ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ပန်းပဲတန်း အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်မှာ မော်တော်ယာဉ်တွေ စနစ်တကျ ရပ်နားနိုင်အောင် အစိုးရက ဆောင်ရွက်ပေးဖို့ ရှိမရှိ၊ စည်းကမ်းမဲ့ ရပ်နားနေတာတွေကို အရေးယူဖို့ ရှိမရှိ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အစိုးရက စီစဉ်နေတယ်လောက် ပြောပြီး အသေးစိတ်တော့ ထပ်မပြောပါဘူး။ အခု ပန်းပဲတန်း အမတ် အဲဒီ မေးခွန်းမေးခဲ့တာ တစ်လခွဲ ကျော်ခဲ့ပါပြီ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းအစိုးရ အနေနဲ့ရော၊ မြို့တော် စည်ပင်အနေနဲ့ပါ ထင်သာမြင်သာရှိတဲ့ အရေးယူ ဆောင်ရွက်မှု တစ်စုံတစ်ရာ မတွေ့ရပါဘူး။ တကယ်တော့ ရန်ကုန်မြို့မှာ ပန်းပဲတန်း အမတ် မေးတဲ့ ကားပါကင် ပြသနာတင်မကပါဘူး။ ပြသနာတွေ အများကြီးကြုံနေရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားလို၊ အိန္ဒိယနိုင်ငံ နယူးဒေလီလို၊ ပါကစ္စတန်နိုင်ငံ ကရာချိလို လမ်းပေါ် အန္တရာယ်များတဲ့ မြို့တော်ကြီး အဖြစ် တဖြေးဖြေး ကျဆင်းနေတာပါ။ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ ဒီပြသနာ ဘာကြောင့် မဖြေရှင်းနိုင် ဖြစ်နေသလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး သုံးသပ်ကြည့်ကြရအောင်ပါ။
လက်ရှိ ရန်ကုန်မြို့တွင်းကိုကြည့်လိုက်ရင် အသုံးပြုနေတဲ့ ကားအရည်အတွက်နဲ့ ကားထားဖို့ ပါကင်နေရာ မလုံလောက်တာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာမှာ အခြား အကြောင်းတွေလည်း ရှိနေပါသေးတယ်။ ကားဝယ်ရောင်းသမားတွေက သူတို့ ကားတွေကို လမ်းပေါ်မှာ အရောင်းပြခန်းသဖွယ် ထားပြီး စီးပွားရေး လုပ်နေတာ၊ လုပ်ငန်းသုံးကားတွေကို နေရာ သတ်သတ်မှတ်မှတ် ထားမပေးနိုင်တာ၊ တစ်ချို့နေရာတွေမှာ ဂိုဒေါင်ဆိုင်ခန်းငှားရမှာ ဈေးကြီးလို့ ကားတွေကို လမ်းပေါ်ရပ်ပြီး ဂိုဒေါင်လို အသုံးပြုနေတာ စတဲ့ စတဲ့ အကြောင်းကြောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ရန်ကုန်မြို့မှာနေပြီး ကိုယ်ပိုင်ကား သုံးတဲ့ ပြည်သူတွေ အတွက် အခက်အခဲ အများကြီး ဖြစ်စေပါတယ်။ တစ်နေရာကနေ တစ်နေရာ သွားမယ် ဆိုရင် သေခြာတာကတော့ ကားပါကင် နေရာ ရဖို့ မလွယ်တဲ့ ပြသနာပါ။ အဲဒီအတွက် အချိန်အများကြီးကုန်၊ အများကြီး စိတ်ပင်ပန်းရပါတယ်။ လမ်းဘေး လွတ်တဲ့ တစ်နေရာရာ ပါကင်ထိုးမယ် စဉ်းစားရင်တောင် အဲဒီနေရာမှာ တာယာအဟောင်းတွေ၊ ပန်းအိုးတွေ၊ ခုံတွေ စသဖြင့် တစ်ခုခု ချထားပြီး နေရာဦးထားတာမျိုး ဆိုရင်လည်း သွားရပ်လို့ မရပြန်ပါဘူး။ အခန့်မသင့်ရင် အဲလို နေရာဦးထားသူနဲ့ စကားများပြီး တုတ်တပြက် ဓားတပျက်လည်း ဖြစ်တတ်ပါတယ်။ နေ့တိုင်း အဲလို ပြသနာမျိုးပေါ်နေပြီး ကားပါကင်ကြောင့် လူသတ်မှု အထိ ဖြစ်ခဲ့ဖူးပါတယ်။
