မကြာခင်နှစ်တွေ အတွင်းက တောင်အာဖရိက နိုင်ငံမှာရှိတဲ့ ဂူထဲကနေ ကမ္ဘာဦးလူသားလို့ ယူဆရတဲ့ သတ္တဝါမျိုးစိတ်သစ်တမျိုးရဲ့ ရုပ်ကြွင်းတွေကို တူးဖေါ်ရရှိခဲ့ပြီး ဒီမျိုးစိတ် အသစ်ဟာ ခုခေတ်လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အတွက် ထူးထူးခြားခြား အရေးပါနေတာ တွေ့ရတယ် ဆိုတာကို ဒီတပတ်မှာ ပြောပြ ပါရစေ။
Witwaterstrand တက္ကသိုလ်က ပါမောက္ခ Lee Burger ဦးဆောင်တဲ့ အဖွဲ့ဟာ Malapa မလာပါ ဒေသက Cradle of Human Kind လူသားမျိုးနွယ်ရဲ့ ပုခက် အဖြစ်နဲ့ တင်စားထားတဲ့ နိုင်ငံတကာရှေးဟောင်း အမွေအဖြစ်ထိမ်းသိမ်းဖို့ သတ်မှတ်တဲ့နေရာ မှာ ရုပ်ကြွင်း တွေ့ွရှိရာ မြေပုံကိုထုတ်ရင်း လူသားအသွင်ရှိတဲ့ အမျိုးသမီး တဦးနဲ့ ကလေးငယ် တဦးရဲ့ အရိုးရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ပါတယ်။
တောင်အာဖရိက မြို့တော် ဂျိုဟန်နက်စဘတ် မြောက်ဖက် ၂၅မိုင်အကွာမှာ ရှိတဲ့ ဂူထဲကနေ တူးဖေါ်ရခဲ့တဲ့ ဒီရုပ်ကြွင်း ၂ခုဟာ မိခင်နဲ့ သားငယ်ဖြစ်နိုင်ပြီး လွန်ခဲ့တဲ့နှစ် ၂သန်းလောက်က အသက်ရှင်နေထိုင်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အဲဒီကာလဟာ ဒီကနေ့ ခေတ် လူသားတွေရဲ့ ဘိုးဘေး ဘီဘင်တွေ ပထမဆုံး မြေကမ္ဘာပေါ်မှာ မားမားမတ်မတ် ရပ်ပြီး လမ်းလျှောက်ခဲ့ကြတဲ့ အချိန်ဖြစ်မယ်လို့ သတ်မှတ်တဲ့ ကာလပါ။
တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းကို မျောက်ဝံ လူဝံနွယ်မဟုတ်တဲ့ Hominis လို့်သိကြတဲ့ ရှေးခေတ် လူသားနွယ်ရဲ့ မျိုးစိတ်တခု အဖြစ်နဲ့ Australopithicus Sadiba လို့် နံမယ်ပေးပါတယ်။ ဆာဒီဘာ ဆိုတာက ဆိုသို ဘာသာစကားနဲ့ဆိုရင် သဘာ၀ စမ်းရေလို့ အဓိပ္ပါယ်ရပါတယ်။ ဒီမျိုးစိတ်အသစ်ရဲ့ သက်တမ်းဟာ သိပ်ကိုထူးခြားတယ်လို့ ပါမောက္ခ ဘာဂါကပြောပါတယ်။
“တောင်အာဖရိက ကရလာတဲ့ ဒီရှေးဦးလူတွေရဲ့ ရုပ်ကြွင်းတွေကို စမ်းသပ်တွက်ချက် ကြည့်တဲ့ အခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂သန်းနီးပါးက ရှိနေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ဒီ အော်စတြေလို ပစ်သီးကပ်စ် ဆာဒီဘာ မျိုးစိတ်ဟာ မျိုးစု ဟိုမိုရဲ့ အစောပိုင်း ရှေးကမ္ဘာဦး လူတွေ စပြီးတော့ ပေါ်လာတဲ့ အချိန်မှာ နေထိုင်ကျက်စားခဲ့ကြမယ်လို့ တွက်လို့ရပါတယ်”
