ရခိုင်အကျပ်အတည်းတုံ့ပြန်မှု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး သတိပေး

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးVivian Balakrishnan

ရခိုင်ပြည်နယ်တွင်း သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေ နောက်ပိုင်း လူသားဆိုင်ရာ ဘေးဒုက္ခကြီး ကြုံတွေ့နေရတယ်လို့ စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မနေ့ စနေနေ့က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာ တည်ငြိမ်မှု ပြန်လည်ရရှိရေး ရေရှည်တည်တံ့မယ့် ဖြေရှင်းချက် တရပ်ထွက်ဖို့ မြန်မာဘက်က ဆောင်ရွက်နေတာတွေကို အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN က ထောက်ခံထားကြောင်းလည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို တုံ့ပြန်တဲ့ နေရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ စကာၤပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှနန်က မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မူဝါဒရေးရာ မိန့်ခွန်းမှာ အလေးထား ပြောဆိုသွားပါတယ်။

ဘယ်နေရာမဆို အစွန်းရောက်သမားတွေအနေနဲ့ သူတို့ကိုင်စွဲတဲ့ဗျူဟာရှိပါတယ်။ ပထမဆုံး အကြမ်းဖက်မှုတွေကို ကမ်းကုန်အောင်လုပ်မယ်။ ဒုတိယအနေနဲ့ မင်းတို့နဲ့ငါတို့ဆိုတဲ့ ရန်ငါ ကွဲပြားမှုဖြစ်လာအောင် ဘာသာရေးတံဆိပ်ကပ်မယ်။ တတိယကတော့ အလွန်အကံျွတုန့်ပြန်မှုတွေဖြစ်ပြီး တဖက်နဲ့တဖက် သီးခြားစီဖြစ်အောင်လုပ် ကြားအခြေအနေကို ပျောက်သွားစေပါတယ်။ အစွန်းရောက်သမားတွေရဲ့ ဒီလို ထောက်ချောက်ထဲကို ကျမသွားအောင် အတော်လေး သတိထားရမှာဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

ဒီလ အတွင်းမှာဘဲ မြန်မာ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရခိုင်ကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်းလည်း ပြောဆိုပါတယ်။ ဒီကိစ္စက သမိုင်းနဲ့ချီတည်ရှိလာတဲ့ လူမှုအသိုင်းအဝိုင်းကြားက ရှုပ်ထွေးလှတဲ့ ပြသနာ တခုဖြစ်ပြီး ချက်ချင်းကြီး ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ စကာၤပူ နိုင်ငံ အနေနဲ့တော့ အာဆီယံ အဖွဲ့ကြီးနဲ့ အတူ ရပ်တည်ပြီး ဒုက္ခရောက်ရတဲ့ လူမှုအသိုင်းအဝိုင်း အားလုံ အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်သွားမယ်လို့ စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ရခိုင်အကျပ်အတည်းတုံ့ပြန်မှု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး သတိပေး