ပုဂံဒေသ ထိမ်းသိမ်းကြဖို့

Bagan

ပုဂံဒေသကို ရှေးဟောင်းသုတေသန ပညာရှင်တွေ၊ ဗိသုကာပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေ ထိမ်းသိမ်းဖို့ ကျိုးပမ်းနေတာတွေကို ဒီတပတ်မှာ ပြောပြပါရစေ

မန္တလေးအနောက်တောင်ဘက် မိုင် ၉၀ အကွာက ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ထားတဲ့ပုဂံဟာ ၈ရာစုနှစ်မှာ ပထမဆုံး မြန်မာမင်းတွေ နန်းစတည်ခဲ့တဲ့ နေရာဖြစ်ပေမယ့် ၁၁ရာစု အနော်ရထာမင်း လက်ထက်ကစပြီး စေတီပုထိုးတွေနဲ့ ကမ္ဘာက စိတ်ဝင်စားတဲ့ မြန်မာ့ လက်ရာကို ပထမဆုံး မှတ်ကျောက်တင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဒေသမှာ ခေတ်အဆက်ဆက် ထိမ်းသိမ်းမှု အားနဲခဲ့တယ်လို့ ပုဂံသုတေသီတဦး ဖြစ်တဲ့ ဒေါက်တာ ကျော်လတ်က ပြောပါတယ်

"အတော်များများကတော့ ကျွန်တော်တို့ အာရှတိုက်သားတွေပဲပြောမလား၊ မြန်မာတွေပဲလို့ ပြောရ မလားတော့ မသိဘူး၊ သိပ်ပြီးတော့ ရှေးပစ္စည်းကို ထိမ်းသိမ်းတယ်ဆိုတဲ့ အကျင့်က သိပ်မရှိပါဘူး။ ဥရောပတိုက် အနောက်တိုင်း ယဉ်ကျေးမှုကလည်းပဲ ထိမ်းသိမ်းရမယ်လို့ ယူဆချက် ခံယူလာတာက ၁၈ရာစုနှစ် လောက်ကျမှပဲ စတာပါ။ ကျွန်တော်တို့ မြန်မာတွေကတော့ အခုထက်ထိအောင်ကိုပဲ ပြည်သူလူထု အနေနဲ့က ထိမ်းသိမ်းတယ် ဆိုတဲ့ အလေ့အကျင့်နဲ့ ခံယူချက် သိပ်ကြီး မရှိကြပါဘူး။

သူတို့ ပြန်တည် လိုက်ကြတာပါပဲ။ မှတ်တမ်းမှတ်ရာ အရကတော့ အလောင်းစည်သူ တည်သွားတဲ့ ရွှေဂူကြီး ဘုရားက မှတ်တမ်းမှတ်ရာ အရ အဲဒီလိုပဲ ပြိုပြီးတော့ ပြန်တည်သွားတယ် ဆိုတာကို တွေ့ရှိရပါတယ်။ နောက်တခါ ဘုရင့်နောင်က ပုဂံမှာ လာတည်သွားတယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။

၁၈ရာစုနှစ်မှာ အင်းဝကဘုရင်တပါးက ပုဂံမှာ ဘုရားဘယ်နှစ်ဆူရှိလဲဆိုတာ ရေခိုင်းတယ်။ သူ့မှတ်တမ်းမှတ်ရာ အရက ၅ထောင်လောက်ရှိတယ်။ ၂၀ရာစုနှစ် အစပိုင်းမှာ အင်္ဂလိပ်အစိုးရ အိန္ဒိယ ရှေးဟောင်းသုတေသန စူးစမ်းလေ့လာရေး အဖွဲ့က စပြီး ထိမ်းသိမ်းဖို့ ရေလိုက်တဲ့ အခါမှာ ၄ထောင်လောက်ပဲ တွေ့ ရတယ် ဆိုတော့ တထောင်လောက်က ပြုတ်သွားတယ်ပေါ့"

၁၉၇၅ခုနှစ် ပုဂံငလျင်ကြီး နောက်ပိုင်း ကျန်ရှိတဲ့ ဘုရားက ၂၂၁၇ ဆူလို့ မှတ်တမ်းတွေမှာ ဖေါ်ပြကြပါတယ်။ ဒီကျန်နေသေးတဲ့ ရှေးလက်ရာတွေပျောက်ပျက် မသွားအောင် ထိမ်းသိမ်းဖို့ ပညာရှင်တွေ ကျိုးပမ်းနေကြပါတယ်