ထုံးကျောက် အနည်လွှာကြားမှာ အပျက်အစီး သိပ်မရှိတဲ့ ဒီအရိုးစု ရုပ်ကြွင်းတွေကို Australia နိုင်ငံ James Cook တက္ကသိုလ်က ဘူမိဗေဒ ပညာရှင် ဒေါက်တာ ပေါလ်ဒတ်စ် Paul Dirks ဦးဆောင်တဲ့ အဖွဲ့က စံနစ်တကျ လေ့လာခဲ့ပြီး ဘူမိသက်တမ်းတွက်ချက်ရာမှာ နံမယ်ကြီးသူ ၂ဦးဖြစ်တဲ့ New South Wales ဆေးသိပ္ပံတက္ကသိုလ်က ရှေးဟောင်း သုတေသန ပညာရှင် ဒေါက်တာ အင်ဒီဟားရီးစ် Andy Herriesနဲ့ မဲလ်ဘုန်းတက္ကသိုလ်က ဒေါက်တာ ရော်ဘင် ပစ်ကရင်Robyn Pickering တို့က သက်တမ်းတွေကို တာဝန်ယူ ဆန်းစစ်ခဲ့ပါတယ်။ သူတို့ ၃ဦးဟာ ယူရေနီယံနဲ့ ခဲသတ္တု မျိုးကွဲတွေကနေ တဆင့် Radiometric သက်တမ်းတွက်ချက်နည်းရော၊ Paleomagnetism လို့ခေါ်တဲ့ ရှေးခေတ် သံလိုက်ဓါတ်လားရာ ပြောင်းလဲမှုကို တိုင်းထွာတွက်ချက်တဲ့ နည်းတွေကိုပါ သုံးခဲ့ကြတာပါ။
ဒါ့ကြောင့် အာဖရိက ဂူနေလူတွေရဲ့ သက်တမ်းကို အတိအကျ တိုင်းထွာတွက်ချက် နိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁သန်း ကိုးသိန်းခွဲ လောက်မှာ ဒီလူသားမျိုးနွယ် သားအမိဟာ ဂူထဲက ပေ ၁၆၀ကျော် နက်တဲ့ ဂျောက်ထဲကျပြီး သေဆံုံးကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဒေသက အရိုးရုပ်ကြွင်း အပိုင်းအစ ၂၀၀ကျော်ကို နိုင်ငံတကာ သိပ္ပံပညာရှင်တွေ ကျောင်းသားတွေနဲ့ ကျွမ်းကျင်ပညာရှင်ပေါင်း ၈၀ကျော်က ဆန်းစစ်လေ့လာခဲ့တာပါ။
ရှေးဟောင်း သုတေသန ပညာရှင်တွေ၊ ဘူမိဗေဒပညာရှင်၊ ရုပ်သွင်ပညာရှင်၊ ခန္ဓာဗေဒပညာရှင်၊ ရူပဗေဒ ပညာရှင်တွေသာမက ကွန်ပြူတာ ကျွမ်းကျင်သူတွေပါ ပါတာမို့ မနုဿဗေဒနဲ့ ရုပ်ကြွင်းလေ့လာမှုဆိုင်ရာ အကျယ်အပြန့်ဆုံးနဲ့ အကြီးမားဆုံး လေ့လာမှုတခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီအရိုးစုရုပ်ကြွင်း အပိုင်းအစ ၂၀၀ကျော်ဟာ ကလေးသူငယ် လူရွယ် လူကြီး ၅ဦးကျော်ရဲ့ ရုပ်ကြွင်းတွေပါ။ မိခင်နဲ့ သားငယ် အရိုးစု ရုပ်ကြွင်း ၂ခုဟာ သိပ္ပံပညာရှင်တွေ အတွက် အဖိုးမဖြတ်နိုင်ပါဘူး။
သားငယ်ကို တောင်အာဖရိက ဘာသာစကားနဲ့ အဖြေလို့ အဓိပ္ပါယ်ရတဲ့ ကာရိုဘို လို့ နံမယ်ပေးပါတယ်။ ကာရိုဘိုရဲ့ အရိုးစု ရုပ်ကြွင်းလေးဟာ လူသားတွေ ပေါ်ပေါက်လာတဲ့ ဆင့်ကဲ ဖြစ်စဉ်အတွက် မေးခွန်းထုတ်စရာတွေ ပေါ်လာပါတယ်။ သူတို့ဟာ သစ်ပင်တွေ တွယ်တက်တတ်သူ ဖြစ်သလို ခုခေတ် လူသားတွေလိုလည်း မတ်တပ်ရပ် လမ်းလျှောက်ပါတယ်။
