SALT နဲ့ ကျေးလက်ဖွံ့ဖြိုးရေး

SALT နဲ့ ကျေးလက်ဖွံ့ဖြိုးရေး

SALT လို့ခေါ်တဲ့ တောင်စောင်းစိုက်ပျိုးနည်းစံနစ်နဲ့တွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းပညာတွေကို မင်းဘူးနဲ့ အမ်း တောင်ကြားလမ်း မှာ တောင်ပေါ်ဒေသဖွံ့ဖြိုးရေး အတွက် စီမံကိန်းချပြီး ဆယ်နှစ်ကျော်ကျော် ကိုယ်တိုင်လုပ်ကိုင်ခဲ့သူက ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဟောင်း ဆရာ ဆလိုင်းထွန်းသန်း ကပြောပြမှာပါ။

SALT ဆိုတာ ဘာပါလဲ

Sloping Agricultural Land Technology SALT ဆိုတာ တောင်စောင်းစိုက်ပျိုးမှု နည်းပညာပါ။ မြေညီ မဟုတ်တဲ့နေရာမှာ စိုက်ပျိုးရင် သုံးလို့ရပါတယ်။ တောင်စောင်း ဖြစ်နေရင် ရေတိုက်စားမှု အလွန်များတာမို့ ရေတိုက်စားမှုကို မဖြစ်အောင် ၊ နဲနိုင်သမျှနဲအောင် ကာကွယ်တဲ့ သဘောနဲ့ အပင်တွေ အတန်းလိုက် စိုက်ပျိုးတဲ့စံနစ်ပါ။

မြေဆီမပျက်သုန်းစေတဲ့ ဒီတောင်စောင်း စိုက်ပျိုးစံနစ်အတွက် ဘယ်လို အစပျိုးရတာပါလဲ

တောင်စောင်းရဲ့ Angle စောင်းတဲ့ဒေါင့် ပေါ်မှာမူတည်ပြီး၊ မြန်မာနိုင်ငံမှာဆိုရင် ၂၅ပေ ကနေ ပေ၃၀လောက် အထိ Sloping ရှိပါတယ်။ ပေတရာမှာ ၂၅ပေလောက် မြင့်သွားတာပါ။ အဲဒီနေရာ မျိုးမှာ တနေရာကို ငုတ်ရိုက်၊ အဲဒါကို တန်းပြီး ကြိုးဆွဲသွား။ လက်သမားသုံးတဲ့ level နဲ့ တိုင်း လို့ရပါတယ်။ တိုင်းနည်းက ဒုတ်နဲ့ထောက်၊ ၆ပေ နက်တဲ့နေရာမှာ တိုင်ကို ရိုက်ရင် ထိပ်ကတိုင်နဲ့ အောက်ကတိုင် အကွာဝေးဟာ ၆ပေပိုနက်သွားတယ် ဒါမှမဟုတ် ၆ပေပိုမြင့်သွား ပါတယ် ။ ဒီလိုအမြင့်ညီနေရာကို ကွန်တိုလုပ် တယ်လို့ခေါ်ပြီး အဲဒီကွန်တိုအလိုက်မှာပဲ အပင်တွေကို စိုက်တာပါ်။ အဲဒီ အကြားထဲမှာမှ ထွန်ရထယ်ရ ပါတယ်။

ကွန်တိုလို့ခေါ်တဲ့ အမြင့်ညီတဲ့ နေရာအလိုက်စိုက်ထားတဲ့ စည်းရိုးတန်းတွေဟာ မြေဆီကို ထိမ်းထားပေးတာပါ။

စိုက်တဲ့အခါမှာ ၂တန်းစိုက်တော့ အဲဒီ ၆ပေ အမြင့်နဲ့ အနိမ့် အတောအတွင်းမှာ ရှိတဲ့ မြေဆီတွေကို အောက်ကို စီးမကျအောင် သူက ဘောင်အဖြစ်နဲ့ တတ်နိုင်သလောက် ထိမ်းထား တာပါ။ သူ့အကန့်လိုက်သူ ထိမ်းထိမ်းထားတဲ့ တခါ တချို့ ၁၄- ၅နှစ်လောက် ကြာပြီဖြစ်တဲ့ ဖိလစ်ပိုင်တို့ ထိုင်းတို့မှာ တော့ လှေခါးထစ် ပုံစံမျိုးလို ဖြစ်နေတာတွေ့ရပါတယ်။ တမင်လှေခါးထစ်လို လုပ်ထားသလိုဖြစ်နေတာပါ။ ဒီတန်းတွေ ကြားထဲမှာ မြေဆီသြဇာက ပျက်မသွားပဲ အကန့်နဲ့ အကန့်နဲ့ သူဟာသူ ထိမ်းထိမ်းသွားပါတယ်။ ဒီစည်းရိုးတန်းက ထွက်လာတဲ့ အရွက်တွေ အသီးတွေကို စည်းရိုးတန်းရဲ့ ခြေရင်းမှာထားလိုက်ရင် မြေဆီသြဇာ ကို ပိုထိမ်းနိုင်ပါတယ်။ စည်းရိုးကို တနှစ်ကို ၂ကြိမ် ၃ကြိမ် ဖြတ်ပေးရပါတယ်။ အပင်ရဲ့ အနုအရင့်ပေါ်မှာ မူတည်ပြီး ဒူးလောက် ပေါင်လည်လောက် ဖြတ်သလို တခါ ရင်ဆို့လောက် အမြင့်မှာ ဖြတ်တာမျိုးပါ။

