ရှမ်းပြည်နယ်ဝန်ကြီးတချို့ နိုင်ငံခြားခရီးစဉ် သမ္မတ တားမြစ်

ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဓါတ်ပုံ- ရွှေတြိဂံဒေသ သတင်းလွှာ)

ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ၃ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးကို အင်ဒိုနီးရှား နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ဖို့ ပြင်ဆင်နေချိန်မှာ လုပ်ထုံး လုပ်နည်းနဲ့ မညီလို့ နိုင်ငံတော် သမ္မတရုံးက တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လို အချက်ကြောင့် သွားခွင့် ပိတ်ပင်ရတယ်ဆိုတာကိုတော့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်က အတိအကျ မဖြေခဲ့ပါဘူး။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

နယ်သာလန် INGO အဖွဲ့အစည်းတခုက ရှမ်းပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အခြားတိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကို အင်ဒိုနီးရှားနိုင်ငံသို့ ၅ ရက်အကြာ လေ့လာရေး ခရီးသွားရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး သွားရောက်ဖို့ ပြင်ဆင်ချိန်မှာပဲ ဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံတော် သမ္မတရုံးက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အခုလို သမ္မတရုံးက စာပို့ အကြောင်းကြား ပိတ်ပင်တဲ့အပေါ် လားဟူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးယောသပ်က အခုလိုပြောပါတယ်။

"သမ္မတရုံးကနေ စာထွက်လာတယ်။ ထွက်လာတဲ့ပုံစံက လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့အတွက် ခွင့်မပြုနိုင်ပါ ဆိုပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို စာထွက်လာတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေတဆင့် ကျွန်တော်တို့ကို အပေါ်စာ နဲ့ မိတ္တူ ပေးလိုက်ပါတယ်ခင်ဗျ။ ဒါပဲကျွန်တော်တို့သိတာပါ။ "

ဇွန်လ ၃ ရက်ကနေ ၈ နေ့အထိ ၅ ရက်အကြာ အင်ဒိုနီးရှားနိုင်ငံမှာ ဘေးကင်းစိတ်ချရသော အစားအသောက်နဲ့ ပတ်သက်ပြီး သွားရောက်ဖို့ တောင်ကြီးကနေ ရန်ကုန်ကို သွားဖို့ပြင်ဆင်နေချိန်မှာ အခုလိုတားဆီးခံရတာဖြစ် ပါတယ်။

အစိုးရအဖွဲ့ ဝန်ကြီးတွေအနေနဲ့ နိုင်ငံခြားလေ့လာရေး ခရီးစဉ်သွားရောက်ဖို့ လုပ်ထုံးလုပ်နည်းတွေ သတ်မှတ် ထားတာ ရှိနိုင်ပေမယ့် လုပ်ထုံးလုပ်နည်းတွေကို ချပြထားတာ မရှိတဲ့အတွက် မသိရှိဘူးလို့ ဦးယောသပ်က ဆက်ပြောပါတယ်။

"ဒီထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်း နိုင်ငံခြားလေ့လာခရီးသွားလာရေး ကိစ္စနဲ့ပတ်သက်ပြီး ဒီဘယ်လိုပြော မလည်း လုပ်ထုံးလုပ်နည်းတွေ ပေးထားမယ်လို့တော့ ကျွန်တော်တို့မျှော်လင့်တယ်။ သို့သော် ဒီလုပ်ထုံးလုပ် နည်း ဘယ်လိုသွားရမလည်းဆိုတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ကို မချပြတဲ့အတွက်ကြောင့် ကျွန်တော်တို့ လည်းမသိရဘူးပေါ့နော်။ အခုကျွန်တော်တို့လည်း ဘာပဲပြောပြော ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်လူမျိုး အများ အတွက် စိမ်ခေါ်မှုဖြစ်နေတဲ့ အစားအသောက်အတွက် လေ့လာချင်တဲ့ သဘောတခုတည်းပါပဲ။ တခြားတော့ မရှိပါဘူး "

နိုင်ငံခြားခရီးစဉ်တွေသွားရောက်တာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို သက်ဆိုင်ရာ တိုင်းဒေသ ပြည်နယ်တွေကို တိကျစွာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သမ္မရုံးရဲ့ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုပါတယ်။

ပြည်နယ်ဝန်ကြီးတွေကို ဘယ်လိုအချက်ကြောင့် သွားခွင့် ပိတ်ပင်ရတယ်ဆိုတာကိုတော့ အတိအကျ မဖြေဆိုခဲ့ ပါဘူး။ နိုင်ငံတော် အကြီးအကဲတွေက ညွှန်ကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ ဦးဇော်ဌေးက အခုလိုရှင်းပြပါတယ်။

"ညွှန်ကြားချက်တွေကရှိတယ်။ အဲ့ညွှန်ကြားချက်တွေက မညီလို့ပေါ့။ တချက်ချက်နဲ့မညီတာ ဖြစ်ကောင်းဖြစ် မယ်။ အချက်အများစုနဲ့မညီတာ ဖြစ်ကောင်းဖြစ်မယ်။ ဒါကတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရက ပိုပြီးတော့ ဖြေကြားနိုင်လိမ့်မယ်။ ကျွန်တော်တို့ကတော့ နိုင်ငံခြားသွားတဲ့အခါမှာ အလဟသ အလဟသလည်း မသွားစေ ချင်ဘူး။ နောက်လူအများကြီး လူအများကြီး ပေါ့နော်။ လူအများကြီးသွားတာမျိုး လူအများကြီး သွားတဲ့အခါမှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ အကုန်ကျခံရတာထက်စာရင် ဟိုဘက်က ခရီးသွားလာစရိတ် တည်းခိုနေထိုင်စရိတ် ဒါကို ဘယ်လောက်ထိပေးနိုင်မလည်း။ ဆိုလိုတာက နိုင်ငံတော်ဘတ်ဂျက်က နိုင်ငံခြားငွေ သုံးစွဲပြီဆိုရင် ဒီ သုံးစွဲရတာနဲ့ ထိုက်တန်တဲ့ ခရီးစဉ်မျိုးဖြစ်သင့်တယ်။ ဒီဦးတည်ချက်နဲ့ ကျွန်တော်တို့က ညွန်ကြားချက်တွေ ထုတ်ထားတာ ဒါကျွန်တော်တို့ အစိုးရ ခေါင်းဆောင်တွေ အကြီးအကဲတွေက ထုတ်ပြန်ထားတာ ဖြစ်တယ်။ ဒီဟာနဲ့ မညီလိုလုပ်တာဖြစ်မယ်။ "

အခုလို လေ့လာရေးခရီးစဉ်သွားရောက်ဖို့ နယ်သာလန်နိုင်ငံ INGO အဖွဲ့အစည်းက လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပြီး သွားဖို့ပြင်ဆင်နေချိန်မှာပဲ သွားရောက်ခွင့် တားဆီး ပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်နယ်ဝန်ကြီးတချို့ နိုင်ငံခြားခရီးစဉ် သမ္မတ တားမြစ်