အခု ပန်းပဲတန်း အမတ်ပြောတာက အခြားနိုင်ငံတွေမှာလို ကားပါကင်အတွက် ရပ်ရမယ့် နေရာတွေသတ်မှတ်ပြီး မျဉ်းဝါကွက်တွေ ရေးဆွဲပေး၊ ပြီးရင် ထိုက်သင့်တဲ့ ငွေကြေးကောက်ခံ၊ စည်းကမ်း မလိုက်နာသူတွေကို သတ်မှတ်ချက်နဲ့ အတူ အရေးယူပေးဖို့ပါ။ တိုင်းအစိုးရ အနေနဲ့ ကားပါကင် သတ်မှတ် ငွေကြေးကောက်ခံတာကို ပုံစံ မျိုးစုံနဲ့ လုပ်ပေးနိုင်ပါတယ်။ ပါကင်ကြေးကို နာရီအလိုက် ကောက်ခံတာ၊ တစ်လစာ ဒါမှမဟုတ် တစ်နှစ်စာ ကားပါကင်ခ ဆောင်ထားပြီးရင် အဲဒီကားကို လွတ်တဲ့ပါကင်နေရာ ဘယ်နေရာရပ်ရပ် ရပ်ခွင့်ပြုတာ၊ နောက် ပါကင်နေရာ တစ်ချို့ကို တစ်လစာ၊ တစ်နှစ်စာ သီးသန့် သတ်မှတ် ငှားရမ်းတာ စသဖြင့် လုပ်လို့ရပါတယ်။
အဲဒီလို စနစ်တကျ သတ်မှတ်ပေးလိုက်ရင် ကားပါကင်အတွက် အခကြေးငွေ ပေးဆောင်ထားတဲ့ ပြည်သူတွေ စိတ်အေးချမ်းသာ ဖြစ်ပါစေမယ်။ ကားတွေကို မြို့လည်မှာ ရပ်ပြီး ကားအရောင်းပြခန်းလို သုံးနေသူတွေလည်း ပါကင်ခ ပေးရမှာမို့ အခြား ငွေမပေးရတဲ့နေရာမျိုး သွားရပ်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိ ရန်ကုန်မြို့က ကားပိုင်ရှင်တွေကို လေ့လာစူးစမ်းချက်အရ ကားပါကင်အတွက် စိတ်အေးချမ်းသာ ဖြစ်မယ် ဆိုရင် တစ်လ ကျပ်ငွေ သုံးသောင်းလောက်အထိ အကုန်အကျ ခံနိုင်တယ် ဆိုပြီး ပြောဆိုကြပါတယ်။
တိုင်းအစိုးရကသာ ကားပါကင် စနစ်တကျ သတ်မှတ် စနစ်တကျ ငွေကောက်ခံရင် ကားအရည်အတွက် သိန်းနဲ့ချီ ရှိတဲ့ ရန်ကုန်မြို့ကနေ ကားပါကင်ခ တစ်လ အနည်းဆုံး ကျပ်ငွေ သိန်း ၃-၄ သောင်း၊ တစ်နှစ် ကျပ်ငွေ ဘီလျံ ၄၀-၅၀ လောက် ဝင်ငွေရနိုင်ပါတယ်။ ဒီငွေတွေကို အသုံးပြုပြီး နောက်ထပ် ကားပါကင်နေရာသစ် ဖော်ထုတ်တာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကိစ္စတွေမှာ အသုံးပြုတာမျိုး လုပ်နိုင်ပါတယ်။ ဒါဟာ နိုင်ငံအတော်များများမှာ ကျင့်သုံးတဲ့ ကားများနေတဲ့ ပြသနာကို ကားပါကင်ခ နဲ့ ဖြေရှင်းတဲ့ ဖြေရှင်းနည်း တစ်မျိုးပါပဲ။
တကယ်တော့ ရန်ကုန်မှာ တိုင်းအစိုးရက လုပ်ပေးရမှာက ကားပါကင် စနစ်တကျ သတ်မှတ်ပေးဖို့ ကိစ္စ တစ်ခုတင် မကပါဘူး။ လက်ရှိ ဖြစ်နေတဲ့ ကားတွေ စည်းကမ်းတကျ မောင်းလို့ မရတဲ့ ပြသနာ၊ လူတွေ ပက်လက်ဖေါင်းပေါ် လမ်းလျောက်လို့ မရတဲ့ပြသနာ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ၊ စကူဒါတွေ၊ ဆိုင်ကယ်တွေ လမ်းပေါ် မောင်းချင်သလို မောင်းနေကြတဲ့ပြသနာ၊ စနစ်မရှိလို့ လူတွေ လမ်းကို ဖြတ်ချင်တဲ့နေရာကနေ ဖြတ်နေကြတဲ့ပြသနာ၊ ဘတ်စ်ကား မှတ်တိုင်နေရာ သတ်သတ်မှတ်မှတ် မရှိတဲ့ပြသနာ၊ ဈေးသည်တွေ မဖယ်ရှားနိုင်တဲ့ ပြသနာ အားလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ တိုင်းအစိုးရအနေနဲ့ တာဝန်စ ယူချိန်ကတည်းက တစ်ဆင့်ပြီး တစ်ဆင့် ဖြေရှင်းရမယ့် ပြသနာတွေ ဖြစ်ပေမယ့် ဖြေရှင်းပေးတာမျိုး မလုပ်ခဲ့လို့ ဒီကနေ့ ရန်ကုန်မြို့ပေါ်မှာ ဒီလောက် ရုပ်ပျက်ဆင်းပျက် အခြေအနေ ဆိုးနေရတာ ဖြစ်ပါတယ်။