စည်းရိုးတန်းအတွက် ဘာအပင်တွေကို စိုက်နိုင်ပါသလဲ

အထူးသဖြင့် ပဲမျိုးပင်ထဲမှာပါတဲ့ ဘော်စကိုင်းမျိုးကိုစိုက်နိုင်ပါတယ်။

လှေခါးထစ်စိုက်တာနဲ့ တောင်စောင်းစိုက်တာ ဘာကွာပါလဲ

လှေခါးထစ်စိုက်တာက မြေကြီးကို လှေခါးထစ် ဖြစ်အောင်လုပ်ရတာမို့ အဲဒီအခါမျိုးမှာ အပေါ်ယံမြေဆီလွှာကို တမင်တူးပစ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဒါ့ပြင် လုပ်အားလဲကုန်ပါတယ်။ တောင်စောင်းစိုက်နည်းက လုပ်အားမကုန်တဲ့ အပြင် မြေဆီလွှာက သူ့သဘာဝအတိုင်း တဖြေးဖြေးအတိုက်စားခံ နေရပေမယ့် တဖြေးဖြေး အလိုအလျှောက် မြေဆီလွှာ ပြန်ဖြစ်အောင်လုပ်တဲ့ နည်းပါ။

မြန်မာနိုင်ငံမှာ တောင်စောင်းစိုက်နည်းကို ဘယ်နေရာတွေမှာ သုံးနိုင်ပါသလဲ

တောင်စောင်းရှိတဲ့နေရာ တွေအကုန်လုံးမှာ သုံးနိုင်ပါတယ်။ တောင်ယာခုတ်တဲ့ နေရာမှန်သမျှ ဒီနည်းကို သုံးလို့ရပါတယ်။ အလယ်ပိုင်းမှာ ပဲခူးရိုးမ၊ အနောက်ဖက်က အနောက်ရိုးမ၊ ရခိုင်ရိုးမ နောက် ရှမ်းပြည်နယ်၊ အောက်ဖက်က တနင်္သာရီ ရိုးမတလျှောက် တောင်စောင်းရှိတဲ့ နေရာတွေတလျှောက်မှာ သုံးလို့ရပါတယ်။

မြန်မာနိုင်ငံအတွက် အလွန် အကျိုးရှိတဲ့ စိုက်နည်းတနည်းပါ။ ဒီစိုက်နည်းနဲ့တွဲပြီး လူနေမှုအဆင့်အတန်း မြင့်မားစေဖို့ လုပ်ဆောင်နိုင်တယ်လို့ဆိုပါတယ်။

ကျွန်တော်တို့ လုပ်တုန်းက သူ့ရည်ရွယ်ချက်က ၃ခုရှိတယ်။ ပထမအချက်က တနှစ်တကြိမ် တောင်ယာ ခုတ်တဲ့အခါ မီးရှို့တဲ့ အခါ တခါတလေ ဝန်းကျင် ရွာတွေအထိ မီးကူူးတာမျိုးတွေရှိတာမို့ ဒီအန္တရာယ်မျိုးကို ကာကွယ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကိုရော တောမီးလောင်တာကိုပါ ကာကွယ်နိုင်တာပါ။

ဒုတိယအချက်က စည်းရိုးပင်တန်း စိုက်ပျိုးတဲ့ အတွက် မြေဆီ သြဇာ တိုက်စားမှုကို ကာကွယ်ပါတယ်။ တတိယက လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် သင်တန်း ပေးတာပါ။

ဒီလုပ်ငန်းကို လက်တွေ့လုပ်ခဲ့တဲ့ နေရာက ဘယ်နေရာမှာ ပါလဲ

မင်းဘူးနဲ့ အမ်းတောင်ကြားလမ်းရဲ့ ၄၆မိုင်တိုင် ဘေးနားမှာ ကျွန်တော်လုပ်ခဲ့တယ်။ ဆယ်နှစ်လောက်လုပ်ခဲ့တာပါ။

SALT က စည်းရိုးတန်း တခုနဲ့ တခုကြားမှာ မြေကြီး အနိမ့် အမြင့်ပေါ်မူတည်ပြီး ၁၀ပေ ကနေ ပေအစိတ် သုံးဆယ်အထိရှိ ပါတယ်။ အဲဒီကြားထဲမှာ ထွန်ထယ်ပြီး ကဗလာ Orange ကို တတန်းနဲ့ တတန်း ၂၇ပေ ခြားတယ်။ တပင်နဲ့တပင် ၉ပေခြားတယ်။ တတန်းနဲ့ တတန်းကြား ၉ပေ ၃လီ ခြားတော့ အဲဒီ ကြားထဲမှာ ကော်ဖီနဲ့ လက်ဖက်ကိုစိုက်တယ်။ ကဗလာစိုက်တယ်၊ အဲဒီတန်းကြားထဲမှာ ကော်ဖီတတန်း လက်ဖက်တတန်း စိုက်လိုက်ရင် ဒီလူတွေရဲ့ စားဝတ်နေရေးဟာ အများကြီး အဆင်ပြေမယ်။ ဘေးကဝန်းကျင်လဲ အနှောက်အယှက် မပေးတော့ဘူး။

