မြန်မာကျပ်ငွေတန်ဘိုး ကျဆင်းမှု ဗဟိုဘဏ် တခုတည်းက ကိုင်တွယ်နိုင်ပါ့မလား

US dollar (Photo- the Global New Light of Myanmar)

အခုရက်ပိုင်း ပြည်သူတွေကြားမှာရော၊ အစိုးရ၊ စီးပွားရေး လုပ်ငန်းရှင်တွေကြားမှာပါ ဂယက်ရိုက်ခတ်နေတဲ့ ပြသနာတခုကတော့ အမေရိကန် ဒေါ်လာဈေး အလျင်အမြန် မြင့်တက်လာနေပြီး မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းလာနေတဲ့ ပြသနာပါ။ စီးပွားရေး တည်ငြိမ်တဲ့ နိုင်ငံတွေအဖို့ သူတို့ငွေကြေး တန်ဘိုးကျတာ သာမန်ပြည်သူ အများစုကြား သိပ်ပြီး ဂယက်ရိုက်ခတ်မှု မရှိနိုင်ပေမယ့် မြန်မာနိုင်ငံလို နိုင်ငံခြားက ကုန်ကြမ်းနဲ့ ကုန်ပစ္စည်း အများစု တင်သွင်းတာကို မှီခိုနေရတဲ့ တိုင်းပြည်အဖို့ကတော့ တတိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်လာနေပါတယ်။ နေ့စဉ် လူပြောသူပြောများတဲ့ ကိစ္စ ဖြစ်လာနေပါတယ်။ ဒေါ်လာဈေး ဘယ်လောက် တက်နေသလဲ၊ မြန်မာကျပ်ငွေတန်ဘိုးကရော ဘယ်လောက် ကျနေသလဲ၊ ဘာကြောင့် အဲလို ဖြစ်ရတာလဲ၊ ဒီ ပြသနာ ဗဟိုဘဏ် တခုတည်းက ကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလား ဆိုတာ ခုတပတ် တင်ပြသွားပါ့မယ်။

မြန်မာကျပ်ငွေ တန်ဘိုး တစ်ရိပ်ရိပ် စ တက်တာ ပြီးခဲ့တဲ့ ဇွန်လလယ်လောက်က စပါတယ်။ ဇွန်လ ၁၁ ရက်နေ့က တစ်ဒေါ်လာ ဝယ်ဈေး ၁၃၄၄ ကျပ်၊ ရောင်းဈေး ၁၃၄၆ ကျပ် ဈေးပေါက်ပါတယ်။ ဒါဟာ ရန်ကုန်မှာ တကယ်ကို အရောင်းအဝယ်လုပ်တဲ့ ငွေလဲကောင်တာတွေရဲ့ ဈေးနှုန်းပါ။ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ CB Bank ဖွင့်ဈေး တဒေါ်လာ ၁၅၂၃- ၁၅၃၃ နှုန်း ဖြစ်သွားတာမို့ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ တန်ဘိုးဟာ ၂ လကျော် အတွင်း ၁၃% ကျော် ကျဆင်းသွားတာ တွေ့ရပါတယ်။ နှစ်လကျော် ကာလ အတွင်း ကျပ်ငွေတန်ဘိုး ဒီလောက် ကျဆင်းတယ် ဆိုတာ များတယ်လို့ ဆိုနိုင်ပါတယ်။ မှတ်တမ်းတွေကို ပြန်ကြည့်ပြီး တွက်ချက်ကြည့်ရင် အဲဒီ ကာလအတွင်း မြန်မာကျပ်ငွေတန်ဘိုးဟာ စင်္ကာပူဒေါ်လာနဲ့ဆို ၇%၊ ယူရိုငွေနဲ့ဆို ၆ %၊ ထိုင်းဘတ်ငွေနဲ့ဆို ၆%၊ မလေးရှားရင်းဂစ်နဲ့ဆို ၅ % ကျဆင်းပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်လာငွေ တန်ဘိုး တက်လာရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗဟိုဘဏ် တာဝန်ရှိသူတွေ၊ စီးပွားရေး ပညာရှင်တွေနဲ့ Sean Turnell လို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး ကပါ ကမ္ဘာမှာ ဒေါ်လာငွေကြေး တန်ဘိုး တက်လာတာကြောင့်လို့ ထောက်ပြကြပါတယ်။ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် အခြားနိုင်ငံ အတော်များများရဲ့ ငွေကြေး တန်ဘိုးတွေ ကျဆင်းနေတယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်းပြချက် မှန်ပါတယ်။ ဒါပေမယ့် လက်တွေ့ ဖြစ်နေတာက မြန်မာကျပ်ငွေတန်ဘိုးဟာ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင်ပဲ ကျဆင်းနေတာ မဟုတ်ပါဘူး။ အခြားသော ထိုင်းဘတ်၊ စင်္ကာပူဒေါ်လာ၊ ယူရို၊ မလေးရှားရင်းဂစ်တွေနဲ့ နှိုင်းရင်ပါ ကျဆင်းနေတာမို့ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းမှုဟာ နိုင်ငံတကာမှာ ဒေါ်လာငွေ တန်ဘိုး မြင့်တက်လာတာ တခုတည်းကြောင့် မဟုတ်တော့ဘူးဆိုတာ ပေါ်လွင်လာစေပါတယ်။ ဒီအချက်ကိုလည်း ဗဟိုဘဏ် တာဝန်ရှိသူတွေရော၊ ရှောင်န်တာနယ်လို စီးပွားရေး အကြံပေးတွေကပါ မငြင်းကြပါဘူး။ ဒီအတွက် ကျပ်ငွေတန်ဘိုး တည်ငြိမ်ရေး သူတို့ ကြိုးစားတာ တွေ့ရပါတယ်။

