စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်း (အပိုင်း-၁)

မြန်မာနိုင်ငံမှာ အစားအသောက်တွေကတဆင့် ကြုံတွေ့ရနိုင်တဲ့ ဓါတုအဆိပ် သင့်နိုင်ချေတွေ အကြောင်း ဒေါက်တာခင်မောင်ညိုက ပြောပြမှာပါ။

မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့်နိုင်ချေတွေအကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေတာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။ ဥပမာ ဝက်အူချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။ ရှယ်ဆိုရင်တော့ သူက ဘိုရက်စ်မထည့်ထား ဘူးပေါ့။ ဈေးနဲနဲ ပိုကြီးတယ်။ ဘိုရက်စ် ထည့်ထားတော့ သူက ရေလည်း နဲနဲ စုပ်တယ်။ ပွလည်း ပွတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။

နောက် တာရှည်ခံအောင်ထည့်တာ အဓိကကတော့ ဖေါ်မလင်ပဲပေါ့။ ဖော်မာ ဒီဟိုက်လေ။ လူတွေသေတဲ့ အခါမှာ တာရှည်ခံအောင် ဆေးထိုးတာဖြစ်တယ်။ အမေရိကန်တို့ အင်္ဂလန်တို့၊ ဥရောပတို့မှာ အကုန်လုံးပဲ ဒီဆေးအတွက် ပိတ်ပင်ထားတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အဓိက နွားနို့ပို့တဲ့ သူတွေကတော့ အမြဲသုံးတယ်။ ဘာလို့လည်း ဆိုတော့ တကယ်လို့ ကျောက်တံခါးလိုနေရာကနေ ရန်ကုန်ရောက်ဖို့ ရထားနဲ့ ပို့တဲ့ အခါကျတော့ အချိန်ကြာတဲ့အတွက် အဲဒီ အချိန်အကြာကြီးကို တာရှည်ခံအောင် ဆိုပြီးတော့ ကျောက် တံခါးက နွားနို့တွေမှာ ဖေါ်မလင်ထည့်လေ့ ရှိတယ်။ နို့ဆီချက်ကြရင်လည်းပဲ ဖေါ်မလင်တွေ ထည့်ချက်လေ့ ရှိကြတယ်။

ပြဿနာ နောက်တခုကတော့ အသားတွေ၊ ငါးတွေမှာထည့်ကြတာ။ နေရာတနေရာကနေ တနေရာ ပို့ကြရင် ကျနော်တို့ အအေးခန်းတွေ မလုံလောက်လို့ပဲ။

အဲဒါက ဘယ်လို ပုံစံနဲ့ အန္တရာယ် ပေးတာပါလဲ

ရန်ကုန်မှာ မီးပျက်လေ့ရှိတာမို့ အအေးခန်းတွေမှာ ငါးတွေ လှောင်ပြီ ဆိုရင် ငါးတွေကို တာရှည်ခံအောင် သူတို့က ဖေါ်မလင်တွေ ထိုးကြတယ်။ ကျွန်တော်တို့ မနှစ်တုန်းကဆို မုံရွာကို ပို့လာတဲ့ငါးတွေမှာ တော်တော့် ကို ပြဿနာတက်တယ်။ အဲဒီငါးတွေဟာ ပုပ်တာလည်း ပါတယ်။ ဖေါ်မလင် ထိုးတာလည်း ပါတယ်။ ဒါတွေကိုဘာလို့ ရေခဲ အအေးနဲ့ မပို့လည်းဆိုတော့ ရေခဲတွေက အလေးချိန်စီးတော့ ကားပေါ်တင်လို့ ကားက အိုဗာဝိတ်ဖြစ်သွားရင် ဒဏ်ငွေတွေ အများကြီးဆောင်ရတယ်။ ဒါ့ကြောင့် ကားသမားတွေက ငါးတွေ တင်လာလို့ ရေခဲရိုက်ထားရင် ရေခဲတွေကို ဖယ်ပစ်တတ်ကြသလို ငါးတွေလည်း ပုပ်ကုန်ကြတာပါ။ အဲဒီလို မဖြစ်အောင် ရေခဲနဲနဲထည့်ပြီး ဖေါ်မလင်ထိုး ပို့ကြတာမို့ စားသုံးသူလက်ထဲကို ဖေါ်မလင်ပါတဲ့ ငါးတွေ ရောက်ကုန်တာဖြစ်ပါတယ်။ ဖေါ်မလင်ဟာ ကာစီနိုဂျင်းနစ်လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာမို့ တော်တော်အန္တရာယ်ရှိတဲ့ ပစ္စည်းပါ။ ပဲပြားတွေမှာလည်း အလားတူ တွေ့ရတတ်ပါတယ်။ ပဲပြားတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး တောင်ငူလို နယ်ကနေရန်ကုန်ပို့တဲ့အခါ တာရှည်ခံအောင် ဖေါ်မလင် ထည့်ကြတယ်လို့ သိရတယ်။