သူတို့ရဲ့ လက်တွေဟာ အူရမ်းအူတန်း Orangutan လူဝံလို တွဲလောင်းကျနေပေမယ့် ရှည်လျားတဲ့ လက်မနဲ့ ကွေးလို့ ဆန့်လို့ရတဲ့ လက်ချောင်းတွေဟာ ခဲတွေ ဒုတ်တွေကို ဆုပ်ကိုင်နိုင်ပါတယ်။ သူတို့ရဲ့ ဦးနှောက်ဟာ ချင်ပန်ဇီနဲ့ သိပ်မကွာပေမယ့် ခြေလက်တွေ၊ တင်ပဆုံရိုးတွေ ကတော့ ခုခေတ်လူသားတွေနဲ့ တပုံစံထဲပါ။
ဂျာမဏီနိုင်ငံ လိုက်ပဇစ် မနုဿဗေဒကျောင်းက ထရေစီ ကဲလ်ဗဲလ်က မိခင်ဖြစ်ပုံရတဲ့ အရိုးစု ရုပ်ကြွင်းကို လေ့လာသူပါ။
“ဆာဒီဗာရဲ့ လက်အရိုး ရုပ်ကြွင်းတွေဟာ တခြား ခန္ဓာကိုယ်အရိုးစု အပိုင်းအစတွေ လိုပဲ အခုခေတ်နဲ့ ရှေးခေတ် မျိုးစိတ်တွေရဲ့ အသွင်သဏ္ဍာန်ရောနေတာကို အံ့သြစရာ တွေ့ခဲ့ရပါတယ်။ လက်တချောင်းထဲမှာ ဒီလို ၂မျိုးရောနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ မိဘူးလို့ပါ”
ပြည့်စုံတဲ့ လက်အရိုးစုကို ရရှိခဲ့တာ ဖြစ်ပြီး ဒီလက်မျိုးဟာ ခေတ်လူတွေရဲ့ လက်မျိုးနဲ့ တူတယ်လို့ ဆိုပါတယ်။ ရှည်လျားတဲ့ လက်မနဲ့ နဲနဲတိုပြီး ကွေးနေတဲ့ လက်ချောင်းတွေဟာ အရာဝတ္တု တခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်နိုင်တဲ့ အနေထားလို့လည်း ပြောပါတယ်။
“ မိမိရရ ဆုပ်ကိုင်နိုင်တယ်လို့ ပြောရတာက ဥပမာ ကျွန်မတို့ လူသားတွေ ခဲတံကို ဆုပ်ကိုင်တဲ့ အခါမှာ လက်မကို လက်ချောင်းတွေဘက် ကွေးပြီး ဆုပ်ကိုင် သလိုမျိုး ဆုပ်ကိုင်နိုင်တယ်လို့ ပြောတာပါ”
ဆာဒီဗာ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းဝက်လောက်ကတဲက ကျောက်နဲ့ထွင်းထု ထားတဲ့ လက်နက် ကရိယာတွေ ရှိနေပြီဆိုတဲ့ အထောက်အထားတွေ ရှိတာမို့ ဒီလူသားမျိုးနွယ်တွေလည်း လက်နက်ကရိယာ တွေ လုပ်ဖို့ အတွက် လက်တွေကို အသုံးချမယ်လို့ တွက်ပါတယ်။
“လက်မကရှည်ပြီးတော့ တိုတဲ့ လက်ချောင်းကလေးတွေ ရှိနေတဲ့ ဆာဒီဗာ အတွက် ခုခေတ် လူသားတွေ ဒါမှမဟုတ် ရှေးဦးလူသား Homo လို့ခေါ်တဲ့ မျိုးနွယ်တွေရဲ့ နှောင်းပိုင်းခေတ် သတ္တဝါတွေ လိုပဲ အနုစိတ် လှုပ်ရှားမှုတွေ လုပ်နိုင်စွမ်း ရှိသလို၊ အရာဝတ္ထုတွေ ကိုလည်း လိုသလို ကိုင်တွယ် ပြုပြင်နိုင်စွမ်း ရှိမယ်လို့ တွက်ပါတယ်”
