မြန်မာ့ဆည်တမံတွေအတွက် အကောင်းဆုံးစံ ကင်းတားဆည်

မြန်မာ့ဆည်တမံတွေအတွက် အကောင်းဆုံးစံ ကင်းတားဆည်

မြစ်ဆုံဆည် စီမံကိန်းလိုမျိုး ကြီးမားတဲ့ ဆည်တမံကြီးတွေတည်ဆောက်ဖို့ အတွက် ကြိုတင်လေ့လာတဲ့ အလုပ်ကိုဘယ်လို ပီပီပြင်ပြင်လုပ်ရတယ်ဆိုတာ သိရဖို့ မြန်မာနိုင်ငံမှာ အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့ ကင်းတားဆည်အတွက် လေ့လာရေးလုပ်ရာမှာ ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆည်မြောင်းဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှုး ဦးထွေးမြင့်ကို မေးမြန်းပြီး တင်ပြပေးပါရစေ။

"ပထမအဆင့်မှာ ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ Feasibility level report ရေးနိုင်ဖို့ နှစ်ပေါင်းအတော်ကြာ အချိန်ယူလုပ်ခဲ့တဲ့ ကူမဲ၊ မြစ်သားမြို့နယ်ထဲက ကင်းတားဆည်မှာ ကျွန်တော်မန်နေဂျာအဖြစ်နဲ့ သုံးနှစ် လုပ်ခဲ့ပါတယ်။ စူးစမ်းလေ့လာရေးလုပ်တဲ့ နေရာမှာ ကမ္ဘာ့ဘဏ်က သူတို့ ကိုယ်တိုင် ပါဝင်ပြီး လုပ်ပေးတာပါ။ အဲဒါအင်မတန် အတုယူဖို့ ကောင်းပါတယ်။ နောင် အစဉ်အဆက် ဆည်တမံတွေ လုပ်မယ်ဆိုရင် ဒီအဆင့်ထက် မနိမ့်ကျတဲ့ အဆင့်မျိုးနဲ့ လုပ်သင့်ပါတယ်"

ဒီဆည်အတွက် စူးစမ်းလေ့လာတာတွေကို ဘယ်အချိန်က စခဲ့တာပါလဲ

"၁၉၂၇ခုနှစ်က အင်္ဂလိပ်ဆည်မြောင်း အင်ဂျင်နီယာ မက်ကင်တော့(ချ)က အဲဒီခေတ်က ရနိုင်သရွေ့ အချက်အလက်တွေ လေ့လာပြီး အစီရင်ခံစာတခုရေးခဲ့ပါတယ်။ ၁၉၆၀နဲ့ ၇၀နှစ်တွေ ကြားမှာ ရုရှားတွေ အကြိမ်ကြိမ်လာ လေ့လာပါတယ်။ ၁၉၇၁မှာ ရုရှားတွေကတခါ ဘူမိဗေဒအစီရင်ခံစာ တင်ပါတယ်။ နောက် ၁၉၇၆မှာ FAO က ဆည်ရေသောက်မယ့် ဧရိယာတွေနဲ့ ပတ်သက်လို့ -ဆည်တမံတွေနဲ့တော့ မဆိုင်ဘူးပေါ့လေ။ ဒါပေမယ့် ဆည်ရေသောက်မယ့် နေရာတွေ အတွက် အစီရင်ခံစာ တင်ပါတယ်။ အမေရိကန် အင်ဂျင်နီယာ အတိုင်ပင်ခံ အဖွဲ့ ECI က ၇၅-၇၆မှာ ရီပို့ ၂ခု တင်ပါတယ်။ အဲဒီရီပို့တွေပေါ်မှာ မူတည်ပြီး ကမ္ဘာ့ဘဏ်က ငွေချေးနိုင်ဖို့ရာ တော်တော် စိတ်ဝင်စားလာပါတယ်"