"အဓိကက ပုဂံပေါ့လေ။ ဒါပေမယ့်လည်း အခြားသော မြောက်ဦးတို့လို ကျွန်တော်တို့မှာ အရေးကြီးတဲ့ သမိုင်းအမွေအနှစ် တွေအတွက် အစိုးရ ပညာရှင်တွေရော အပြင်မှာ ရှိနေတဲ့ ပညာရှင်တွေပါ စုပေါင်းပြီး အဖွဲ့လေး တဖွဲ့ဖွဲ့ဖို့။ တယောက်ယောက် တခုခု လုပ်ကြမယ်။ ထိမ်းကြမယ်ဆိုရင်၊ အဲဒီပညာရှင်တွေရဲ့ သဘောတူညီချက်နဲ့မှ လုပ်ကြမယ် ဆိုပြီးတော့ ရည်ရွယ်ချက် ရှိပါတယ်။

အခုလက်ရှိအားဖြင့်တော့ အဲဒီအထဲထဲမှာ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းတွေပါဖို့ နဲနဲလေး အခက်အခဲရှိနေ သေးတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင် သူတို့ပါ ပါလာမယ် ဆိုလို့ရှိရင် ပိုကောင်းတာ ပေါ့လေ။ ပညာရှင်တွေ ပေါင်းပြီးတော့ ထိမ်းသိမ်းကြမယ်ဆိုရင်တော့ အမှားတွေ လုပ်တာ နဲသွားမှာပေါ့။

ယူနက်စကိုက အခုထက်ထိအောင်တော့ World Heritage Site ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်းမယ့်ဒေသ သဘောမျိုး ပုဂံကို သတ်မှတ်ထားတာ မပါသေးပါဘူး။ ဗောဓေါဗုဓုပါတယ်၊ အန်ကောဝပ် ပါတယ်ပေါ့နော်။ နောက်ပြီးတော့ ကမ္ဘာပေါ်မှာ သူတို့သတ်မှတ်ထားတာ အများကြီး ရှိပါတယ်။ အခုတော့ ဒီလိုပါဖို့ အတွက်ကို ကျွန်တော်တို့က ရေးသားပြီး တင်ရပါ့မယ်။ အခုထက်ထိတော့ အဲဒါကို ရေးပြီးတော့ စပြီး လျှောက်ထားမယ် တင်မယ်ဆိုတဲ့ အခြေနေမှာပဲ ရှိပါသေးတယ်"

ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ထိမ်းသိမ်းတဲ့ နေရာအဖြစ်နဲ့ သတ်မှတ်ဖို့ရာမှာ အဓိကလက်တွန့် စေခဲ့တာကတော့ ရှေးမူလက်ရာ တွေကို ဂရုမထားပဲ ပုဂံဒေသ ရှေးဘုရားတွေကို ပြင်ချင်သလို ပြင်ခဲ့ကြတာမို့ပါ။ ရှေးဟောင်း အမွေအနှစ်လို့ သတ်မှတ်ရမယ့် အရပ်မှာ စစ်အစိုးရ လက်ထက်မှာ ခေတ်သစ် ဂေါက်ကွင်းနဲ့ အဝေးပြေးလမ်းမကြီးအပြင် ပုဂံ အရှေ့တောင်အရပ်မှာ ပေ၂၀၀မြင့် နန်းမြင့် မျှော်စင်ပါ ပေါ်လာခဲ့ပါတယ်။ ဒါမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ ရတနာပုံတက္ကသိုလ် ရှေးဟောင်း သုတေသနဌာနက ပါမောက္ခ ဦးသာထွန်းမောင်က ပြောပါတယ်

