ရှမ်းစစ်ပြေးဒုက္ခသည်များ အကူအညီ အပူတပြင်း လိုအပ်နေ

ရှမ်းစစ်ပြေးဒုက္ခသည်များ အကူအညီ အပူတပြင်း လိုအပ်နေ

ပြည်တွင်း ပြည်ပက နိုင်ငံရေး အဖွဲ့အစည်းတွေကနေ တနိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုနေချိန်မှာ တဘက်က ရှမ်းပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ ရှမ်းပြည်တပ်မတော် ခေါင်းဆောင်တွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြို့နယ် ၉ ခုက ရွာသားတွေဟာ နီးစပ်ရာ နယ်စပ်ဘက်နဲ့ တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင်နေရသလို ဒေသအတွင်း ဖြစ်ပွားတဲ့ ရောဂါတွေကြောင့် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒီ စစ်ပြေးဒုက္ခသည်တွေဟာ သက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေရဲ့ အကူအညီ မရှိဘူးလို့လည်း ရှမ်းလူ့အခွင့်အရေး အဖွဲ့တွေကနေ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းစစ်ပြေး ဒုက္ခသည်တွေကို နိုင်ငံတကာက သတိမူလာအောင်၊ အကူအညီတွေ ပေးလာအောင် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တာဝန်ခံ တဦးဖြစ်သူ မယိန်းဇံဟွန်က ပြောပါတယ်။

“နိုင်ငံတကာရော နောက်ပြီးတော့ အိမ်နီးချင်းနိုင်ငံရော သိစေချင်တာပေါ့နော်။ အခုထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ နောက်ပြီးတော့ စစ်ပြေးနေရတဲ့သူတွေက သူတို့ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကတော့ စားစရိတ်တွေ မလုံလောက်ဘူး၊ ကျန်းမာရေးလည်း ထိခိုက်တယ်။ အခုဆိုရင် ဝမ်းလျှောရောဂါတို့၊ ငှက်ဖျားရောဂါတို့ ဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေကလည်း မုဒိမ်းကျင့်မှု ခံရတယ်။ ပြီးခဲ့တဲ့ ၂ ရက်နေ့ သြဂုတ်မှာလည်း ၂ ယောက် မုဒိမ်းကျင့်ခံရတယ်။ အဲဒီ ဝမ့်ဟိုင်းဒေသနားမှာပဲ။

“ရွာသားတွေရဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူတယ်။ နောက်ပြီးတော့ ကျန်တဲ့ အစားအစာတွေ သိုလှောင်ထားတာတွေလည်း သူတို့က အကုန်လုံး လာယူသွားတယ်ဆိုတော့ သူတို့စားဖို့အတွက် မကျန်ဘူး၊ အဲဒီလို ဖြစ်နေတယ်။ နိုင်ငံတကာက တခုခုပြောဖို့ သင့်ပြီပေါ့နော်။ ပိုပြီးတော့ နိုင်ငံရေး ပြောင်းလဲဖို့ ဖိအားပေးစေချင်တယ်။”

မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပူးတွဲပြီးတော့ ကျေးသီးနဲ့ မိုင်းနောင် ကားလမ်းပေါ်က မြန်မာစစ်တပ် စခန်းတခုကို တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“၁၀ ရက်နေ့မနက် ၆ နာရီ ၂၀ အချိန် SSA တပ်ရင်း ၈၀၁ နဲ့ တောင်ပိုင်း SSA တပ် ပူးပေါင်းပြီးတော့ စစ်အစိုးရတပ်ကို ကျေးသီး၊ မိုင်းနောင် ကားလမ်းပေါ်ရှိတဲ့ ဝမ့်ဖိန်းရွာ အနီးမှာ တိုက်ခိုက်ခဲ့လို့ အဲဒီစစ်အစိုးရတပ်က ၄ ဦး ကျပြီးတော့ ၆ ဦး ဒဏ်ရာရရှိသွားတယ်ခင်ဗျ။ တခြားနေရာတွေမှာလည်း ရှိပါသေးတယ်ခင်ဗျ။ ကျနော်တို့ ပူးတွဲပြီးတော့ အဲဒီလိုတိုက်တာ။”