ဒီလို သိပ်ကိုကြီးမားတဲ့ ဆည်တခုကို တည်ဆောက်ဖို့ ငွေချေးမယ့် ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ကရော ဘယ်လိုပါလဲ

" ကမ္ဘာမှာ ရှိတဲ့ အတိုင်ပင်ခံ ကုမ္ပဏီတွေ consultant firms တွေကို ဖိတ်ခေါ်ပါတယ်။ ဒီအတိုင်ပင်ခံ firm ကို ရွေးချယ်တဲ့နေရာမှာ ကမ္ဘာ့ဘဏ်ရဲ့ လမ်းညွှန်မှု guide line နဲ့အညီ တကမ္ဘာလုံးကို ဖိတ်ခေါ်ပြီးမှ တကမ္ဘလုံးက ဆောင်ရွက်လိုတယ်ဆိုတဲ့ စာတွေပေါ်မှာ မူတည်ပြီးမှ ၅ခုရွေးလိုက်တယ်။ ဒီ၅ခုထဲကမှ ဗမာအစိုးရက တခုကိုရွေးလိုက်တယ်။ အဲဒီ အဖွဲ့ကတော့ လမေယာ Lahmeyer International ဆိုတဲ့ ဂျာမဏီအဖွဲ့ပါ။ အဲဒီလို စံနစ်တကျ ပွင့်ပွင့်လင်းလင်းလုပ်ပါတယ်။ အခု ဒီမြစ်ဆုံမှာတော့ အဲဒီလို ပွင့်ပွင့်လင်းလင်း လုပ်တယ်လို့ မကြားမိဘူး "

အခုလို သဘောတူခဲ့တဲ့ ဂျာမဏီ ကုမ္ပဏီက ဘာတွေ လုပ်ခဲ့တယ် ဆိုတာကို ကြည့်ရအောင်ပါ

"အဲဒီ ဂျာမဏီ ကုမ္ပဏီမှာ အင်ဂျင်နီယာ ၆ယောက်ပါပါတယ်။ ဘူမိဗေဒပါရဂူ ၂ယောက်ပါပါတယ်။ ဆည်မြောင်း အင်ဂျင်နီယာ ၂ယောက်၊ စီးပွါးရေး ပါရဂူ၂ယောက် နောက်မြေတိုင်းအင်ဂျင်နီယာ တယောက် ပါတယ်။ နောက်မန်နေဂျာတယောက်ပါပါတယ်။ ၁၉၇၇ နိုဝင်ဘာကစပြီး အသေးစိတ် စတင်လေ့လာ ၁၉၇၈ခု မေလမှာ အစီရင်ခံစာတင်သွင်းပါတယ်။ သူက အပိုင်း၁ အနေနဲ့တခါ၊ အပိုင်း၂ အနေနဲ့တခါ ၂ဆင့် တင်သွင်း ပါတယ်"

ဒီ လမေယာ ကုမဏီနဲ့ တခြား အစီရင်ခံစာတွေ ရပြီးတဲ့နောက် ကမ္ဘာ့ဘဏ်က ဘာတွေဆက်ပြီး လုပ်ဆောင် ပါသလဲ