"အဲဒီနေရာတွေမှာ ကတ္တရာလမ်းတောင် မခင်းရဘူးခင်ဗျ။ ဘာခေါ်မလဲဆိုရင် အဲဒီနေရာရဲ့ ပတ်ဝန်းကျင် (Environment) ကို အရင်တုန်းက ပတ်ဝန်းကျင်အတိုင်းထားချင်တာ။ ကျွန်တော်တို့ သဘော ပြောရရင်။ ဝါယာကြိုးသွယ်တာတွေတောင် လက်မခံပါဘူး။ အဲဒီလိုပတ်ဝန်းကျင်မှာ။ ဆီမီးခွက်နဲ့ပဲ ရှိနေရမယ့် နေရာတွေပါ။ မြင်းလှည်းပဲ ရှိနေရမယ့် နေရာတွေပါ။ ဟို မီးတိုင်ထားတာတွေကအစ ကျွန်တော်တို့ စံနှုံးနဲ့ ကြည့်မယ်ဆိုရင် မထားအပ်ဘူး။ ခေတ်မှီ အဆောက်အအုံတွေ၊ ဆောက်တာတွေ ဒီပတ်ဝန်းကျင်မှာ မရှိအပ်ပါဘူး။ ကတ္တရာလမ်းလည်း မဖေါက်သင့် ပါဘူး။ အဲဒီအနုပညာလက်ရာတွေ ရှိတဲ့နေရာမှာ။ မူလပုံ Form မူလစတိုင် Style ကိုမပြောင်းစေရဘူး။ သူက အဓိက ဒါပဲအရေးကြီးတာကို။

အဲဒီထိမ်းသိမ်းတာကတော့ မူလရှိပြီးသားကို မယိုယွင်းအောင် ကျွန်တော်တို့က ထိမ်းသိမ်းရတာပေါ့။ နောက်အဲဒီ တချို့ပြင်တဲ့နေရာမှာ ဘာဖြစ်တတ်သလဲဆိုရင် reconstruction ဖြစ်တတ်တာပေါ့ဗျာ။ ထိမ်းသိမ်းတာမဟုတ်တော့ဘူး။ ဒါ reconstructive ဖြစ်သွားပြီ။ ပြန်ဆောက်တာပေါ့ဗျာ။ အသစ် ဆောက်တာပေါ့။ အဲတော့ အဲဒါတွေက မူလက ပုံစံမဟုတ်တော့ဘူး။ ခေတ်သစ် လက်ရာ ဖြစ်သွားတာပေါ့။ အဲဒါမျိုးကျတော့ ကျွန်တော်တို့ လက်ခံဘို့ မကောင်းပါဘူး။ နိုင်ငံတကာမှာလည်း ဒီအတိုင်း ပါပဲ။ အဲဒီအတိုင်းပဲ ထားထားတာ သူတို့က။ အဲဒါကို ကျွန်တော်တို့က အသစ်သွားပြီးဆောက်လို့က မရဘူးခင်ဗျ"

အခုပညာရှင်တွေ စုပေါင်းပြီး အဖိုးတန်လှတဲ့ ပုဂံဒေသကို ထိမ်းသိမ်းဖို့ စဉ်းစားလာကြပြီ ဖြစ်ပါတယ်။ ပုဂံဘုရားတွေကို ပြုပြင်ရာမှာ ပညာရှင်တွေ အတွက် အငြင်းပွါးစရာ တချို့ ရှိနေတယ်လို့ ဗိသုကာ ပညာရှင် ဒေါက်တာကျော်လတ်က ပြောပါတယ်

"ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၅နှစ် နှစ် ၂၀ လောက်မှာ ပုဂံမြို့ကို တော်တော်များများ ထိမ်းသိမ်းကြတယ်။ ပြင်ဆင်ကြတယ်ပေါ့။ ဒါပေမယ့်လည်းပဲ ဒီထိမ်းသိမ်းတဲ့အခါမှာ အယူအဆ ကွဲတာလေးတွေလည်း ရှိပါတယ်။ ဥပမာ အုတ်ကို ပြန်ပြီးတော့ အသစ်ဆောက်တယ် ဆိုလို့ ရှိရင် ရှေးအုတ်လိုပဲ ဖုတ်ပြီးတော့ ဆောက်မလား၊ ဒါမှ မဟုတ်လည်းပဲ ခုခေတ်အုတ်ကိုပဲ တင်လိုက်ပြီးဆောက်မလား။

