ကချင်ပြည်နယ် အစိုးရဟာ လက်ရှိ အားကစားနဲ့ ကာယပညာ ဦးစီးဌာနပိုင် ကားဝင်းကနေ အဝေးပြေးလိုင်း ပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တွေကို အသစ်ဆောက်လုပ်ထားတဲ့ တပ်ကုန်း ထွယ်ဆန်ရပ်က အဝေးပြေးကားကြီး ဝင်းသစ်ကို လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ အဝေးပြေးကား ပိုင်ရှင်တွေကတော့ ကားဝင်းသစ်ဆီ မရွှေ့ပြောင်းချင်ကြပါဘူး။ အကြောင်းကတော့ ပြောင်းရ ရွှေ့ရမယ် ဆိုရင် ကားဝင်းအသစ် မြစ်ဖျားဧရာ ယာဉ်ရပ်နားစခန်းမှာ ကားဂိတ်ဖွင့်နိုင်ရေး အခန်းတွေ ဝယ်ရပါမယ်၊ အခန်းခ ကလည်း ကျပ် သိန်း ၆၀၀- ၇၀၀ လောက် ဈေးပေါက်နေပါတယ်၊ လက်ရှိ ကားဝင်းအဟောင်းနေရာကလည်း လာမယ့် ၃ နှစ်မှ စာချုပ်ပြည့်မှာမို့ မပြောင်းချင်ကြပါဘူး။ ဒီအတွက် ပြောင်းရ ရွှေ့ရမယ့် ရက်ကို နောက်ဆုတ်ပေးဖို့ ပြည်နယ် အစိုးရဆီ တင်ပြကြမယ်လို့ သိရပါတယ်။ တကယ်တော့ လက်ရှိ မြစ်ကြီးနားမြို့မှာ ဖြစ်နေတဲ့ အဝေးပြေးကားဝင်း ဆိုင်ရာ ပြသနာမျိုး မြန်မာပြည် အနှံ့အပြားမှာ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေဆဲပါ။ ဒီကိစ္စ ဘယ်လို ပြသနာမျိုးလဲ၊ ဘာကြောင့် ခုလို ပြသနာမျိုး ပေါ်ပေါက်လာရတာလဲ၊ အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ အလားတူ ပြသနာမျိုး ဘယ်လို ကိုင်တွယ် ဖြေရှင်းသင့်သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင်တွေ လက်ထက်ကတည်းက အကြိမ်ပေါင်း များစွာ လုပ်ကိုင်ခဲ့တဲ့ လုပ်ရပ်မျိုးပါ။ နဂို အဝေးပြေးကားဂိတ် နေရာတွေကို ကျဉ်းလို့၊ မြို့နဲ့နီးလို့၊ စနစ်မကျ လို့ စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ အဝေးပြေးကားဂိတ် အသစ်တွေ ဖွင့်ဖို့ ကြိုးစားပါတယ်။ အဝေးပြေးကားဂိတ် အသစ် ဖွင့်တဲ့ လုပ်ငန်းကလည်း လွယ်လွယ်ကူကူပါ။ နားလည်မှုယူထားတဲ့၊ ဒါမှမဟုတ် လာဘ်ငွေယူထားတဲ့ ကုမ္ပဏီ တစ်ခုခုကို အဝေးပြေး ကားဝင်း ဆောက်ခိုင်းပါတယ်။ အဝေးပြေးကားဝင်း လို့ ဆိုပေမယ့် ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ဝင်းကြီး တစ်ခုထဲမှာ နှစ်ထပ်၊ ဒါမှမဟုတ် နှစ်ထပ်ခွဲလောက် ပါတဲ့ တိုက်ခန်းတွဲကြီးတွေ စီတန်း ဆောက်လုပ်လိုက်တာမျိုးပါ။ ဆောက်ပြီးတာနဲ့ အာဏာပိုင်တွေဟာ ယာဉ်လိုင်းပိုင်ရှင်တွေကို အဲဒီ ဝင်းထဲ မဖြစ်မနေ ပြောင်းဖို့ အမိန့်ထုတ်ပါတယ်။