လူနေမှုအဆင့်အတန်း မြင့်မားအောင် ဘယ်လိုလုပ်ပေးတာပါလဲ

မြန်မာပြည်မှာ တောမပြောနဲ့ တချို့ မြို့တွေမှာတောင် လူနေအိမ်နဲ့ အဝေးကြီးမှာပဲ အိမ်သာ ထားကြတယ်။ နံလို့ပါ။ ဒါကြောင့်မို့ အိမ်သာကို အိမ်ထဲမှာပဲ ထားနိုင်အောင် မနံအောင် ဘယ်လိုထားရတယ်ဆိုတာကို သင်တန်းပေးပါတယ်။ ရေကိုလည်း အိမ်တိုင်ရာရောက်ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။

ဒုတိယက မီးဖိုသုံးတာပါ။ မီးဖိုကို ပစောက်ပုံ မီးဖို U Kitchen လုပ်ပေးပါတယ်။ ဒီမီးဖိုအတွက် ထင်းတချောင်းထဲသုံးရတဲ့ Economy Stove စီးပွါးကိုက် မီးဖိုမျိုးပါ။ ဒါ့ကြောင့် တောထဲက ခြောက်နေတဲ့ အပင်တွေကိုပဲ ခုတ်လိုက်အုံးတော့ ထင်းတချောင်းမီးဖို ဆိုတော့ ကောင်းကောင်း လုံလောက်တယ်။

နောက် အိပ်ဖို့အတွက်လည်း အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ သိပ်ချမ်းတဲ့ အခါ မွေ့ယာနဲ့ အိပ်ဖို့ လုပ်ခိုင်းပါတယ်။ သူတို့ခမြာ မွေ့ယာ မဝယ်နိုင်တဲ့ အခါကျတော့ ဂုံနီအိတ်ကို မွေ့ယာပုံချုပ်၊ အထဲမှာကောက်ရိုးသွပ်၊ ချင်းစောင်ကို အပေါ်ကအုပ်တော့ မွေ့ယာရပါတယ်။ စောင်ကလည်း နွေးအောင်လို့ အောက်က ဘာဘူစောင်တခုခံ၊ အထဲမှာ ကျွတ်ကျွတ်မမြည်တဲ့ ပလပ်စတစ် အပြားခံ အပေါ်မှာ ချင်းစောင်တခုအုပ်ပြီး ပတ်ပတ်လည် ချုပ်လိုက်ရင် လေမဝင်တော့တဲ့အတွက် နွေးရုံ မကပဲ ချွေးတောင်ထွက်မယ့် စောင်ကိုရပါတယ်။

နောက်အိမ်ပါဆောက်ပေးပါတယ်။ ဒါပေမယ့် အိမ်ကတော့ နမူနာပဲဆောက်နိုင်ခဲ့ပါတယ်။

အခုလို ကျေးလက် ဖွံ့ဖြိုးရေးနဲ့ တွဲထားတဲ့ SALT စိုက်ပျိုးရေးစံနစ်ရဲ့ ရလဒ်တွေက ဘာပါလဲ

အဲဒီလိုလုပ်ခြင်း အားဖြင့် ဝန်းကျင်ဟာ မပျက်စီးတော့ဘူး။ မီးမလောင်တော့ဘူး။ အပင်ပြုန်းတီးမှု မရှိတော့ဘူး။ သစ်ခွ မျိးတုန်းမဲ့အန္တရာယ်၊ ရှားပါ ကျေးငှက် မျိုးပြုန်းမယ့် အန္တရာယ်တွေကနေ ကင်းဝေးနိုင်တဲ့အပြင် မြေဆီလွှာ ပျက်စီးမှု အန္တရာယ်ကိုပါကာကွယ်နိုင်ပါတယ်။ အခုဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ပေါ်ထွန်းလာတဲ့ သဲသောင်တွေဟာ မြန်မာနိုင်ငံတွင်းက တောင်စောင်း တောင်ရိုးတို့က တိုက်စားလာတဲ့ မြေဆီလွှာတွေက အဓိကမို့ သောင်ထွန်းတဲ့ အန္တရာယ်ကို အကာအကွယ်ပေးနိုင် သလို ဝန်းကျင်ကိုပါ ကာကွယ်ပေးပါတယ်။ ဒါပြင် တောင်သူတွေအတွက် လူနေမှု အဆင့်အတန်း မြင့်မားလာစေဖို့ တွဲဖက်ပြီး လုပ်ဆောင်ပေးနိုင်ပါတယ်။