Your browser doesn’t support HTML5
Zawgyi/ Unicode
ပြီးခဲ့တဲ့ ရက်ပိုင်းက ADB အာရှဖွံ့ဖြိုးရေးဘဏ်ဟာ Wellness in Worrying Times လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။ အေဒီဘီဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ Covid-19 ကပ်ဘေးကြောင့် နိုင်ငံတွေကြုံခဲ့ရတဲ့ အခြေအနေ အပေါ်မူတည်ပြီး အခု စက်တင်ဘာ မှာ ပြုပြင်ပြောင်းလဲ အသစ် ထပ်မံ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်နှုန်း နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်အတွက် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၂၀ မှာ ကမ္ဘာ့ကပ်ရောဂါကြောင့် ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုခဲ့ပြီး လာမယ့် ၂၀၂၁ အတွက်ကိုတော့ နဂို အစီရင်ခံစာမှာ ၆.၈% ခန့်မှန်းထားတာကနေ အခု အစီရင်ခံစာမှာတော့ ၆ ရာခိုင်နှုန်းကို ပြောင်းလဲ ခန့်မှန်းခဲ့ပါတယ်။ အစီရင်ခံစာအရ ကိုဗစ်ဗိုင်းရပ်စ် ကပ်ဘေးကြောင့် အာစီယံမှာ ဗီယက်နမ်၊ မြန်မာနဲ့ ဘရူနိုင်း နိုင်ငံတို့လောက်ပဲ စီးပွားရေး တိုးတက်မှု ရှိမှာဖြစ်ပြီး ကျန်နိုင်ငံတွေကတော့ စီးပွားရေး ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။ တကယ်တော့ ADB ရဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ဘေး ပထမ လှိုင်း ကျရောက်ခဲ့စဉ်ကာလ ကို ကြည့်ပြီး ခန့်မှန်း တွက်ဆ ခဲ့တာပါ။ လက်တွေ့ မြန်မာနိုင်ငံမှာ ကိုဗစ် ပထမ လှိုင်းထက် အများကြီး ပိုပြီး ဆိုးရွား၊ ပိုပြီး ပြင်းထန်၊ စီးပွားရေး ကဏ္ဍ အသီးသီးကိုလည်း ပိုပြီး ရိုက်ခတ်မှု များနေတဲ့ အခြေအနေကြောင့် ADB က ခန့်မှန်းသလို လာမယ့် ၂၀၂၁ မှာ စီးပွားရေး တိုးတက်မှုနှုန်း ၆% ရှိပါ့မလား ဆိုတာ ပြန်ပြီး တွက်ဆ စရာ ဖြစ်လာနိုင်ပါတယ်။ ခုတစ်ပတ် လာမယ့်နှစ် မြန်မာ့စီးပွားရေးဟာ ADB က ခန့်မှန်းသလို ဖြစ်လာနိုင်ပါ့မလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
ADB ရဲ့ ၂၀၁၉ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၆.၈%၊ ၂၀၂၀ မှာ ကိုဗစ်ကြောင့် ၁.၈% တွက်ချက်မှုဟာ လက်ရှိ စက်တင်ဘာ လကုန် အထိပဲ ဖြစ်တာမို့ အငြင်းပွားစရာ သိပ်မရှိပါဘူး။ ဒါပေမယ့် သြဂုတ် လလည်က စတင်တဲ့ ကိုဗစ် ဒုတိယလှိုင်းကြောင့် ၂၀၂၁ စီးပွားရေး တိုးတက်မှုနှုန်း ၆% ရမလား ဆိုတာကိုပဲ ပြန်သုံးသပ်စရာ ရှိပါတယ်။ ဒီအတွက် လက်ရှိ ကြုံနေရတဲ့ ကိုဗစ် ဒုတိယ လှိုင်း အခြေအနေ ဘယ်လောက် ဆိုးသလဲ၊ စီးပွားရေး အပေါ် ဘယ်လို ဂယက်ရိုက်ခတ်မှုတွေ ရှိနေသလဲ ဆိုတာကို အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ၂၀၂၀ မတ်လ ၂၃ ရက်နေ့မှာ စ တွေ့ခဲ့ပါတယ်။ ကူးစက်မှု ဒုတိယလှိုင်းလို့ သတ်မှတ်နိုင်တဲ့ စစ်တွေမှာ ကိုဗစ် ကူးစက်ခံ လူနာကို သြဂုတ်လ ၁၆ ရက်နေ့မှာ စတွေ့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကူးစက်ခံ စတွေ့ချိန်အထိ အချိန် ၅ လ၊ ရက်ပေါင်း ၁၅၀ အတွင်း Covid-19 