ကမ္ဘာ့ဘဏ်က စီးပွါးရေး ပညာရှင်တွေနဲ့ ကမ္ဘာအနှံ့က ကျွမ်းကျင်သူပါရဂူ ၅ယောက်ကို ငှါးရမ်းပြီးမှ ကမ္ဘာ့ဘဏ်က ဗမာပြည်ကို လာပါတယ်။ လမေယာ ကုမ္ပဏီရယ် အဲဒီကမ္ဘာ့ဘဏ်ကအဖွဲ့ရယ် ဗမာပြည်က အဖွဲ့ရယ် ၃ဦး၃ဖလှယ် ဆွေးနွေးပြီးတော့မှ ညှိနှိုင်းကြပါတယ်။ အဲဒီမှာ လမေယာက တင်ပြတာတွေမှာ ကွဲလွဲတာတွေလည်း ရှိပါတယ်။ ဥပမာ လမေယာက အောက်မှာ လှိုင်ခေါင်းတခုတူးချင်တယ်။ သူတို့ခေါ်လာတဲ့အဖွဲ့က အဲဒါကို ပယ်လိုက်ပါတယ်။ အဲဒါကြောင့် မလုပ်ဖြစ်ပါဘူး။ ဆိုလိုတာကတော့ လမေယာက တင်တိုင်းလည်း မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်က အပြန်အလှန်ဆွေးနွေးညှိနှိုင်းပါတယ်။ အဲဒီပေါ်မူတည်ပြီး ငွေချေးပါတယ်။ အဲဒီချေးငွေ အပေါ်မှာ စတင်ပြီးတော့ ၁၉၈၀လောက်မှာ ဆောက်တယ်။

ဆည်တည်ဆောက်ရာမှာ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းကိုကြည့်ရအောင်ပါ

"ကမ္ဘာကို တင်ဒါခေါ်တဲ့အခါ ကိုရီးယား ကုမ္ပဏီတခုကတင်ဒါရပါတယ်။ မြန်မာအစိုးရကလည်း သဘော တူပါတယ်။ ဒါပေမယ့် တည်ဆောက်တဲ့နေရာမှာ ကြီးကြပ်ဖို့ ဆိုပြီး ကမ္ဘာ့ဘဏ်က ပါရဂူ၅ယောက် Panel of Expert က ကိုရီးယားကုမ္ပဏီ တည်ဆောက်တာကို ဒီမှာနေပြီး မျက်စိဒေါက်ထောက်ကြည့်တယ်။ သူတို့ရဲ့ စံချိန်စံညွှန်းနဲ့အညီ လုပ်သလား ဆိုတာသိဖို့။ ဒီကုမ္ပဏီဟာ ကျွန်တော်တို့တွေ့သလောက်တော့ ဒီ ပါရဂူအဖွဲ့ကို သိပ်အလေးထားပါတယ်။ အရပ်စကားနဲ့ဆိုရင် သိပ်ကြောက်တယ်ပေါ့လေ"

ကမ္ဘာ့ဘဏ်ဟာ လေ့လာရေးတင်မကပဲ တည်ဆောက်ရေး အပိုင်းမှာပါ အခုလို ထိထိ ရောက်ရောက် စံနစ်တကျ ဘာ့ကြောင့်လုပ်ဆောင်ခဲ့တာပါလဲ

"ဘာကြောင့်ဒီလိုလုပ်ပေးသလဲဆိုတော့ ကင်းတားဆည်ဆောက်တဲ့ကာလဟာ ဗမာပြည်မှာ ဆည်ကြီးတွေ စဆောက်တဲ့ကာလ သူ့မတိုင်ခင်ကဆည်တွေကတော့ သိပ်အန္တရာယ်မရှိသလို သိပ်အရေးမကြီးတဲ့ ဆည်တွေလို့ ပြောလို့ရပါတယ်။ နောက်ကို ဗမာပြည်မှာ ဒီလိုနမူနာနဲ့ ဒီလိုစည်းကမ်းတွေ အစဉ်အလာတွေနဲ့ လုပ်သွားနိုင်ဖို့ သူတို့က ရည်ရွယ်တယ်လို့ပြောလို့ရပါတယ်။ နောက် ကျွန်တော်တို့ဆည်မြောင်းဌာန အင်ဂျင်နီယာတွေကို လေ့ကျင့်ပေးဖို့ ဟောပြောဖို့ အတွက်ကိုလည်း ကမ္ဘာ့ဘဏ်က သူတို့ကိုသီးခြား ရံပုံငွေနဲ့ပေးပါတယ်"