မြန်မာစစ်တပ်ဟာ တပ်အင်အား တော်တော်များများ ရုပ်သိမ်းသွားပြီ ဆိုပေမဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ဝမ့်ဟိုင်းဒေသ ဝန်းကျင်တွေမှာ တပ်ရင်း ၇ ရင်းကိုတော့ ရုပ်သိမ်းခြင်း မပြုရသေးပါဘူး။ မြန်မာစစ်တပ်တွေဟာ မိုင်းရှူးဘက်ကို သွားတဲ့ ဝမ့်မိန်ကားလမ်း၊ ပါခီးကားလမ်း၊ မိုင်းနောင်နဲ့ မိုင်းရှူး ကားလမ်းပေါ်က ဝမ်ဖော့နဲ့ လမ်းခွဲ ကားလမ်းတွေကို ထိန်းချုပ်ထားတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီကားလမ်းပေါ်မှာ တင်းကျပ်တဲ့ စိစစ်ရေး ပြုလုပ်နေတဲ့အတွက် စားသောက်ကုန်တွေ သယ်ဆောင်ခွင့် မရတော့လို့ ဝမ့်ဟိုင်း ဒေသခံတွေ စားသောက်ကုန် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဝမ့်ဟိုင်းဒေသနဲ့ ဆက်စပ်ရာ ဒေသက ရွာသားတွေဟာ နီးစပ်ရာ မြို့ရွာတွေမှာရော တောတောင်ထဲမှာရော ဝတပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသဘက်မှာရော ထိုင်းနယ်စပ်ဘက်တွေမှာပါ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်လာတဲ့ ဝမ့်ဟိုင်းဒေသခံ ကိုစိုင်းနုကတော့ ဒီအဖြစ်အပျက်တွေကို ရှမ်းဘာသာနဲ့ အခုလို ပြောပါတယ်။

“မြန်မာစစ်တပ်က ရှမ်းတပ်ဖွဲ့ကို ထိုးစစ်ဆင်လာလို့ ကျနော်တို့ ရွာသားတွေလည်း မနေနိုင်တော့လို့ ထွက်ပြေးလာရတယ်။ ဗမာစစ်တပ်တွေလာရင် ယောက်ျားတွေ့ရင် ပေါ်တာထမ်းဖို့ ဖမ်းတယ်၊ မလိုက်ရင် ရိုက်တယ်။ ရွာသားတွေရဲ့ ကြက်တွေ၊ ဝက်တွေ၊ နွားတွေ ယူစားတယ်။ ရွှေတွေ ငွေတွေပါမကျန် ယူတယ်။ အိမ်ရှင် မရှိတဲ့အိမ်၊ ထွက်ပြေး တိမ်းရှောင်နေတဲ့ အိမ်ဆိုရင် မွှေနှောက် ယူငင်ကုန်တယ်။ တောတောင်ထဲမှာပဲ လနဲ့ချီ ပုန်းရှောင်နေရတယ်။ ဘာအကူအညီမှ မရှိဘူး။ လယ်မဆင်းနိုင်ဘူး၊ တောင်ယာမလုပ်ရဲဘူး။

“တခြားရွာတွေ၊ တခြားမြို့နယ်တွေတော့ မပြောတတ်ဘူး။ ကျနော်တို့ အနီးအနားက ကျေးရွာအုပ်စု ၂ ခု၊ ၃ ခုကပဲ လူပေါင်း ၄၀၀ လောက်ရှိမယ်။ ထွက်မပြေးလို့ကို မရဘူး။ ဗမာစစ်သားနဲ့တွေ့ရင် ရှမ်းတပ်တွေ၊ ရှမ်းသူပုန်တွေကို ဆက်သွယ် သတင်းပေးတယ်ဆိုပြီး တွေ့တဲ့သူကို ဖမ်းတယ်၊ ရိုက်နှက် စစ်ဆေးတယ်။ ဘယ်သူမှ မနေရဲတော့ဘူး။ ကျနော်တို့ရွာဆို ရွာပျက်သလို ဖြစ်သွားပြီ။”

ထိုင်းနိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ စစ်ပြေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုတာ မခံရဘဲ ရွှေ့ပြောင်း အလုပ်သမားအဖြစ်သာ အလုပ်လုပ်ကိုင်နေရတယ်လို့ ကိုစိုင်းနုက ပြောပါတယ်။

ရှမ်းပြည်နယ် တခုလုံးမှာ ရှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရတို့ တိုက်ပွဲတွေကြောင့် မြို့နယ် ၉ ခုက ဒေသခံ ၃၀,၀၀၀ ကျော် နေရပ်ကနေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ရှမ်းလူ့အခွင့်အရေး အဖွဲ့ကနေ စစ်တမ်း ကောက်ယူထားပါတယ်။ ဒီ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အနေနဲ့ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်နဲ့ တောတောင်တွေထဲမှာ ခိုလှုံနေရပြီး နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ မရရှိဘူးလို့လည်း ကြေညာချက်ထဲမှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါကြောင့် ဝမ့်ဟိုင်းဒေသခံ ဒုက္ခသည် ၂၄ ဦး သေဆုံးသွားခဲ့တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အခုလို စစ်ဘေးဒဏ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေကို ဒေသအတွင်း အကူအညီပေးရေး အဖွဲ့တွေကနေတဆင့် နယ်စပ်ဖြတ်ကျော် အကူအညီ ပေးသွားနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကို ရှမ်းလူထုအခြေပြု အဖွဲ့တွေကနေ တောင်းဆိုထားပါတယ်။