ကူးစက်ခံရသူ ၃၇၅ ယောက်ပဲ ရှိခဲ့ပါတယ်။ နောက်ထပ် ၁၃ ရက်အကြာ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ ၂ ဆ တိုးပြီး ၇၄၉ ယောက်ဖြစ်သွားပါတယ်။ ဒီလိုနည်းနဲ့ နောက်ထပ် တစ်ပတ်စီ ကြာတိုင်း ကူးစက်သူ အရေအတွက် ၂ ဆ တိုးတိုးလာတာ ခုဆို ကူးစက်ခံရသူ စုစုပေါင်း ၈၅၁၅ ယောက် ရှိနေပါပြီ။ ပထမ လှိုင်းတုန်းက ပျမ်းမျှ တစ်ရက် လူ ၂ယောက်ခွဲနှုန်း ကူးစက်ခဲ့ရာကနေ ဒုတိယလှိုင်းမှာ ပျမ်းမျှ တစ်ရက်ကို လူ ၂၀၀ လောက် ကူးစက်နေတာမို့ ပထမ လှိုင်းတုန်းကထက် အဆပေါင်း ၈၀ လောက်ကူးစက်မှု မြင့်တက်လာနေတာကိုလည်း တွေ့မြင်ရပါတယ်။
နောက်ထပ် ထူးခြားတာ တစ်ခုက ကိုဗစ် ဗိုင်းရပ်စ်ဟာ နေရာ ဒေသ တစ်ခု နှစ်ခုမှာ မဟုတ်ပဲ မြို့နယ် နေရာ အနှံ့အပြားမှာ ကူးစက် ပျံ့ပွားနေတဲ့ ပြသနာပါ။ အနီးဆုံး မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင် စက်တင်ဘာ ၁၈ ရက်နေ့က မြို့နယ်ပေါင်း - ၆၃ မြို့နယ်၊ ၁၉ ရက်နေ့က ၆၉ မြို့နယ်၊ ၂၀ ရက်နေ့က ၆၅ မြို့နယ်၊ ၂၁ ရက်နေ့က မြို့နယ်ပေါင်း ၇၀ ၊ ၂၂ ရက်နေ့က မြို့နယ်ပေါင်း ၈၅ မြို့နယ်၊ ၂၃ ရက်နေ့က ၆၉ မြို့နယ်မှာ ကူးစက်မှုအသစ်တွေ တွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံ မြို့နယ် စုစုပေါင်းရဲ့ ၅ ပုံတစ်ပုံကျော်မှာ ကူးစက်ပျံ့ပွားနေတဲ့ သဘောမို့ စိုးရိမ်စရာတော့ ကောင်းနေပါသေးတယ်။
နောက်တစ်ခုကတော့ သေနှုန်းပါ။ ကိုဗစ်ကြောင့် သေနှုန်းကို တွက်ချက်နိုင်တဲ့ နည်းရှိပါတယ်။ အဲဒါကတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး လက်ရှိ ဖြစ်ပွားနေဆဲ လူနာတွေ မပါ၊ ပြန်ပြီး ကောင်းမွန်လာသူတွေနဲ့ သေဆုံးသူတွေရဲ့ အချိုးကို တွက်ချက်ကြည့်တာပါ။ ဥပမာ ကိုဗစ် အမှု ပိတ်သိမ်းပြီး လူ ၁၀၀မှာ ဘယ်နှယောက် ပြန်ကောင်းလာပြီး ဘယ်နှစ်ယောက် သေဆုံးသလဲ ဆိုတဲ့ တွက်ချက်မှုပါ။
စက်တင်ဘာ ၂၄ ရက် WHO စာရင်းတွေ အခြေခံပြီး တွက်ချက်ကြည့်ရင် တမ္ဘာလုံးပျမ်းမျှ ပြန်ကောင်းသူ ၉၆% သေဆုံးသူ ၄% ရှိပါတယ်။ ကိုဗစ် အဖြစ်များတဲ့ အမေရိကန် သေနှုန်း ၄.၄%၊ အိန္ဒိယ- ၂%၊ ဘရာဇီး ၃.၃%၊ ရုရှား ၂%၊ ကိုလံဘီယာ ၃.၆% ရှိပါတယ်။ အာစီယံနိုင်ငံတွေကိုကြည့်ရင် ကိုဗစ် အဖြစ်များတဲ့ ဖိလစ်ပိုင် သေနှုန်း ၂.၁%၊ အင်ဒိုနီးရှား ၅%၊ စင်္ကာပူ ဝ.၀၅%၊ မလေးရှား ၁.၄% ရှိပါတယ်။ သေနှုန်း အတော်မြင့်တဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ ဥပမာ အီတလီ ၁၄%၊ မက္ကစီကို ၁၂.၈%၊ အီကွေဒေါ ၁၀% ဖြစ်ကြပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံကတော့ ရောဂါပျောက်ကင်းသူ ၂၃၈၁ ယောက်၊ သေဆုံးသူ ၁၅၀ မို့ သေနှုန်း ၆% ရှိနေပြီး ကိုဗစ်ကြောင့် သေနှုန်းမြင့်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အဓိက ထိခိုက်ခံစားနေရတာကတော့ စီးပွားရေးမြို့တော် ရန်ကုန်ပါ။ အစိုးရဟာ ကိုဗစ် ပထမလှိုင်း ကာလတုန်းက ပြည်ပနဲ့ ပြေးဆွဲတဲ့ ခရီးသည်တင် လေကြောင်းလိုင်းတွေလောက်ကိုပဲ ရပ်ဆိုင်းခဲ့ပေမယ့် ဒုတိယလှိုင်းမှာတော့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေ အားလုံးကိုပါ ရပ်ဆိုင်းလိုက်ပါတယ်။ နောက်ပိုင်း ဒီထက် ပိုဆိုးလာတဲ့အခါ ခရီးသည်တင် အမြန်ကား ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းစေပါတယ်။ ရန်ကုန်တိုင်းမှာ ဆိုရင်လည်း ပထမ ဦးဆုံး အကြိမ်အဖြစ် စက်တင်ဘာ ၂၄ ရက်နေ့ကစ အထည်ချုပ် စက်ရုံတွေကို ၂ ပတ် ပိတ်ခိုင်းထားပါတယ်။ စားသောက်ကုန် ထုတ်လုပ်ရောင်းချတာနဲ့ တစ်ချို့ သတ်မှတ်လုပ်ငန်းတွေကလွဲပြီး မီဒီယာ အပါအဝင် လုပ်ငန်း အများစုကြီးကိုတော့ စက်တင်ဘာ ၂၁ ကတည်းက ရပ်ဆိုင်းမိန့် ထုတ်ထားပြီးပါပြီ။ ဒီ အမိန့်ညွှန်ကြားချက်တွေဟာ ကိုဗစ် ကူးစက်သူ ပျမ်းမျှ တစ်ပတ်ကို ၂ ဆ လောက် တိုးနေတဲ့ အခြေအနေကို မထိန်းချုပ်နိုင်မချင်း ချမှတ်သွားဖို့ ရှိနေပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကိုဗစ် ဒုတိယ လှိုင်းကြောင့် ရန်ကုန်ကို အခြေပြုတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ အကုန်လုံး ရပ်ဆိုင်း၊ ထိခိုက်ကုန်သလို၊ အခြား ဆက်စပ်တဲ့ မြန်မာတစ်နိုင်ငံလုံးက စီးပွားရေး လုပ်ငန်းတွေကိုပါ ထိခိုက်စေခဲ့တာ တွေ့မြင်ရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်က ရန်ကုန်တိုင်း ကိုဗစ် ထိန်းချုပ်ရေး အဖွဲ့ ဒုတိယ တာဝန်ခံ ဒေါက်တာ ဇော်ဝေစိုးက ကိုဗစ် ကူးစက်ခံရသူ တစ်ရက်ကို ၂၀၀ ကနေ ၃၀၀ ဝန်းကျင်ရှိလိမ့်မယ်၊ ဒါကြောင့် နှစ်ပတ်လောက် အချိန်ကာလ အတွက် လူဦးရေ ၄၀၀၀-၅၀၀၀ လောက်ကို ကုသနိုင်ဖို့ ပြင်ဆင်နေတယ် ဆိုပြီး ခန့်မှန်းပြောဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့ ခန့်မှန်းပြောဆိုချက် မမှန်တာ နောက်ပိုင်း တစ်ရက်တည်း ကူးစက်သူ ၅၀၀ - ၆၀၀ ကျော်ကနေ ၈၀၀ ကျော်ကူးစက်ခဲ့တာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအတွက် လက်ရှိ ကြုံနေရတဲ့ ကိုဗစ် ဒုတိယလှိုင်းကို ဘယ်အချိန်လောက်မှ ထိန်းချုပ်နိုင်မယ်၊ အရင် ပထမ လှိုင်းနဲ့ မတူ ထပ်ပြီး ထိခိုက်ခဲ့ရတဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်တော့လောက် ပြန်စ နိုင်မယ် ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် အရင် ပထမ လှိုင်းနဲ့မတူ စီးပွားရေး အပေါ် ကြီးကြီးမားမား ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေခဲ့တယ်၊ ဖြစ်ပေါ်လိမ့်ဦးမယ် ဆိုတာကတော့ သေခြာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ခုလို ပထမ လှိုင်းထက် အများကြီး ပိုပြင်းထန်တဲ့ ကိုဗစ် ဒုတိယ လှိုင်းကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှု အများကြီး ကြုံနေရ၊ ဆက်ပြီးလည်း ကြုံရနိုင်ဖွယ် ရှိနေတာကြောင့် ADB က ခန့်မှန်းသလို ၂၀၂၁ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ % ရှိမယ် ဆိုတဲ့ ကိန်းဂဏန်းကတော့ ပြန်ပြီး သုံးသပ် ပြင်ဆင်ခံရနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
--------------------------------------