မြန်မာကျပ်ငွေတန်ဘိုး ကျဆင်းတာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က ပထမဦးဆုံး ကိုင်တွယ်ဖြေရှင်းတာက နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲ ကောင်တာတွေ အနေနဲ့ ရည်ညွှန်း ငွေလဲနှုန်း အထက်အောက် ဝ.၈% ကြားကနေပဲ ရောင်းဝယ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ခြင်းပါ။ အဓိပ္ပါယ်ကတော့ ဗဟိုဘဏ်ဟာ အမေရိကန် တဒေါ်လာ ကျပ် ၁၀၀၀ အဖြစ် ရည်ညွှန်းသတ်မှတ်ထားရင် ငွေလဲကောင်တာတွေ အနေနဲ့ တဒေါ်လာ ၉၉၂ ကျပ် နဲ့ ၁၀၀၈ အကြား ရောင်းဝယ်နိုင်တယ်၊ ဗဟိုဘဏ်ကနေ ရည်ညွှန်းငွေလဲနှုန်း ၁၅၀၀ ကျပ် သတ်မှတ်ထားရင် ငွေလဲကောင်တာတွေ အနေနဲ့ တဒေါ်လာ ၁၄၈၈ ကျပ်နဲ့ ၁၅၁၂ ကျပ်အကြား ပဲ ရောင်းဝယ်ရမယ် ဆိုတဲ့ သတ်မှတ်ထားမှု ပယ်ဖျက်ပေးလိုက်တဲ့ သဘောပါ။

ဒီလို ပယ်ဖျက်ပေးလိုက်ရတာကလဲ အကျိုးအကြောင်း ရှိပါတယ်။ ဗဟိုဘဏ်ဟာ ရည်ညွှန်းငွေလဲနှုန်း တခု သတ်မှတ်မယ်၊ အဲဒီ ရည်ညွှန်း အထက်အောက် ခွင့်ပြု ဘောင်ထဲကနေ ရောင်းဝယ်နိုင်ဖို့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကို ငွေကြေး လေလံ ဈေးကွက်ကနေ ဒေါ်လာဖြစ်စေ၊ အခြား နိုင်ငံခြားငွေဖြစ်စေ၊ ကျပ်ငွေ ဖြစ်စေ လိုတာကို ရောင်းပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့ဖြစ်ခဲ့တာက ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဟာ ပြင်ပ ပေါက်ဈေး အထက် ရောက်နေရင် ပြသနာ မရှိပေမယ့် ပြင်ပ ငွေလဲနှုန်းအောက် ရောက်နေရင် ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေက ဒေါ်လာလို နိုင်ငံခြားငွေကို ရည်ညွှန်းနှုန်းနဲ့ ဝယ်ယူလိုကြတာပါပဲ။ တကယ်တန်း အဲလို ဝယ်ယူလိုတဲ့အခါ ဗဟိုဘဏ်က လိုသလောက် ရောင်းမပေးနိုင်တဲ့အတွက် လက်တွေ့မှာ အဲဒီစနစ် အလုပ်မဖြစ်တော့ပါဘူး။ ပုဂ္ဂလိကတွေ၊ ငွေလဲကောင်တာတွေဟာ ဗဟိုဘဏ် သတ်မှတ်ချက် ဘောင်ထဲကနေ အရောင်းအဝယ် လုပ်လို့ မရပါဘူး ဆိုပြီး အကြောင်းပြကြပါတော့တယ်။ ဒီလိုနည်းနဲ့ ရည်ညွှန်းငွေဈေးနှုန်း၊ အဲဒီ ဈေးနှုန်း အထက်အောက် ရာခိုင်နှုန်း တခုရဲ့ ဘောင်ထဲကနေ အရောင်းအဝယ် လုပ်ဖို့ ညွှန်ကြားချက် ဖျက်သိမ်းလိုက်ရဟန် တူပါတယ်။ အဲဒီ သတ်မှတ်ချက် ပယ်ဖျက်ပေးလိုက်တဲ့အတွက် ငွေလဲ လိုင်စင်ရ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ အနေနဲ့ ဈေးနှုန်းကို သတ်မှတ်ချင်သလို သတ်မှတ်၊ ရောင်းဈေး ဝယ်ဈေး ခွာချင်သလောက်ခွာ၊ တစ်ရက်တည်း ဈေးနှုန်းအပြောင်းအလဲ ဘယ်နှစ်ကြိမ်လုပ်လုပ် ခွင့်ပြုလိုက်တဲ့သဘော ဖြစ်သွားစေပါတယ်။ အဲလို အခြေအနေတွေကြောင့် ဗဟိုဘဏ်သတ်မှတ်ချက် ပယ်ဖျက်ပေးပြီး နောက်ရက်တွေဖြစ်တဲ့ သြဂုတ်လ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ နိုင်ငံခြား ငွေကြေးဈေးကွက်၊ မတည်မငြိမ် ကမောက်ကမ ဖြစ်တာ မြင်တွေ့ကြရပါတယ်။

နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေ ရှိတာက မြန်မာငွေကြေး တန်ဘိုး မတည်မငြိမ် ဖြစ်လေလေ လုပ်ငန်းရှင်တွေရော၊ ပြည်သူလူထု တစ်ရပ်လုံးကပါ မြန်မာကျပ်ငွေကို ယုံကြည်မှု ပိုနည်းသထက် နည်းလာပြီး ကျပ်ငွေ မကိုင်တော့ပဲ၊ ဘဏ်ထဲမှာလည်း မထားတော့ပဲ ဒေါ်လာလို၊ အခြား နိုင်ငံခြားငွေကြေး တစ်မျိုးမျိုးလို၊ ရွှေလို တန်ဘိုး ခိုင်မာတာတွေကို ဝယ်ယူ စုဆောင်းလာကြတော့မယ့် အရေးပါပဲ။ ဒါမျိုး စစ်အစိုးရ လက်ထက်တုန်းက နှစ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ဖူးပါတယ်။ ဒီအတွက် လက်ရှိ NLD အစိုးရ လုပ်ရမယ့် တာဝန်က စီးပွားရေးသမားတွေနဲ့ ပြည်သူတွေ မြန်မာကျပ်ငွေကို ယုံကြည်မှုရှိလာအောင် လုပ်ဖို့ပါ။ မြန်မာကျပ်ငွေကို ရှိသင့်ရှိထိုက်တဲ့ တန်ဘိုးတစ်ခုမှာ တည်တည်ငြိမ် ရှိနေ၊ အရောင်းအဝယ် အလှည့်အပတ် ဖြစ်နေဖို့ လိုပါတယ်။ လက်ရှိ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ဒေါ်လာငွေတန်ဘိုး မြင့်တက်သလောက် မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းသွားရတာမျိုး ပြသနာ မရှိပေမယ့် အခြား အကြောင်းတွေကြောင့် တန်ဘိုး အများကြီး ကျမသွားအောင် လုပ်ကိုင်ဖို့ လိုပါတယ်။ အစိုးရ ဘတ်ဂျက်လိုငွေ လျော့ချဖို့ လိုသလို၊ ကုန်သွယ်ရေးမှာ လိုငွေ အများကြီး ပြနေတာကိုလည်း သင့်တော်သလို ထိန်းကျောင်းဖို့ လိုပါတယ်။

ဗဟိုဘဏ်ဘက်ကတော့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေ အနေနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ငန်းကို ကောင်းကောင်းမွန်မွန် လုပ်လာအောင် နည်းနာရှာ ကြပ်မတ်တာမျိုး၊ ငွေကြေးဈေးကစားသူတွေ ပြည်တွင်းကရော၊ ပြည်ပကပါ ဝင်ရောက် ချယ်လှယ်တာမျိုး မလုပ်နိုင်အောင် ကာကွယ်တာမျိုး၊ အရင် ထုတ်ပြန်ထားပြီးဖြစ်တဲ့ ပြည်တွင်း ဝန်ဆောင်မှု၊ ရောင်းဝယ်မှု အားလုံးမှာ မြန်မာကျပ်ငွေနဲ့ပဲ လုပ်ကြအောင် ကြပ်မတ်တာလိုမျိုး လုပ်ကိုင်ဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန် မြန်မာကျပ်ငွေတန်ဘိုး အလွန်အမင်း ကျဆင်းနေတာမို့ စီးပွားရေးသမားတွေတင်မက ပြည်သူ တစ်ရပ်လုံးပါ ထိခိုက်နစ်နာနေပါပြီ။ ဒီပြသနာ ဗဟိုဘဏ် တစ်ခုတည်း ဖြေရှင်းလို့ ရတာမျိုး မဟုတ်ပဲ အစိုးရ တဖွဲ့လုံး ပါဝင်ပူးပေါင်း ဖြေရှင်းသင့်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

မြန်မာကျပ်ငွေတန်ဘိုး ကျဆင်းမှု ဗဟိုဘဏ် တခုတည်းက ကိုင်တွယ်နိုင်ပါ့မလား