ဘာလို့လည်းဆိုတော့ အယူအဆက ဘယ်လိုကွဲသွားသလဲဆိုတော့ အခုခေတ်အုတ်ကိုပဲ ယူပြီး ဆောက်လိုက်မယ် ဆိုလို့ ရှိရင် နောင်လာ နောက်သားတွေ အနေနဲ့က ကြည့်လိုက်တာနဲ့ တန်းသိတယ် အော်ဒါက ဘယ်နှစ်က သူတို့ ပြင်သွားတာ ပဲဆိုပြီး၊ ဒါကရှေးအုတ်၊ ဒါကခေတ်အုတ်ပေါ့။ ဆိုတော့ အဲလိုသိအောင် ဆိုပြီးတော့ အယူအဆက တမျိုး ရှိပါတယ်။ နောက် တချို့ကလည်းပဲ၊ ဟာမဟုတ်ဖူး ရှေးကအုတ်မျိုးပဲပေါ့ အဲလို အပြားကြီးတွေ ဖြစ်အောင် လုပ်မယ် ဆိုပြီးတော့ အယူအဆလည်း ရှိကြပါတယ်။ အဲဒီလို အယူအဆလေးတွေ ကွဲနေတဲ့ အခါမှာ ကျွန်တော်တို့ ဖွဲ့ချင်တယ်လို့ ရည်ရွယ်ချက်ရှိတဲ့ အဲဒီပညာရှင် အဖွဲ့ကနေပြီးတော့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်"

အခုလို ပြည်တွင်းပြည်ပ ပညာရှင်တွေ စုပေါင်းပြီး ပုဂံဒေသကို ထိမ်းသိမ်းရာမှာ ကုလသမဂ္ဂက ရှေးဟောင်းအမွေအနှစ်နေရာ အဖြစ် သတ်မှတ်တာ ခံရရင် ပိုအကျိုးဖြစ်ထွန်းမယ်လို့ ဦးသာထွန်းမောင်က သုံးသပ်ပါတယ်

"နံပါတ် ၁ ကတော့ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို ထိမ်းသိမ်းတဲ့နေရာမှာ ပိုပြီးတော့ ထိရောက်မှု ရှိလာပါလိမ့်မယ်။ စံနစ်ပိုကျလာမယ်။ မဖြစ်သင့်တာတွေ အဲဒီနားမှာ မဖြစ်ဖို့ ကျွန်တော်တို့ ကာကွယ်လို့ ရလာမယ်၊ နောက် ပြုပြင်ထိမ်းသိမ်းမှု အပိုင်းက ပိုကောင်းလာမယ်။ တာရှည်ပိုခံလာမယ် ဗျာ။ ဒီရှေးဟောင်း အဆောက်အအုံတွေ ရှေးမူမပျက် ဆက်လက်ပြီးတော့။ စံနစ်တကျ ထိမ်းသိမ်းနိုင်မယ်။ ပိုပြီးတော့ ပညာရပ်ပိုင်းဆိုင်ရာ စည်းစံနစ် နည်းလမ်းကျကျနဲ့ ပိုပြီးတော့ အကောင်းဘက်ကို အများကြီးရောက်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။တခြား ပုဂံထက်စောတဲ့ တခြား ဆိုက်တွေ အများကြီးရှိပါတယ်။ မြန်မာပြည်မှာ။ အဲ ဒီဆိုက်တွေပေါ်မှာလည်း ကျွန်တော်တို့ ထားရမယ့် တန်ဖိုးတွေ၊ နောက် ရှေးဟောင်းပစ္စည်း တန်ဖိုးထားတတ်တဲ့ အကျင့်တွေ ရှိအောင် ကျွန်တော်တို့ ပြည်သူတွေကို အသိပေးရမယ်။ ဒီဟာက လူတိုင်းမှာ ရှိဖို့ လိုပါတယ်။ ဒါဟာ မြန်မာပြည်သားတိုင်းပေါ့လေ။ ကမ္ဘာမှာ ရှိတဲ့ လူတိုင်းကလည်း သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ အဆင့်အတန်းကို ထိမ်းသိမ်းရမယ် ဆိုတဲ့ တန်ဖိုးပေါ့ ရှေးဟောင်း တန်ဖိုးထားတတ်မှုတွေ ပိုပြီးတော့ ကျယ်ပြန့်လာမယ်လို့ ထင်ပါတယ်"

ရှေးဟောင်းသုတေသန ပညာရှင်တွေ၊ ဗိသုကာ ပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေ အပြင် ပုဂံဒေသ ထိမ်းသိမ်းရေးဟာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိနေပါတယ် ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