ဝန်ကြီးချုပ် Hasina ရဲ့ အဆိုပြုချက် ၄ ရပ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်Sheikh Hasina က ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လေးချက်ပါ အဆိုပြုချက်တရပ်ကို တင်ပြလိုက်ပါတယ်။ ကနေဒါနိုင်ငံမှာ စနေနေ့ကကျင်းပတဲ့ G-7 ထိပ်သီးအစည်းအဝေးအပြီး အထူးတိုးချဲ့အစည်းအဝေးမှာ စီးပွား ရေးအင်အားကြီး ခုနစ်နိုင်ငံကို ဝန်ကြီးချုပ် Hasina က သူ့ရဲ့အဆိုပြုချက်ကို တင်ပြလိုက်တာပါ။

ဝန်ကြီးချုပ် Hasina အဆိုပြုတင်ပြတဲ့ အချက်လေးချက်ကတော့ ၁) ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးရန်ကင်းပြီး ခိုင်မာတဲ့အခြေ အနေနဲ့ မူရင်းနေရာပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ရာ မြန်မာနိုင်ငံကို စည်းရုံးပြောဆိုဖို့၊ ၂) ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို ချက်ခြင်း ခြွင်းချက်မရှိ အကောင်အထည်ဖော်ဖို့အတွက် မြန်မာ နိုင်ငံကို ပြောဆိုဖို့၊ ၃) တာဝန်ရှိတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို သင့်လျော်သလို အရေးယူနိုင်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်ချက်တရပ် ချမှတ်လာအောင် လုပ်ဆောင်ဖို့နဲ့ ၄) ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှု ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားဥပဒေအတိုင်းဖြစ်စေဖို့ရာ အရေးယူ လုပ်ဆောင်ဖို့တို့ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Hasina က “ရိုဟင်ဂျာပြဿနာရဲ့ အကြောင်းရင်းဇစ်မြစ်ဟာ မြန်မာနိုင်ငံတွင်းမှာရှိပြီး မြန်မာနိုင်ငံမှာပဲ အဖြေရှာရမှာ ဖြစ်တယ်ဆိုတာ သူ အရင်က ပြောထားဖူးသလို အခုလည်း ထပ်ပြောပါတယ်” လို့ အထူးတိုးချဲ့အစည်းအဝေးတွင်းမှာ ဝန်ကြီးချုပ် Hasina ကပြောသွားပါတယ်။

G-7 ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့မှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုကြောင်း၊ လက်ရှိဖြေရှင်းနေရတဲ့ ရိုဟင်ဂျာပဋိပက္ခမှာ ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ထွက်ပြေးရသူတွေ ဘေးရန်ကင်းကင်း ဂုဏ်သိက္ခာရှိစွာ မူူရင်းနေရာတွေဆီပြန်နိုင်ရေးနဲ့ လူသားစာနာမှုအကူအညီတွေ ဝင်ရောက်ခွင့်ပြုတာအပါအဝင် မြန်မာနိုင်ငံဘက်က ဆောင်ရွက်ချက်တွေကို ကြိုဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေပေမဲ့ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ်မပြုဘဲ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်းလို့ပဲ ခေါ်ဝေါ်သုံးစွဲပါတယ်။

Your browser doesn’t support HTML5

ဝန်ကြီးချုပ် Hasina ရဲ့ အဆိုပြုချက် ၄ ရပ်