အဲဒီတော့ ဖေါ်မလင်ကို တကယ့်ကို ပေါပေါများများ သုံးနေတာက ကျွန်တော်တို့ မြန်မာပြည် တဝိုက်ပေါ့လေ၊ မြန်မာပြည်နဲ့ တရုတ်ပြည် တဝိုက်မှာတော့ ဖေါ်မလင်ကို သုံးတာတွေ့ရပါတယ်။

ဖေါ်မလင်က လူကို ဘယ်လိုပုံစံနဲ့ အန္တရာယ်ပေးပါသလဲ။

ဖေါ်မလင်က HCHO ပေါ့။ သူက အလွယ်တကူ အငွေ့လည်း ပျံနိုင်တယ်။ ရေထဲမှာလည်း ပျော်ဝင်နိုင်တယ်။ ဒါ့ကြောင့် သူက ကာဗွန်ဒြဗ်ပေါင်း တွေ ဖြစ်တဲ့အတွက် သွေးလည်ပါတ်မှုတွေထဲမှာ သူက ဝင်ရောက်သွားပြီးတော့ အန္တရာယ် ရှိနိုင်တယ်လို့ ပြောပါတယ်။

မုန့်ဟင်းခါးမှာ သုံးတဲ့ ဘိုရက်စ်ကျတော့ရော-

ဘိုရက်စ် ဆိုတာ လက်ချားပေါ့။ လက်ချားရဲ့ အန္တရာယ်ကတော့ အများကြီးတော့ မသိဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ် သူတို့ ဝမ်းပျက်တာ ဘာညာ ရှိတယ်။ ဘိုရစ်အက်စစ်ဆိုတာက အနာတွေမှာ ထည့်လို့ရတာပေါ့။ ဒါပေမယ့် သူက ဘာမှန်းမသိသေးတဲ့ အရာတခုဖြစ်တယ်။ ဒါကို တကယ့်တကယ်မှာ သုံးခွင့် ပေးမထားဘူး။ FDA အဖွဲ့တွေဘာတွေက သုံးခွင့်မပေးဘူး။ ဒါပေမယ့် စစ်ဆေးမယ့်သူမရှိတော့လည်း ဆက်ပြီးတော့ သုံးနေကြတာ ပေါ့။ လက်ချားကို ပုံမှန် ထည့်ကြတယ်။

နောက် မုန့်ဟင်းခါး သမားတွေက အကျော်မှာလည်း နံမယ်ပျက်နေတယ်။ ပဲကျော်ဆို ဘာနဲ့ကျော်လည်း ဆိုရင် ဆီထဲမှာ ပလပ်စတိတ် ပစ္စည်းတွေ ထည့်ပြီးကျော်တော့ ပိုပြီးတော့ ကျွတ်ရွတယ်လို့ ပြောတာပဲ။ အခုထက်ထိလည်း အဲဒါကို အရေးယူတာ ဖမ်းတာမျိုး ကျွန်တော်တော့ မတွေ့ရသေးဘူး။ ဒါပေမယ့် ပလပ်စတစ်အိတ် ရှိမရှိက ကျန်တဲ့ စစ်ဆေးရေးနည်းလမ်းတွေလည်း ဘယ်သူမှ မသိကြဘူးပေါ့။