သူတို့ကသာ လွယ်လွယ်အမိန့်ထုတ်ပေမယ့် ယာဉ်လိုင်းပိုင်ရှင်တွေကတော့ မသက်သာပါဘူး။ မတန်တဆ ဈေးနှုန်းတွေနဲ့ အဲဒီလို ကားဂိတ်ဖွင့်မယ့် အခန်းတွေကို ဝယ်ရပါတယ်။ ကိုယ့်လိုင်းမှာ ပြေးဆွဲတဲ့ ကားတွေ များရင် များသလောက် တစ်ခန်းမက ပိုပြီး ဝယ်ရပါတယ်။ တစ်ချို့ဒေသ အာဏာပိုင်တွေကတော့ ကားဝင်းဆောက်တဲ့ ကန်ထရိုက်ဆီက လာဘ်ငွေ အကြီးအကျယ် ရတာ ရှိသလို၊ တစ်ချို့တွေကတော့ အဲဒီထဲက အခန်းတွေကို ဈေးပေါပေါ၊ ဒါမှမဟုတ် အခမဲ့ ရပြီး ပြန်ရောင်းစားကြပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံ အနှံ့အပြားက အာဏာပိုင်တွေဟာ အခုလို ကားဝင်း အသစ်ဆောက်တာမျိုး အလွန်စိတ်ပါ ပျော်ရွှင်ကြလို့၊ တစ်ချို့မြို့တွေဆို ဆယ်စုနှစ် တစ်ခုလောက် အတွင်း အဝေးပြေးကားဝင်း နေရာ နှစ်နေရာ သုံးနေရာလောက် ပြောင်းတာမျိုးတောင် ရှိခဲ့ပါတယ်။
ဒီလိုလုပ်လို့ ခရီးသည်နဲ့ ယာဉ်ပိုင်ရှင်တွေ ဘယ်သူ အဆင်ပြေသလဲ မေးရင် ဘယ်သူမှ အဆင်မပြေဘူးလို့ပဲ ဖြေရမှာပါ။ အကြောင်းကတော့ အဝေးပြေး ကားဂိတ်လို့ ပြောပေမယ့် ကားဝင်း ဖွဲ့စည်းပုံဟာ ဝင်းကြီး တစ်ဝင်းထဲက တိုက်ခန်းတွဲတွေ ချည်းပဲ ဖြစ်နေလို့ပါပဲ။ ယာဉ်လိုင်းပိုင်ရှင်တွေဟာ ကိုယ် ဝယ်ထားတဲ့ တိုက်ခန်းတွေကို ရုံးခန်း အဖြစ်၊ ခရီးသည် နားနေခန်းအဖြစ်၊ ကုန်ပစ္စည်း လက်ခံရာအဖြစ်သုံး၊ ကိုယ့်ကားတွေ အကုန်လုံး ကိုယ့် အခန်းရှေ့ကနေ ထွက်၊ အဝေးကနေ ပြန်လာရင် ကိုယ့်အခန်းရှေ့မှာပဲ ခရီးသည်ချ စတာတွေ လုပ်ရတော့ အခန်းကျဉ်းလေးတွေနဲ့ ခရီးသည် အရည်အတွက် ကားအရည်အတွက် မမျှမတ ဖြစ်ပြီး ရှုတ်ရှုတ်ထွေးထွေးတွေ ဖြစ်နေတတ်လို့ပါပဲ။ အလားတူ ခရီးသည်တွေလည်း အဆင်မပြေပါဘူး။ သူတို့အတွက် စနစ်ကျတဲ့ လက်မှတ်ရောင်းရာ နေရာ၊ နားနေစရာ နေရာ၊ သတ်မှတ်ချိန်အတိုင်း ကားစီးရမယ့် နေရာ စတာတွေ သတ်သတ်မှတ်မှတ် မရှိတော့ အတော်လေးကို အခက်အခဲ တွေ့ကြရလို့ပါပဲ။
ရန်ကုန်၊ မန္တလေးလို ယာဉ်လိုင်းများတဲ့ ကားဝင်းတွေဆို ပိုဆိုးပါတယ်။ ခရီးသည်တွေဟာ အဲဒီ ဝင်းကြီးထဲမှာ ဘယ်ယာဉ်လိုင်းဟာ ဘယ်နေရာမှာ ရှိနေသလဲ အလွယ်တကူ မသိနိုင်လို့ပါပဲ။ လက်မှတ်ကို ကြိုတင် ဝယ်မထားပဲ တိုက်ရိုက်သွားလိုသူတွေဆို ကားဂိတ်တစ်ခုကိုသွား၊ လက်မှတ် မရရင် နောက်ထပ် ခပ်ဝေးဝေးက တစ်ဂိတ်ကို ပြန်ရှာ၊ မရရင် နောက်ထပ် ကားဂိတ်အသစ်ရှာနဲ့ ရွာလည်ပြီး အလွန် အခက်တွေ့ကြရတဲ့ အနေအထားပါ။
ဒါပေမယ့် အဝေးပြေးကားဂိတ်တွေရဲ့ စနစ်နဲ့ စီမံခန့်ခွဲမှုဟာ ခုလို ဖြစ်ချင်သလို ဖြစ်နေတာ နှစ်ကာလ ကြာခဲ့ပြီမို့၊ ခရီးသွားပြည်သူတွေနဲ့ ယာဉ်လိုင်းပိုင်ရှင်တွေဟာ တကယ့်တကယ် ဘယ်လိုဖြစ်သင့်တယ်၊ စီမံခန့်ခွဲမှု အမှားကြောင့် သူတို့ ဘယ်လောက် ဒုက္ခရောက်ရတယ် ဆိုတာ မတွေးတတ်အောင် ဖြစ်နေကြပါပြီ။ တကယ်တော့ ခုလို ပြသနာ ဖြစ်ရတာဟာ သက်ဆိုင်ရာ အာဏာပိုင် အသီးသီးဟာ အဝေးပြေးဝင်းလို အဆောက်အဦတွေ ဆောက်၊ ပြန်ရောင်းပြီး ကိုယ်ကျိုးရှာလိုမှု၊ အဝေးပြေး ကားဝင်းဆိုတာ ဘယ်လို တည်ဆောက်ရသလဲ ဆိုတာ လုံး၀ မသိ၊ နားမလည်မှု စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အဝေးပြေး ကားဝင်းတစ်ခု စနစ်တကျ တည်ဆောက်မယ် ဆိုရင် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေကိုတောင် သွားကြည့်ဖို့ မလိုပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံလောက် ကြည့်ရင်ကိုပဲ သိနိုင်ပါတယ်။