အခုလို ကိစ္စမျိုးကို ဖြေရှင်းမပေးနိုင်တာဟာ အင်န်အယ်လ်ဒီ အစိုးရမှာ ပြသနာ အများကြီး ရှိနိုင်ပါတယ်။ ပထမ တစ်ချက်က ပြသနာကို မလေးနက်တာ ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလို ကားကြပ်တာပဲ၊ လမ်းပေါ် စည်းကမ်းမဲ့တာပဲ ဒါဟာ တိုးတက်လာတဲ့ လက္ခဏာပဲလို့ တစ်လွဲ တွေးကြပုံရပါတယ်။ တကယ်တော့ ဒီ ပြသနာကြီးဟာ ပြည်သူ သန်းနဲ့ချီ နေ့စဉ် ကြုံဆုံနေရတဲ့ ပြသနာကြီးမို့ အထူးလေးနက်သင့်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာကတော့ အင်န်အယ်လ်ဒီ တိုင်းအစိုးရ အရည်အချင်း မပြည့်ဝတာမျိုးပါ။ ပက်လက်ဖေါင်းဆိုတာ လမ်းလျောက်ဖို့၊ လမ်းဆိုတာ ကားမောင်းဖို့၊ ဆိုက်ကား၊ စက်ဘီး၊ စကူဒါ၊ ဆိုင်ကယ် စီးခွင့်ပေးမပေး စနစ်တကျ စီစဉ်ဖို့၊ စနစ်တကျ စည်းကမ်း ကြီးကြပ်ဖို့ မလုပ်တတ် မကိုင်တတ် ဖြစ်ပုံရပါတယ်။ နောက်ထပ် ဖြစ်နိုင်တာက စည်းကမ်းမဲ့ လမ်းဖြတ်ကူးတာ၊ ဆိုက်ကား၊ စက်ဘီး၊ ဆိုင်ကယ်၊ စကူဒါတွေ မောင်းချင်သလို မောင်းတာကို စနစ်တကျ အရေးယူရင် ပြည်သူတွေ ဘယ်လို တုန့်ပြန်လာလေမလဲ၊ တွေးပူပြီး မလုပ်ရဲ မကိုင်ရဲ ဖြစ်နေပုံလည်း ရပါတယ်။ လက်ရှိ လမ်းမတွေပေါ်မှာ လမ်းသွယ်တွေပေါ်မှာ ကားပါကင် အမှတ်အသားတွေ၊ လူကူးမျဉ်းကျား အမှတ်အသားတွေ၊ ဘတ်စ်ကားဂိတ် အမှတ်အသားတွေ၊ ပေါက်နေတာ ဖါဖို့တွေ အစရှိသဖြင့် စနစ်တကျ လုပ်မယ်ဆို ဘတ်ဂျက်ငွေကြေး အတန်အသင့် သုံးစွဲရမှာ ဖြစ်ပါတယ်။ တိုင်းအစိုးရဟာ ဘတ်စ်ကားတွေ ဝယ်တာမျိုးလို အစိုးရနဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ ငွေကြေး အမြောက်အများ သုံးစွဲထားလေတော့ အခုလို တကယ့် အရေးကြီးတဲ့ ကိစ္စမျိုးအတွက် ငွေကြေး မလုံလောက်လို့များလား ဆိုတာလည်း စဉ်းစားစရာပါ။
နောက်ထပ် အရေးကြီးတာက အစိုးရဟာ တစ်ခုခုအကောင်အထည် ဖော်မယ်ဆို အစီအစဉ် ထုတ်ပြန်ရုံ၊ အဆင့်ဆင့် ညွှန်ကြားခိုင်းရုံနဲ့ မပြီးပါဘူး။ အောက်ခြေ ဝန်ထမ်း အဆင့်ဆင့်က စိတ်ပါလက်ပါ ဝိုင်းပြီး အကောင်အထည် ဖော်လာအောင် စည်းရုံးဖို့ လိုသလို၊ ပြည်သူတွေ စည်းကမ်းလိုက်နာအောင်လည်း ထိထိရောက်ရောက် ပညာပေး စည်းရုံးတာမျိုး လုပ်တတ်ဖို့ လိုပါသေးတယ်။ အခုလက်ရှိ တိုင်းအစိုးရဟာ အဲလို စနစ်တကျ အကောင်အထည် ဖော်တာမျိုး မရှိလေတော့ ရန်ကုန်မြို့တော်ဟာ စင်္ကာပူ၊ ဘန်ကောက် ပုံစံမျိုး ဖြစ်မလာပဲ တစ်နေ့တခြား ဒက္ကား၊ ကရာချိ၊ နယူးဒေလီ ပုံစံ ဗရမ်းဗတာ မြို့တော်အသွင် ဖြစ်လာနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5