သုတေသန ပညာရှင်တွေဟာ ဒီရုပ်ကြွင်းတွေရဲ့ ဦးနှောက် တည်ရာ ဦးခွံကိုလည်း အဆင့်မြင့် X-ray စက်တွေ သုံးပြီး ပုံဖေါ်လေ့လာခဲ့ပါတယ်။ Witwatersrand တက္ကသိုလ်က Tristan Carlson က ဆာဒီဗာရဲ့ ဦးနှောက် အရွယ်အစားဟာ လူဝံအရွယ်အစားလောက် ရှိပေမယ့် အော်လ် ဖက်ထရီလို့ ခေါ်တဲ့ အန့ံ့ခံ အာရုံ ကျက်စားရာ နေရာရဲ့ အနောက်ပိုင်းဟာ ပိုပြီးကြီးနေတာ တွေ့ရတာမို့ ဆာဒီဗာ မျိုးစိတ်အတွက် တွေးခေါ်နိုင်စွမ်း ပိုပြီး ရှိမယ်လို့ တွက်ပါတယ်။
“အတွင်းပိုင်းမှာရှိတဲ့ နျူရွန်တွေရဲ့ ဆက်နွယ်မှုကို မပြောနိုင်ပေမယ့် ဦးနှောက်ရဲ့ အဲဒီနေရာမှာ ပိုပြီးတော့ ကြီးနေတာကို ကြည့်ရင် သူတို့ဟာ အဆင့်မြင့်တဲ့ လုပ်ရပ်တွေကို လုပ်နိုင်မှာပါ။ အချက်အလက်တွေကို စုဆောင်းပုံဖေါ် နိုင်မှာ ဖြစ်သလို အကျိုးအကြောင်း ဆက်စပ်တွေးခေါ် နိုင်စွမ်းရှိပြီး အလုပ်မျိုးစုံကို လုပ်နိုင်စွမ်းလည်း ရှိမယ် လို့ ခန့်မှန်းထားပါတယ်"
အရိုးကျောက်ဖြစ်ရုပ်ကြွင်း တွေထဲမှာ ပုံမပျက်ရှိနေတဲ့ တင်ပဆုံရိုးတခုကို ပထမဆုံး တွေ့ရှိခဲ့သလို ဒီခြေထောက်ရိုးတွေဟာ ခုခေတ်လူတွေလို ဖြစ်နေတဲ့ အထောက်အထား တွေ့ရပေမယ့် ညို့သကျီးရိုးနဲ့ ဖနောင့်ရိုးတွေကတော့ လူဝံနဲ့တူတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဆာဒီဗာဟာ လူသားဖြစ်ပေါ်လာတဲ့ ဆင့်ကဲ ဖြစ်စဉ်အတွင်း ဘယ်နေရာမှာ ထည့်သွင်းသတ်မှတ်ရမယ် ဆိုတာကို သိပံပညာရှင်တွေ ဒါပေမယ့် အများစုကတော့ ပထမဆုံး တွေ့ခဲ့တဲ့ တင်ပဆုံရိုး နဲ့ ဦးခေါင်းခွံ အနေထားတွေအပြင် ခြေနဲ့ လက်အရိုးစု အနေထားတွေကို ကြည့်ရင် အော်စတြေလို ပစ်သီးကပ်စ် ဆာဒီဗာဟာ ဟိုမိုမျိုးစုထဲက မျိုးစိတ်သစ် တခုဖြစ်နိုင်ပြီး ခုခေတ်လူသား မျိုးစိတ် ဖြစ်တဲ့ ဟိုမိုစက်ပီးယန်း ဖြစ်လာဖို့ ဆင့်ကဲ ပြောင်းလဲမှုကို သူကနေစပြီး တွက်နိုင်တယ်လို့ သဘောတူခဲ့ ကြပါတယ်။
ဆာဒီဗာ တွေ့ရှိမှုဟာ လူသားတွေအတွက် အရေးပါတဲ့ တွေ့ရှိချက်တခု ဖြစ်ပေမယ့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို ပြည့်ပြည့်စုံစုံ သိရအောင် ပျက်စီးမှု သိပ်မရှိသေးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေ တွေ့အောင် ဆက်ပြီး ရှာဖို့ လိုနေသေးတယ်လို့ ပါမောက္ခ ဘာဂါရဲ့ မှာကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။