ကျွန်တော်တို့ နွားနို့မှာ ဖေါ်မလင် အပြင်ကို ဟိုတခါ တရုတ်ကထည့်တဲ့ မယ်လမင်းတွေလည်း ထည့်တာ ရှိတယ်။ မယ်လမင်းက နိုက်ထရိုဂျင်ပေါ့။ သူက နိုက်ထရိုဂျင် ကွန်ပေါင်းတွေ ဖြစ်တော့ မယ်လမင်းကို နို့မှှုန့်လိုပဲ နွားနို့တွေကို စစ်မယ် ဆိုရင်၊ တကယ်လို့ မယ်လမင်းရောထားရင် သူ့ရဲ့ နိုက်ထရိုဂျင် ပါဝင်မှုက များတော့ သူ့ထဲမှာ လိုအပ်တဲ့ ပရိုတိန်း ပါတယ် ဆိုပြီးတော့ မယ်လမင်းကို လက်ခံကြတာ များတယ်။ အဲဒီတော့ မယ်လမင်းကို မသိတော့ လက်ခံတာပေါ့။ မယ်လမင်းကလည်း ဒီလိုပဲ။ ဒီ နိုက်ထရိုဂျင် ကွန်ပေါင်းတွေ အားလုံးက ကာစီနို ဂျင်းနစ် တွေပဲ လေ။ အန္တရာယ် အများကြီး ရှိတယ်။ ကင်ဆာဖြစ်နိုင်တဲ့ဟာ။

လက်ချားတို့ ဖေါ်မလင်တို့ နောက် ပလပ်စတိတ် တို့ မယ်လမင်းတို့ လိုပစ္စည်းတွေ အပြင် နောက် အစားအစာနဲ့ ပါတ်သက်ပြီးတော့ သိဖို့ လိုအပ်တဲ့ တခြား ဓါတုပစ္စည်း ဘာရှိပါသေးလဲဆရာ

ဓါတုပစ္စည်း သက်သက် အနေနဲ့ကတော့ ဒီ အရက်တွေ ဘာတွေ သောက်ရင်တော့ အရက်က တော်တော် မူးအောင် လုပ်တယ် ဆိုပြီးတော့ သူတို့ ပိုးသတ်ဆေးတွေ ဘာတွေထည့်တယ်။ ဒီ အင်ဒရင်းတို့ ဘာတို့ပေါ့လေ။ အဲဒါနှီးဖျားလေး တခုစာလောက် ရင် အရမ်းမူးတယ် ဆိုပြီးတော့ ဒီအရက်တွေမှာ ထည့်လေ့ ရှိတယ်။ အရက်ချက်တဲ့နေရာမှာ နောက်သူတို့ထည့်တတ်တာကတော့ ယူးရီးယား သုံးတယ်။ ပုလဲ ဓါတ်မြေသြဇာလိုပေါ့။ ယူးရီးယားနဲ့ အရက်ချက်လိုက်ရင် အင်ဇိုင်းတွေက အင်မတန် မြန်မြန် ဆန်ဆန် ပေါက်ပွါးတယ် ဆိုပြီးတော့ အရက် မြန်မြန် ဖြစ်တာပေါ့လေ။ သို့သော် ဒါကို Distilled လုပ်တဲ့အခါမှာ ပေါင်းခံတဲ့အခါ ထွက်လာတဲ့ အငွေ့တွေထဲမှာ အရက်ဆီထဲမှာ သူတို့က တခါတလေကျတော့ ဓါတ်ပြောင်းပြီးတော့ ဆိုင်ယာနိုက် ဖြစ်လာတဲ့ အထိကို ပါလာပြီးတော့ လူတွေကို အန္တရာယ်ဖြစ်စေတာရှိတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း မဖြစ်ဘူး။ ဒါပေမယ့် နိုက်ထရိုဂျင် ကွန်ပေါင်း ဖြစ်သွားတယ်။ အဲဒီကွန်ပေါင်း တွေကတော့ ကျွန်တော်တို့ကို တော်တော် ဒုက္ခပေးတာ တွေ့ရတယ်။ နောက် ဝက်အူချောင်းမှာလည်း အခုပြောတဲ့ နိုက်ထရိုဂျင်ကွန်ပေါင်းတွေ၊ ဆိုဒီယမ် နိုက်ထရိတ်တို့ ပိုတက်ဆီယမ် နိုက်ထရိတ်တို့ ပါလာတယ်။ အဲဒါတွေက ဝက်အူချောင်းမှာ သုံးကြတာ။

