါကြောင့် ကျောင်းသားတွေ အနေနဲ့ အင်္ဂလိပ်စာ ကောင်းကောင်းမွန်မွန် တတ်လာခြင်း မရှိသလို၊ ဘာသာရပ် အပေါ်မှာလည်း ကျွမ်းကျင်လာခြင်း မရှိပဲ စာတွေ သင်ပေမယ့် ပညာမတတ်တဲ့ ကျောင်းသားတွေ ဘ၀ ကျရောက်သွားတယ်လို့ လွှတ်တော်အမတ် ဒေါက်တာ လှမိုးက ပြောပါတယ်။
တကယ်တော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်ကို စစ်အာဏာသိမ်း အုပ်ချုပ်ပြီးနောက်ပိုင်း စစ်အာဏာရှင် အဆက်ဆက် လက်အောက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်း တဖြေးဖြေး နိမ့်ကျသွားရတာ ဒီကနေ့အချိန် ဘယ်သူမှ အငြင်းမပွားကြတော့ပါဘူး။ ပညာရေး နိမ့်ကျသွားရတဲ့ အကြောင်းရင်းတွေကို ရှာဖွေရာမှာ ပြသနာ အချက်အလက်ပေါင်း များစွာ တွေ့ရမှာ ဖြစ်သလို၊ အခုလို အခြေခံ ပညာ အထက်တန်းမှာ သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်ကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတာကလည်း ကြီးမားတဲ့ အကြောင်းအချက် တခု အနေနဲ့ ပါဝင်တဲ့အကြောင်း ကော်မရှင်က တင်ပြတာပါ။ ကော်မရှင်ဟာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ နဲ့ အာဆီယံနိုင်ငံတွေရဲ့ ပညာသင်ကြားရေးမှာ အသုံးပြုတဲ့ ဘာသာစကား ဆိုင်ရာ ပြသနာတွေကိုလည်း လေ့လာပြီး ပူးတွဲ တင်ပြခဲ့ပါသေးတယ်။ တကယ်တော့ ကော်မရှင်က တင်ပြလာတဲ့ လက်ရှိပြသနာဟာ အစိုးရ အဆက်ဆက်ကသာ ဘာဆန်းစစ်မှု၊ လေ့လာမှုမှ လုပ်တာ မရှိခဲ့ပေမယ့် ပညာရေးဆိုင်ရာ ပညာရှင်တွေကြားမှာတော့ နှစ်ပေါင်းများစွာ ငြင်းခုံလာခဲ့တဲ့ ပြသနာ တခုလည်း ဖြစ်နေပါတယ်။ တကယ်တော့ ပညာသင်ကြားရေး ဆိုတာဟာ သင်ကြားမှု ပြီးဆုံးလို့ လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ရင် အသုံးပြုလို့ရမယ့် အသိအညာ၊ အတတ်ပညာ၊ တီထွင်ဖန်တီးမှု၊ ဝေဖန်ပိုင်းခြားတတ်မှုတွေ ရသွားအောင် လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် လုပ်ငန်းစဉ်ကြီး တခုပဲ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံက ၁၀တန်းအောင်၊ ဘွဲ့ရတွေ အင်္ဂလိပ်စာမတတ်၊ ဘာသာရပ် မကျွမ်းကျင်၊ သင်ထားတဲ့ ပညာတွေကလည်း လူမှုဝန်းကျင်မှာ အသုံးပြုလို့ မရ ခဲ့ဘူးဆိုရင် အဲဒီ ပညာရေးစနစ်ကို လေးလေးနက်နက် ပြန်စဉ်းစားဖို့ လိုအပ်နေပါပြီ။ ကော်မရှင်ကတော့ အခြေခံပညာ အထက်တန်းမှာ သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်တွေကို နှစ်ပေါင်းများစွာ အင်္ဂလိပ်လို သင်ကြားနေတဲ့ကိစ္စဟာ မိဘတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ အပေါ်မှာ သက်ရောက်မှု အလွန် ကြီးမားတဲ့ မူဝါဒ ရေးရာဆိုင်ရာ ပြသနာကြီးဖြစ်နေလို့၊ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ မြန်မာနိုင်ငံ ရဲ့ ပကတိ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် မူဝါဒ တခုကို သက်ဆိုင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေး ချမှတ်ပေးဖို့ အကြံပြုထားကြောင်းပါ။
Your browser doesn’t support HTML5