Wisconsin ဆစ်ခ် ဘုရားကျောင်း ပစ်ခတ်မှု ၇ ဦး သေဆုံး

အမေရိကန် ပြည်ထောင်စု မြောက်ပိုင်း Wisconsin ပြည်နယ်ရှိ ဆစ်ခ်(Sikh) ဘုရားရှိခိုးကျောင်း တခုထဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ လူ ၇ ယောက်ထက် မနည်း သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေ ထဲမှာ သေနတ်သမား ကိုယ်တိုင်လည်း ပါဝင်ပါတယ်။

Milwaukee မြို့ ဆင်ခြေဖုံးရပ်ရှိ Wisconsin ဆစ် ဘုရားကျောင်း အဆောက်အဦးထဲမှာ လေးဦး ဦး သေဆုံးနေပြီး အဆောက်အဦး အပြင်ဘက်မှာတော့ သေနတ်သမား အပါအဝင် သုံးယောက် သေဆုံးနေတာ တွေ့ရတယ်လို့ Greenfield ရဲဌာနမှူး Bradley Wentlandt က ပြောပါတယ်။ နောက်ထပ် သေနတ်သမားတယောက် ပါဝင် ပတ်သက်လိမ့်မယ်လို့ အာဏာ ပိုင်တွေက မယူဆကြောင်းလည်း ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ပထမဆုံး သွားရောက် ခဲ့တဲ့ ရဲအရာရှိ တယောက်ဟာ သေနတ်သမားနဲ့ အပြန်အလှန် ပစ်ခတ်ရာမှာ ဒဏ်ရာရရှိခဲ့ပြီး သူ အပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားက အခင်းဖြစ်ပွားမှုကြောင့် လူ ၇ ယောက် သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း နဲ့ ဆစ် အသိုင်းအဝိုင်းရဲ့ အားဖြည့်မှုကြောင့် နိုင်ငံပိုပြီး သာယာဝပြော ခဲ့ရတယ်လို့ ချီးကျူး လိုက်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျက် (Punjab) ပြည်နယ်မှာ နေထိုင်သူ ဆစ် လူမျိုးတွေအပါအဝင် ကမ္ဘာတဝန်း ဆစ် လူဦးရေး သန်း ၂၀ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု မှာတော့ ဆစ် လူဦးရေ ၄ သိန်းကနေ ၁ သန်းအထိ ရှိနိုင်တယ်လို့ နယူးယောက် အခြေစိုက် United Sikhs Organization ညီညွတ်သော ဆစ် အဖွဲ့က ခန့်မှန်းထားပါတယ်။

အခု ပစ်ခတ်မှုဖြစ်ပွားတဲ့ Wisconsin မှာတော့ ဆစ် ဘုရားကျောင်းကို ၁၉၉၇ က တည်ဆောက်ခဲ့ပြီး ဆစ် လူဦးရေ ၃,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဘုရားကျေင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါ တယ်။ 9/11 အကြမ်းဖက်မှု နောက်ပိုင်း ဒေသခံ အမေရိကန် တွေက ဆစ်လူမျိုးတွေရဲ့ ဗောင်းထုတ် ကို တာလီဘန်တွေရဲ့ ခေါင်းပေါင်းနဲ့ အမှတ်မှားပြီး ရန်လို တိုက်ခိုက်တာတချို့ ရှိခဲ့ဖူးပါ တယ်။ မြန်မာပြည်မှာတော့ ဆစ် လူမျိုးတွေကို ပန်ဂျက် ပြည်နယ်သားတွေဖြစ်လို့ ပန်ချာပီ ရယ်လို့ အများခေါ်ကြတာ ဖြစ်ပါတယ်။