ဝက်အူချောင်း ကြိုက်တဲ့လူတွေ၊ အရက်ကြိုက်တဲ့လူတွေအတွက် သတိထားစရာပါ

ဟုတ်ပါတယ်။ ဒီအရက်ကတော့ အခုမှ လုပ်လာကြတာပါ။ ဝက်အူချောင်းကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက လုပ်နေကြတာ။

အသီးအရွက်တွေ လန်းဆန်းအောင် ရောင်းကောင်းအောင် ဆေးသုံးတာမျိုး ရှိပါသလား

တချို့သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသီးအရွက်တွေက ဈေးပေါနေတော့ ဆေးသုံးရင် သိပ်မကာမိ ဘူးပေါ့။ သို့သော်လည်း ငှက်ပျောသီးတို့ ဘာတို့ ဆိုမှည့်အောင် သူတို့ ဆေးသုံးကြ တယ်လို့ ပြောပါတယ်။ တရုတ်ပြည်ကလာတဲ့ ဆေးအမှုန့်ပါ အဖြူရောင် အမှုန့်တွေပဲ ထည့်ကြတာ၊ အဲဒါကို ရေနဲ့ စိမ်လိုက်ပြီးတော့ အပေါ်မှာ ဆွဲထားလိုက်ရင် ငှက်ပျောသီးတို့ သရက်သီးတို့ က လုံး၀ မှည့်သွားတာပေါ့။ အထဲမှာ စိမ်းရင်စိမ်း မယ်။ အပြင်မှာတော့ အဝါရောင် သန်းသွားတယ်။ အဲဒီတော့ ရောင်းလို့ ကောင်းသွားတာပေါ့။ သင်္ဘောသီး တို့ ငှက်ပျောသီးတို့ ကို ဆေးစိမ်လေ့ရှိပါတယ်။ သူက နှစ်လိုက်ရုံပဲ နှစ်ပြီး ပြန်ဆွဲထုတ်လိုက်ရုံပဲ။

ဘာဆေးမှန်းတော့ သေသေချာချာ မသိဘူး။ ပထမတော့ ယူရီးယားလို အမှုန့်ပဲ၊ ဓါတ်မြေသြဇာက ရတဲ့ ပုံစံမျိုးပဲ ပြောကြတယ်။

အစားအသောက်တွေထဲ ထည့်လေ့ရှိတဲ့ ဒီ ဓါတုပစ္စည်းတွေ ပြည်ပက ဝင်တာကို ကန့်သတ်မှုတွေ စစ်ဆေးတာ မျိုးတွေ ဖိဖိစီးစီး မလုပ်နိုင်သေးပါဘူး။

အစိုးရက မသုံးရဘူးလို့ ပြောတာကြားပေမယ့် မြန်မာပြည်မှာက မသုံးရဘူးလို့ ပြောတာတွေကို ဆက်သုံးနေကြတာပါ ပဲ

ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။ နောက်တပါတ်မှာတော့ အစားအစာတွေထဲမှာ ဆိုးဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတာနဲ့ ပလပ်စတစ်မှာပါတဲ့ လူကို အန္တရာယ် ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ အကြောင်းကို ဆက်ပြီးပြောပြပေးမှာပါ။