ဆည် တည်ရှိမယ့် ဒေသရဲ့ ဒေသခံ ပညာရှင်တွေ အတွက်ပါ လေ့ကျင့်မှုတွေ နဲ့ သင်တန်းတွေကို တပါတည်း ပေးခဲ့တာမို့ ကမ္ဘာ့ဘဏ်ရဲ့ လက်ထွက် ဆည်တွေအတွက် ထိမ်းသိမ်းမယ့် သူပါ တပါတည်း ရခဲ့တာပါ။

ဒီ ကင်းတားဆည် မတည်ဆောက်ခင်မှာ ဆည်တည်ဆောက်ဖို့ အတွက် ဒေသခံတွေရဲ့ အခန်းကဏ္ဍကို ကြည့်ရအောင်ပါ

" ကျွန်တော်ကင်းတားဆည် လုပ်တုန်းက စူးစမ်းလေ့လာရေးအဆင့်မှာကိုပဲ သက်ဆိုင်ရာ မြို့နယ်တွေ ကူမဲတို့၊ မြစ်သားတို့ ဝမ်းတွင်းတို့မှာ မြို့နယ်ကောင်စီရုံးတွေမှာ ကျွန်တော်တို့က သွားသွားပြီးရှင်းပြရတယ်။ ကျွန်တော်တို့ ဘာတွေလုပ်နေတယ်။ သူတို့က ဘာတွေလိုတယ်။ အဲဒီလို အမြဲတမ်း မကြာခဏဆိုသလို သွားသွား အောက်ခြေထိအောင်ပြောရပါတယ်။ အဲဒီအရပ်က စိုက်ပျိုးရေးအတွက် ရေသိပ်လိုချင်တဲ့နေရာတွေ ဆိုတော့ သူတို့က ဒီဆည်ကို အင်မတန်ကြိုဆိုတယ်။ ဒီဆည်ကရမယ့် လျှပ်စစ်က မီဂါဝပ် ၅၀လောက်ရှိမယ် ခင်ဗျ။ ဒီလျှပ်စစ်က အဓိကမဟုတ်ဖူး။ အဓိကက ဆည်ရေပေးဖို့ပဲ"

ဆည်တည်ဆောက်ခဲ့တာ နှစ်ပေါင်း ၃၀ကျော်လာခဲ့ပြီမို့ ဒီဆည်ရဲ့ ကြံ့ခိုင်မှု အနေထား ကရော ဘယ်လိုနေပါသလဲ

"အခုထက်ထိ ပြဿနာ ဘာမှမရှိဘူး ဒီဆည်ဟာ။ ဒါပေမယ့် ဒီဆည်မကြီးကို ထိမ်းသိမ်းတဲ့နေရာမှာ ပေးတဲ့ရံပုံငွေက အင်မတန်နဲတော့ ဆည်ကြီးပြီးစကလို ပြောင်ပြောင်လက်လက်တော့ မဟုတ်ဖူးပေါ့ဗျာ။ တချို့ရေတံခါးတွေ ဘာတွေဆိုရင် ဆေးတွေဘာတွေ သုတ်ဖို့ လိုတယ်။ ညစ်ပတ်နေတာတွေပေါ့ဗျာ။ အဲဒီလောက်ပါပဲ။ ဆည်ကြီးအတွက် ဆောက်ပြီးကတဲက ဘာမှ မကောင်းဘူးးဆိုတာ မရှိသေးပါဘူး။ ကောင်းပါတယ်။ ဒီမြစ်ဆုံဆည်အပါအဝင် နောက်လုပ်သမျှ ဆည်တွေအားလုံးကို ဒီလိုပဲ လုပ်သင့်တယ်"

ကင်းတားဆည်အတွက် လေ့လာရေးလုပ်ရာမှာ ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဆည်မြောင်းဦးစီး ဌာန အငြိမ်းစား ညွှန်ကြားရေးမှုး ဦးထွေးမြင့်ပါ။