၂၀၁၁ ခုနှစ်ထဲ ဝင်ခါနီးမှာ စခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ Social Media လို့ခေါ်တဲ့ ဖုံးနဲ့ အင်တာနက် လူထုဆက်သွယ်ရေးရဲ့ အရေးပါမှုကြောင့် ဖိနှိပ်တဲ့ အစိုးရတွေက အင်တာနက်နဲ့ ဖုံးလိုင်း အဆက် အသွယ်တွေကို ဖြတ်တောက်ဖို့အတွက် ကျိုးစားခဲ့ကြပါတယ်။ ဒီလိုဖြတ်တောက်မှုကြောင့် နိုင်ငံ့ စီးပွါးရေးတွေကို ထိခိုက်စေခဲ့တဲ့ အပြင် အုပ်ချုပ်သူ အာဏာရှင်တွေကို ပိုပြီးထိခိုက်စေတာက ကိုယ့်ပြည်သူတွေရဲ့ တုန့်ပြန်မှုပါလို့ cyberdissident.org အဖွဲ့က ဒါရိုက်တာ ဒေဗစ်ကီးစ်ကပြောပါတယ်
"အင်တာနက်အဆက်အသွယ် ရုတ်တရက်ကြီး အပိတ်ခံလိုက်ရတာကို လူထုကဘယ်လိုမြင်မယ်လို့ ထင်သလဲ။ ငါတို့ကို သိပ်ကြောက်နေပြီလို့ တွက်ကြတာပါ။ နောက် ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သူတွေ၊ ဘလော့ဂါတွေ အတွက်ဆို ပိုပြီးတော့တောင်မှ သတ္တိရှိလာကြမယ်လို့ ကျွန်တော်ထင်တယ်"
ဟုတ်ပါတယ်။ သုံးသူတွေက ဒါကိုကျော်လွှားနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။ ရလာတဲ့ အကျိုးဆက် ကတော့ အတားအဆီးတွေကို ကျော်လွှားနိုင်တဲ့ နည်းပညာပိုင်းမှာ ပိုပြီးတော့ တိုးတက်လာတာပါ
x x x x x x x
အမေရိကန် ရုပ်သံအစီအစဉ်တွေထဲမှာ လူကြိုက်များတဲ့ ဉာဏ်စွမ်းပြိုင်ပွဲ အစီအစဉ်တခုဖြစ်တဲ့ Jeorpardy ကဏ္ဍမှာ ကွန်ပြူတာနဲ့ လူသားပြိုင်ပွဲကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်ကနေ ၁၆ရက်နေ့အထိ ၃ရက် ဆက်ပြီး ပြသခဲ့ပါတယ်။ IBM ကုမ္ပဏီရဲ့ ကွန်ပြူတာ နံမယ်က Watson ပါ။ သူနဲ့ ပြိုင်မယ့်သူက လူသား ၂ယောက်မို့ ပြိုင်ပွဲအတွက် ကွန်ပြူတာကို သုံးယောက်ပွဲစဉ်တွေ ထည့်ထားပေးပါတယ်။ စက်ကလေး ဝပ်ဆင်က သုံးယောက် ယှဉ်ပြိုင် ကစားရတဲ့ အခြေနေကို နားလည်နိုင်စွမ်း ရှိကြောင်း ပြသခဲ့သလို အမေးအဖြေ ကစားတဲ့ ပုံစံအတွက် စက်ကြောင်သွားတာ မျိုးလည်း မရှိခဲ့ပါဘူး။
စူပါကွန်ပြူတာ ဝပ်ဆင်က ဂျက်ပဒီ ချံပီယံ ဟောင်းတွေ ဖြစ်တဲ့ သူနဲ့ ယှဉ်ပြိုင်ခဲ့သူ ကင်ဂျန်နန်နဲ့ ရက်ဒ်ရပ်ဒါ တို့ကို အနိုင်ရခဲ့ပါတယ်။ အခုလို အစွမ်းပြနိုင်ခဲ့တဲ့ ဝပ်ဆင့်ကို ဆေးလောကမှာ သုံးနိုင်ဖို့အတွက် ဝပ်ဆင့်ကို မွေးထုတ်လိုက်တဲ့ IBM ကုမ္ပဏီက ကိုလံဘီယာ တက္ကသိုလ် ဆေးကျောင်းနဲ့ မေရီလန်း ဆေးတက္ကသိုလ် တွေနဲ့ စာချုပ်ချုပ်လိုက်ပါပြီ။
