ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ သိပ်ကိုစိုးရိမ်စရာကောင်းကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ အမေရိကန် ပြည်ထောင်စု လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Simon Henshaw က မနေ့ အင်္ဂါနေ့က အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အထူးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး မြန်မာအစိုးရက အမြန်ဆုံးစတင်ဆောင်ရွက်ဖို့နဲ့ အတိုင်းအတာကြီးမားလှတဲ့ ရိုဟင်ဂျာပဋိပက္ခ အဖြေရှာရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးကျန်ရှိနေသေးပြီး အမေရိကန်နဲ့အတူ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့လည်းသူကတိုက်တွန်းသွားပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
အောက်တိုဘာလ ၂၉ ရက်နေ့ ကနေ နိုဝင်ဘာလ ၄ ရက်နေ့ထိ ၆ ရက်ကြာ ခရီးစဉ်အဖြစ် ရိုဟင်ဂျာဒုက္ခသည်အရေးကူညီဖြေရှင်းပေးဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတစိတ်တပိုင်းအနေနဲ့မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Henshaw ဦးဆောင်တဲ့ မေရိကန်အဆင့်မြင့် သံကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
သူနဲ့ အတူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်အကိုင်ဆိုင်ရာ ဗျူရို ဒုလက်ထောက်ဝန်ကြီး Scott Busby ၊ တောင်နဲ့ ဗဟိုအာရှဒေသ ရေးရာဌာန ယာယီ ဒုလက်ထောက်ဝန်ကြီး Tom Vajda နဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို၊ ရုံးညွှန်ကြားရေးမှူး Patricia Mahoney တို့လည်း လိုက်ပါသွားခဲ့ကြတာပါ။
၃ ရက်ကြာမြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရအဆင့်မြင့်အရာရှိတွေအပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် စစ်တွေမြို့က အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသူတွေနေထိုင်တဲ့ စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြသလို အကြမ်းဖက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုလည်း သွားခဲ့ကြပြီး ရိုဟင်ဂျာနဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း မနေ့က အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ အထူးသတင်းစာရှင်းလင်းပွဲမှာ Mr.Henshaw ကပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို သူက အခုလိုတိုက်တွန်းသွားပါတယ်။
“မြန်မာအစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ဖို့ ဒေသခံလူတွေကို အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေး ကျူးလွန် ချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့ ကျနော်တို့ တိုက်တွန်းခဲ့ပါတယ်။ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရရဲ့ အစီအစဉ်တွေကို ကျနော်တို့ ကြိုဆိုလိုက်ပြီး ဒီအစီအစဉ်တွေကို အမြန်ဆုံး အကောင်ထည်ဖေါ်ဖို့လည်း တိုက်တွန်းပါတယ်။ ဒုက္ခသည်တွေ သူတို့ရဲ့ ကျေးရွာတွေ မြေယာတွေဆီ ဆန္ဒသဘောအလျှောက် ပြန်နိုင်ရေးအတွက်လဲ ဘေးကင်းလုံခြုံမှု အရေးကြီးတဲ့အကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။”
အဲဒီနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ပြောကြားရာမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိတွေ၊ NGO တွေ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Simon Henshaw ကပြောပါတယ်။ သိန်းနဲ့ချီရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ သွားရောက်ကြည့်ရှုရာမှာ သူ့အနေနဲ့ အလွန်တုန့်လှုပ်ခဲ့ရကြောင်း အခုလို သတင်းထောက်တွေကိုပြောပါတယ်။