အဝေးပြေး ကားဝင်းဆိုတာ ပင်မ အဆောက်အဦ တစ်ခု ပါပါမယ်။ အဲဒီထဲမှာ ယာဉ်လိုင်း အသီးသီးကနေ လက်မှတ်ရောင်းမယ့် ဆိုင်ခန်းငယ်လေးတွေ၊ ခရီးသည်တွေ စုပေါင်း နားနေမယ့် အခန်းတွေ၊ အစားအသောက်၊ ပစ္စည်း ရောင်းချမယ့် ဆိုင်ခန်းတွေနဲ့ သန့်စင်ခန်း စတာတွေ ပါပါမယ်။ အဲဒီ အဆောက်အဦ ပတ်လည်၊ ဒါမှမဟုတ် ကပ်လျက်မှာ ကားတွေ ဆိုက်ကပ် ထွက်ခွာမယ့် သတ်မှတ် နေရာတွေ ထားပေးရပါမယ်။ ဘတ်စ်ကားတွေဟာ သူတို့ သတ်မှတ်နေရာမှာ ထွက်ခွာဖို့ သတ်မှတ်ချိန်ထက် ၁၅ မိနစ် နာရီဝက်ကြိုရောက်၊ စောင့်ဆိုင်းနေတဲ့ ခရီးသည်တွေကို တင်၊ ပြီးရင် ထွက်ခွာရုံပါပဲ။ အဲဒီတစ်နေရာထဲမှာပဲ နာရီဝက် တစ်စီး ထွက်ခွာနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ကားဝင်းတစ်ခုဟာ တစ်ရက် ၁၂ နာရီ အလုပ်လုပ်မယ်၊ နာရီဝက် တစ်စီး ထွက်မယ် ဆိုရင် ကားတစ်စီး ရပ်နားစရာ နေရာ လုပ်ထားရင် တစ်နေ့ ကား ၁၂ စီး ခရီးသည်တင် ထွက်ခွာနိုင်ပါတယ်။ တစ်နေ့ ကားအစီး ၁၂၀ ဆိုရင် ကားရပ်တင်မယ့် နေရာ ၁၀ နေရာ၊ ကားအစီး ၁၂၀၀ လောက်ထွက်မယ် ဆိုရင် ရပ်တင်နေရာ ၁၀၀ လောက်ရှိရင် လုံလောက်ပါတယ်။ အဲဒီ ကားဝင်းထဲမှာ ယာဉ်လိုင်းတွေရဲ့ ရုံးခန်းတွေ လာဆောက်စရာ မလိုသလို၊ ဘတ်စ်ကားကြီးတွေကလည်း လာပြီး စုပြုံ ရပ်နားနေစရာ မလိုပါဘူး။ တစ်နေရာမှာ စုပြီး ကိုယ့်ကား ထွက်ချိန်နီးမှ ဝင်းထဲဝင်၊ သတ်မှတ် ရပ်နားဂိတ်မှာရပ်၊ ခရီးသည်တင်ပြီး သတ်မှတ်ချိန် ထွက်ခွာရုံပါပဲ။ အတော်လေးကို ရိုးရှင်းပါတယ်။ ခရီးသွားပြည်သူတွေ အဆင်ပြေသလို၊ ကားလိုင်းပိုင်ရှင်တွေကလည်း ဝင်းထဲမှာ အခန်းဝယ်စရာ မလို၊ ငွေကုန်ကြေးကျ ရှိစရာလည်း မလိုပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အခု မြစ်ကြီးနားက ကားဝင်း ပြောင်းရွှေ့ရေး ပြသနာလိုမျိုး မြို့တစ်ချို့မှာ မကြာခဏ ကြားနေရလေ့ ရှိပါတယ်။ ရန်ကုန်၊ မန္တလေးလို တကယ့်မြို့ကြီးတွေက အဝေးပြေးကားဝင်းတွေမှာလည်း အလားတူ ပြသနာမျိုး ကြုံနေရတာပါပဲ။ အခု ပြသနာဟာ နေ့စဉ် တစ်နေရာကနေ တစ်နေရာ သွားလာနေကြရတဲ့ သန်းနဲ့ချီတဲ့ ခရီးသွားပြည်သူတွေရဲ့ အခက်အခဲ ပြသနာ၊ ထောင်နဲ့ချီတဲ့ ယာဉ်လိုင်းပိုင်ရှင်၊ စီးပွားရေး သမားတွေရဲ့ ပြသနာကြီးဖြစ်နေတာမို့ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ လေးလေးနက် သဘောထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5