x x x x x x x x
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် ၁၉၈၁ ခုနှစ် ဧပြီလ ၁၂ရက်က အာကာသလွန်းပျံယာဉ် ကိုလံဘီယာကို အမေရိကန်ရေတပ် လေယာဉ်မှူး ၂ဦးနဲ့စတင် စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အမေရိကန် အာကာသ လွန်းပျံယာဉ်တွေဟာ အာကာသယာဉ်မှူး ၃၅၀ ကိုတင်ဆောင်ပြီး အာကာသထဲ အကြိမ်ပေါင်း ၁၃၀ကျော် ပျံသန်းခဲ့တာမို့ မိုင်သန်းပေါင်း ၅၀၀ လောက် ခရီးပေါက်ခဲ့တာပါ။
ဒီခရီးတွေ အတွက် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့က အာကာသ လွန်းပျံယာဉ် ၅ခုကို တည်ဆောက်ခဲ့ပါတယ်။ နာဆာ အုပ်ချုပ်ရေးးမှူး ချားလ်းစ်ဘိုဒွန်က
"အာကာသထဲ ပျံသန်းရတဲ့ အတွေ့အကြုံလောက် ထူးထူးခြားခြား စိတ်ဓါတ်တက်ကြွစရာ ဂုဏ်ယူစရာ ကောင်းစေ တာမျိုး မတွေ့ဘူးပါဘူး။ ၁၉၉၄ ခုနှစ်မှာ Discovery ယာဉ် ရဲ့ အာကာသ ယာဉ်မှူး အဖြစ်နဲ့ အာကာသထဲ သွားခဲ့တုန်းက လူသားတွေ လုပ်နိုင်တဲ့ အတိုင်းအတာဟာ အကန့်အသတ် မရှိသလို ကြံစည် တာကို ဖြစ်အောင် လုပ်နိုင်ပါကလား ဆိုတဲ့ အသိဝင်လာစေပါတယ်"
ဒီနှစ် ဇူလိုင်လထဲမှာ အာကာသ ယာဉ်မှူး လေးဦး လိုက်ပါလာတဲ့ အာကာသလွန်းပျံယာဉ် အက်တလန်းတစ် ဟာ ၁၄၅ ကြိမ်မြောက် သူ့ရဲ့ ခရီးစဉ်ကို ဖလော်ရီဒါမှာ အဆုံးသတ်လိုက်ပြီလို့ နာဆာအဖွဲ့က ကြေငြာပါတယ်
"အာကာသယာဉ် ထိပ်ဖူးပိုင်းကစပြီး မြေပြင်ပြေးလမ်းကို ထိလာခဲ့ပါပြီ။ သမိုင်းမှာ မျိုးးဆက်တခုရဲ့ စိတ်အားထက်သန်မှု ဒီယာဉ်လောက် ဖန်တီးနိုင်ခဲ့တာ မရှိပါဘူး။ အခုတော့ ဒီ အာကာသယာဉ်ဟာ သူရပ်နား ရမယ့် နေရာကို ရောက်ရှိသွားပြီ ဖြစ်တဲ့ အတွက် သူ့ခရီးစဉ်ဟာလည်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်"
ဖလော်ရီဒါက ကနေဒီ အာကာသစခန်းမှာ လွန်းပျံယာဉ် အက်တလန်းတစ် ကိုထားမှာ ဖြစ်သလို ကယ်လီဖိုးနီးယား သိပ္ပံဌာန CSC မှာ လွန်းပျံယာဉ် အန်ဒဲဗားကို ထားမှာပါ။ လွန်းပျံယာဉ် ဒစ်စကာဗရီ ကိုတော့ ဝါရှင်တန်မြို့တော် အပြင်ဘက်က စမစ်ဆိုနီယန် လေကြောင်းနဲ့ အာကာသ သိပ္ပံပြတိုက်မှာ လူအများ လာရောက်ကြည့်ရှုနိုင်မှာပါ။
