ရိုဟင်ဂျာတွေ ဌာနေပြန်ရေး Sheikh Hasina တရုတ်အကူညီရဖို့ ကြိုးပမ်း

ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina

ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ဇူလိုင်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ တရုတ်နိုင်ငံ ခရီးစဉ်သွားရောက်နေတာနဲ့ အတူ မြန်မာရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တရုတ်နိုင်ငံ အနေနဲ့ ရိုဟင်ဂျာ ပဋိပက္ခကို ဖြေရှင်းရေးမှာ ပိုပြီး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့ ဘင်္ဂလားဒေရှ့်ဘက်က ခန့်မှန်းထားပါတယ်။

ဝန်ကြီးချုပ် Hasina ရဲ့ တရုတ် ခရီးစဉ် အတွင်း ရိုဟင်ဂျာ ကိစ္စကို အလေးထားမှုရရေးနဲ့ တိုးတက်မှုတွေ တွေ့ရဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က ဝန်ကြီးဌာနမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုကြောင်း ဘင်္ဂလားဒေရှ့် သတင်းတွေက ဖော်ပြကြပါတယ်။

ခရီးစဉ် အတွင်းမှာတော့ ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်က တရုတ် သမ္မတ Xi Jinping ၊ ဝန်ကြီးချုပ် Li Keqiang ၊ နောက် တရုတ် အမျိုးသား ပြည်သူ့လွှတ်တော် ဥက္ကဌ Li Zhanshu တို့နဲ့ တွေ့ဆုံမှာပါ။ တွေ့ဆုံဆွေးနွေးမှုတွေမှာတော့ နှစ်နိုင်ငံအရေးကိစ္စ၊ ဒေသတွင်းနဲ့ ကမ္ဘာရေးရာတို့ကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကိုလည်း တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အလေးထား ဆွေးနွေးဖို့ ရှိပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံက ဖြစ်ကြောင်း၊ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတာ ဖြစ်ပြီး သူတို့ကို ယာယီ လက်ခံထားတာ ဖြစ်ကြောင်း၊ လူဦးရေ အများအပြား စခန်းတွေထဲမှာ ကြာရှည် နေထိုင်လာမှုဟာ အစွန်းရောက်ဝါဒ ပိုကြီးထွားလာစေနိုင်တယ်ဆိုတာကို တရုတ်ကို ရှင်းပြမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။ ဝန်ကြီးချုပ် Hasina ရဲ့ ခရီးစဉ် အတွင်းမှာတော့ နိုင်ငံခြားရေး ဝန်ကြီး၊ စက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးချုပ်ရဲ့ အကြံပေး Salman F Rahman တို့နဲ့ အတူ စီးပွားရေး ခေါင်းဆောင်တွေလည်း လိုက်ပါသွားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး Sheikh Hasina တရုတ်အကူညီရဖို့ ကြိုးပမ်း