“ကျနော်တို့ စခန်းတွေမှာ တွေ့ခဲ့ရတာက တုန်လှုပ်ခြောက်ခြားစရာပါဘဲ။ ဒုက္ခသည်တွေရဲ့ ပဋိပက္ခအတိုင်းအတာက သိပ်ကိုကြီးမားလှပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ကစလို့ လူပေါင်း ၆ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြတာပါ။ အခြေအနေက သိပ်ဆိုးရွားပါတယ်။ လူတွေ အတိဒုက္ခရောက်ကြပါတယ်။ ဒုက္ခသည်အများအပြားဟာ သူတို့ရွာတွေ မီးရှို့ခံကြရတာ၊ သူတို့ရဲ့ မိသားစုဝင်တွေမျက်စိရှေ့မှာတေင် အသတ်ခံခဲ့ကြရတာတွေကို ငိုပြီးပြောပြခဲ့ကြတာ ကြားရတော့ သိပ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ သတို့က ထွက်ပြေးစဉ် သေနတ်နဲ့ ပစ်ခံခဲ့ကြရတာကိုပြောပြခဲ့ကြပါတယ်။ အခုလို ဘေးဒုက္ခစိတ်သောကတွေ ရောက်ကြပေမဲ့ အများအပြားဟာ မြန်မာနိုင်ငံရှိ သူတို့အိမ်တွေကို ပြန်ချင်ကြတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဘေးအန္တရာယ်ကင်းဖို့ အသတ်မခံဖို့ အာမခံချက်တွေကို လိုချင်ကြပါတယ်။”
ကမ္ဘာပေါ်မှာ နိုင်ငံမဲ့သူအရေအတွက်အများဆုံးဖြစ်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပြီး အရေးပေါ် အကူအညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေအပါအဝင် UNHCR ၊ UNICEF ၊ IOM ၊ WFP စတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ICRC နိုင်ငံတကာကြက်ခြေနီအသင်းကြီးနဲ့ လခြမ်းနီအသင်းတို့ ကို အမေရိကန်က ကျေးဇူးအထူးတင်ရှိတယ်လို့လည်း Mr. Henshaw ကပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းဖို့ နိုင်ငံတကာက အလှုရှင်တွေထည့်ဝင်အောင် အမေရိကန်က ဦးဆောင်ခဲ့ပြီးလက်ရှိမှာလည်း အမေရိကန်က ဒေါ်လာ ၁၀၄ သန်းနဲ့ အများဆုံးထည့်ဝင်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း အတိုင်းအတာကြီးမားလှတဲ့ ရိုဟင်ဂျာပဋိပက္ခ အဖြေရှာရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးကျန်ရှိနေသေးပြီး အမေရိကန်နဲ့အတူ နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Henshaw က အခုလို တိုက်တွန်းသွားပါတယ်။
“အခြေအနေတွေဟာ လုပ်ဆောင်စရာတွေ အများကြီးကျန်နေပါသေးတယ်။ ပဋိပက္ခ အတွင်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အရေးပေါ် အကူအညီပေးရာမှာ အမေရိကန်ပြည်ထောင်စုက ပထမဆုံးပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ အမေရိကန်ကပေးထားတဲ့ ကတိအတိုင်း အလှုငွေကိုလည်း တခြားနိုင်ငံတွေနည်းတူ ထည့်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အလှုငွေအများကြီးလိုအပ်နေပါသေးတယ်။ ပဋိပက္ခဒဏ်ခံခဲ့ကြရသူတွေကို အကူအညီပေးဖို့ အမေရိကန်က သံဓိဌာန်ခိုင်မာပါတယ်။ အလားတူပဲ ဒေသတွင်းရှိ တခြားနိုင်ငံတွေကိုလည်း တိုက်တွန်းပါတယ်။”
ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ ကူညီဖြေရှင်းရာမှာ မြန်မာအရပ်သားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ အမေရိကန်အစိုးရဘက်က ယုံကြည်ထားကြောင်း Simon Henshaw ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အမေရိကန်က အပြည့်အဝထောက်ခံပြီး မူဝါဒရေးရာတွေမှာ ခိုင်မာမှုရှိလာစေဖို့ အရပ်သားအစိုးရနဲ့ လက်တွဲဆောင်ရွက်လိုကြောင်းလည်း Mr. Henshaw ကသတင်းထောက်တွေကိုပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းမှာ တာဝန်ရှိသူတွေ တာဝန်ခံမှုရှိလာအောင် သူတို့ကို ပစ်မှတ်ထား အရေးယူတဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့ အမေရိကန်လွှတ်တော်က ကြိုးပမ်းနေပါတယ်။
Your browser doesn’t support HTML5