အာကာသခရီးစဉ် အစီအစဉ်အတွက် ပထမဆုံး စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အင်တာပရိုက်စ် အာကာသယာဉ် ကိုတော့ နယူးရောက်မြို့က ရေကြောင်းလေကြောင်းနဲ့ အာကာသ ပြတိုက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။
အာကာသယာဉ်မှူးတွေရဲ့ အသက်ကိုပါ ပေးဆပ်ခဲ့ရတဲ့ ပျက်စီးသွားတဲ့ ယာဉ် ၂စီးလည်း ရှိပါတယ်။ ၁၉၈၆ခုနှစ်မှာ ပျက်ကျခဲ့တဲ့ ချဲလင်ဂျာနဲ့ ၂၀၀၃ခုနှစ်က ပျက်ကျခဲ့တဲ့ ကိုလံဘီယာ ယာဉ်တွေပါ
x x x x x x x x
ဂျပန်နိုင်ငံက မတ်လ ၁၁ရက် ငလျင်ကြီးနောက်ပိုင်း ငလျင်ငယ် အများအပြားနဲ့ ဆူနာမိရေလှိုင်းကြီး တွေကြောင့် အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ဖူကူရှိမ ဒိုင်အိချိ နျူကလီယားလောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ပျက်စီးခဲ့ရပါတယ်။ စက်ရုံမှာ ပေါက်ကွဲမှုတွေနဲ့ အတူ ယူရေနီယံ ဓါတ်ပေါင်းဖို ၆ခု ထဲက ရေဒီယို သတ္တိကြွ ဓါတ်တွေ ထွက်လာတဲ့ အန္တရာယ်ကို ကြုံတွေ့ခဲ့ရပါတယ်။
"အကုန်လုံးက တွက်ပြီးတော့ လုပ်ထားတာ။ backup system တွေအများကြီးပဲ ရှိပါတယ်။ ဒီဟာကတော့ တခါမှ မဖြစ်ဖူးတဲ့၊ ငလျင်လှုပ်တယ် နောက်ပြီးတော့ ဆူနာမီကလည်း ဝင်သွားတဲ့အတွက် မဖြစ်နိုင်တာ ၂ခုစလုံး တခါမှ မဖြစ်တာမျိုး ဖြစ်တာပေါ့ အဲဒီလောက်အထိ မတွက်ထားမိလို့ပေါ့လေ"
ဗာဂျီးနီးယား နျူကလီယား ဓါတ်အားပေးစက်ရုံက အင်ဂျင်နီယာ ကိုတင်ထွဠ်ပါ။
x x x x x x x x x
မတ်လ ၁၁ရက် ဂျပန်ငလျင်နဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို မျက်ဝါးထင်ထင် တွေ့နေချိန်မှာပဲ မတ်လ ၂၄ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင်မှာ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ ငလျင်နဲ့ ပြင်းအားအဆင့်၅ ဝန်းကျင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်ခဲ့တာကို မြန်မာနိုင်ငံ သားတွေ ကိုယ်တွေ့ကြုံခဲ့ကြရပါတယ်
"တာချီလိတ်ရဲ့ မြောက်ဖက်နားမှာ မိုင်းဖြတ် ရှိတယ်။ အရှေ့ဖက်မှာ တခြားနိုင်ငံတွေထဲ အထိကို အရှေှုမြောက် အနောက်တောင် တူရူတန်းနေတဲ့ပြတ်ရွေ့တွေ ရှိတယ်"
ဘူမိပညာရှင် ဒေါက်တာ ဦးဝင်းနိုင်ကရှင်းပြပါတယ်
