စဉ့်ကူးမြို့ပေါ်မှာ စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေငြိမ်သက်နေပြီး ကာကွယ်ရေးအဖွဲ့တွေက မြို့ကို ဆက်ပြီး ထိန်းချုပ်ထားတယ်လို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။ မတ္တရာမြို့နယ်ထဲမှာတော့ တိုက်ပွဲတွေ ဆက်ရှိနေပါသေးတယ်။ စဉ့်ကူးနဲ့ မတ္တရာမြို့နောက်ဆုံးရအခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့မှာ ဇူလိုင် ၂၂ ရက် တနင်္လာနေ့မှာ တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ကတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး မြို့ပေါ်မှာ စစ်ကောင်စီ ကင်းစင်သွားပြီလို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီနောက် ဇူလိုင် ၂၀ ရက်မှာ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် မြေပြင်အခြေအနေသိရှိသူတွေကတော့ မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေသာ ဆက်လက်ထိန်းချုပ်ထားတယ်လို့ ပြောပါတယ်။
"အခုလက်ရှိကတော့ ငြိမ်သွားပြီခင်ဗျ။ စဉ့်ကူးမှာတော့မရှိတော့ဘူး၊ ငြိမ်သွားပြီ။ မနေ့ကတော့ မရှိတော့ဘူး။ မရှိတော့ဘူးဆိုပေမယ့် မနေ့က စဉ့်ကူးအနီးလေးကိုမှ တံတားဦးကတက်လာတဲ့ ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လာလုပ်တာရှိတယ်။ မြေပြင်အခြေအနေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက စီးထားတယ်။ သိမ်းပိုက်ထားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်။ သိမ်းပိုက်ထားတယ်။ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေက အကုန်ကင်းစင်နေပြီလို့ ကျနော်တို့သိထားရတယ်။"
စဉ့်ကူးမြို့အခြေအနေကို သိရဖို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြားတာတော့မရှိသေးပါဘူး။ လက်ရှိအချိန်မှာ မြို့ကိုဝင်ခွင့်မပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့ပေါ်က နေအိမ်တွေဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျရောက်တာတွေကြောင့် မီးလောင်ပျက်စီးတာတွေရှိသလို ဒေသခံအရပ်သားတွေလည်း သေဆုံးမှုရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ကျဆုံးမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မတ္တရာမြို့မှာဆိုရင်လည်း မြို့နဲ့ ၄ မိုင်အကွာက ကျောက်တံတား ကျေးရွာမှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျောက်တံတားဘက်တော့ တိုက်ပွဲဖြစ်နေတယ်။ မနက်အစောကတည်းကလေ ၅ နာရီခွဲလောက်ကတည်းကစတာ နေ့လယ်ပိုင်းအထိ ကျနော်တို့ဘက်က အသံတွေကြားနေရတယ်။"
မတ္တရာမြို့နဲ့ ၄ မိုင်အကွာလောက်သာရှိတဲ့ ကျောက်တံတားရွာကို ဇူလိုင် ၁၄ ရက်ကတည်းက ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးတိုက်ခိုက်တာတွေရှိပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၂၈ ခုထက်မနည်းကိုသိမ်းပိုက်ထားပြီး အယ်ဖာဘိလပ်မြေစက်ရုံ ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဖမ်းဆီးရမိတာတွေရှိသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဖက်က ထုတ်ပြန်ထားပါတယ်။