"မိုင်းဖြတ်မြို့ကို ဖြတ်သွားတဲ့ ပြတ်ရွေ့က မဲခေါင်မြစ်ကို သွားပြီး ရွေ့လျားထားတာကို တွေ့ရတယ်၊ တချိန် တုန်းက ရွေ့လျားထားတဲ့ အထောက်အထားတွေလည်း မြင်နေပါတယ် ဆိုရင်တော့ ဒီလိုမျိုး ပြတ်ရွေ့ တွေက တချိန်မဟုတ် တချိန်မှာ အခုလိုမျိုး ငလျင်တွေကို ဖန်တီးတဲ့ ရွေ့လျားမှုတွေဆက်ပြီးတော့ ဖြစ်မှာပါဘဲ"
x x x x x x x
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ရက်နေ့မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကွန်ပြူတာလောကရဲ့ တီထွင် ဖန်တီးရှင်၊ နည်းပညာတွေကို သိပ္ပံပညာရှင်တွေနဲ့ ရုံးသုံးသက်သက် မဟုတ်ပဲ အိမ်သုံး လူသုံး ပုဂ္ဂလိကသုံး ဖြစ်လာအောင် တီထွင်ခဲ့သူ Steve Jobs ဟာ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်လို့ ဒေါက်တာ ဦးတင်မောင်အေးက ပြောပါတယ်
"iPhone ဆိုတာ Apple ကစတာပဲ။ စတိဗ် ဂျော့ စပြီးတော့ ထွင်လိုက်တာ။ အခုနောက်ဆုံး အိုင်ဖုံးက version 4S ထုတ်တာက သူဆုံးသွားတာနဲ့ဆို သိပ်မကွာဘူး"
ဒီ iPhone ဟာ သုံးစွဲသူတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေခဲ့ပါတယ်။ အက်ပဲလ် ကုမ္ပဏီက စတိဗ်ဂျော့ ရဲ့ တီထွင်မှုတွေဟာ ထူးခြားလှပါတယ်
"ဆီလီကွန် Valley က အများအားဖြင့် လုပ်နေတာ သူ့ရဲ့ ကွန်ပြူတာ trend ပေါ်မှာ တည်နေတယ်။ ဆီလီကွန် Valley ရဲ့ တက်ကနိုလော်ဂျီ နည်းပညာ တိုးတက်မှုဖြစ်လာစေတဲ့ history ပေါ့လေ သမိုင်းကြောင်းက အက်ပဲလ် မပါလို့ရှိရင် ဒီလို ဖြစ်ချင်မှ ဖြစ်မယ်။ စတိဂျော့ လိုလူမျိုးကတော့ နဲနဲတော့ ရှားတယ်"
မြန်မာနိုင်ငံမှာ စတိဂျော့လို တီထွင်ပညာရှင်တွေ ပေါ်လာနိုင်မယ့် အလားအလာ ရှိပါသလား
"သူက အသုံးပြုတဲ့လူ use လုပ်တဲ့လူပေါ်မူတည်ပြီး တီထွင်တာ ထွက်လာတာကိုး။ ထွင်ပြီးမှ လူတွေက လိုက်သုံးကြတာ မဟုတ်ဖူး။ user တွေကိုကြည့်ပြီးတော့မှ ဘာလိုလည်းဆိုတာကိုမှာ ရအောင် သူက ထွင်တာ။ ဆိုတော့ မြန်မာပြည်မှာ openly use လုပ်နိုင်တဲ့လူ များရင်တော့ သူ့လိုလူပေါ်လာနိုင်တာပေါ့လေ။ ဒါပေမယ့် ဒီမှာလိုတော့ environment ခေါ်မှာပေါ့၊ ပတ်ဝန်းကျင်က မရှိဘူး။ ဒီလို ပတ်ဝန်းကျင်မရှိရင် နဲနဲ ခဲယဉ်းတာပေါ့။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရမှာပေါ့"
ရူပဗေဒပညာရှင် ဒေါက်တာဦးတင်မောင်အေးရဲ့ အမြင်ပါ