ဗိုလ်ချုပ်ဆေထင်ကို စစ်တွေထောင် ပို့လိုက်ပြီ

ဗိုလ်ချုပ်ဆေထင်။

၂၀၀၅ ခုနှစ်က ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့ဖို့ ကြိုးစားတဲ့ ကိစ္စကြောင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၀၆ နှစ် ချခံထားရတဲ့ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို အခု အာဏာပိုင်တွေက မိသားစုနဲ့ဝေးတဲ့ ရခိုင်ပြည်နယ် စစ်တွေထောင်ကို ပြောင်းရွှေ့ထားလိုက်ပါပြီ။ အရင် ခန္တီးထောင်မှာ အကျဉ်းကျခံထားရာက ဗိုလ်ချုပ်ဆေထင်ကို အဆင့်ဆင့် ပြောင်းရွှေ့ ခေါ်ယူခဲ့ပြီးနောက် စစ်တွေထောင်ကို ပို့လိုက်တာ ဖြစ်ပါတယ်။ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ရှမ်းခေါင်းဆောင် တယောက်ကို ဘာကြောင့် အခုလို မိသားစုအတွက် သွားရလာရ ခက်ခဲတဲ့ အကျဉ်းထောင်ကို ပြောင်းလိုက်သလဲဆိုတာ အတိအကျ မသိရပေမဲ့ ဒါဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ရှမ်းနိုင်ငံရေးသမား တဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အခြားပုဒ်မတွေနဲ့ စွဲဆိုပြီး ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ဆေထင်ကို အရင်က မိသားစုနဲ့ ဝေးလံတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးထောင်မှာ ချုပ်နှောင်ထားတာပါ။ ပြီးခဲ့တဲ့ လကုန်က ခန္တီးထောင်ကနေ မုံရွာထောင်၊ နောက် ဒီလ ၂ ရက်နေ့က မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ပါတယ်။ ၅ ရက်နေ့မှာ မန္တလေးကနေ အင်းစိန်ထောင်ကို ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။

အင်းစိန်ထောင်မှာ စုံစမ်းကြည့်ရာမှာတော့ စစ်တွေထောင်ကို ပြောင်းလိုက်တယ်လို့ သိရကြောင်း ဗိုလ်ချုပ်ဆေထင်ရဲ့ သမီးဖြစ်သူ နန်းခမ်းပေါင်းက အခုလို ပြောပါတယ်။

“ကျမတို့ မနေ့က မန္တလေးကနေ ရန်ကုန်ကို ရောက်လာတယ်။ မနက် ၄ နာရီ၊ မနက် ၄ နာရီ ရောက်လာပြီးတော့ ၉ နာရီ ၁၀ နာရီလောက် အင်းစိန်ထောင် ပြန်သွား စုံစမ်းတယ်ရှင်၊ တနင်္ဂနွေပေ့ါနော်၊ ထောင်ဝင်စာတော့ ပိတ်တယ်။ ဒါပေမဲ့ ကျမအဖေကို မတွေ့ရတာ ကြာပြီ၊ အဖေ့ကို ပါဆယ်လေး ပို့ခွင့်ပေးပါ၊ ဘာဖြစ်လို့လဲဆိုတော့ အဖေနဲ့ မတွေ့တာကြာတော့ ထောင်ဝင်စာ ပြတ်သွားမှာ စိုးလို့။ ဒါကြောင့် ကျမတို့ကို ထောင်ဝင်စာ တွေ့ခွင့်ပြုပါလို့ ကျမက ပြောတာပေါ့နော်။

“ဒါဆိုရင် ဘယ်တိုက်မှာလဲတဲ့။ အဲဒါတော့ မသိဘူး၊ မန္တလေးထောင်က ပြောင်းလာတယ် ပြောတယ်။ ဒီမှာ စာရွက်နဲ့ ပေးလာတယ်လို့ မန္တလေး ထောင်ကနေပေါ့နော် ပေးလာတယ်။ ဒီကို ပြောင်းလာတယ်ပြောလို့ လိုက်လာတာ။ ဘယ်တိုက်ကလဲ၊ ဘယ်နေရာမှာရှိလဲ ဆိုတာ ကျမတို့ မသိဘူး။ အင်းစိန်ထောင်မှာ ဘယ်နေရာမှာရှိလဲ မသိဘူး ဆိုတာ ပြောတော့ သူတို့ စုံစမ်းပေးတယ်။ ဖုန်းဆက်ပြီးတော့ စုံစမ်းတာပေ့ါနော်။ စုံစမ်းပြီးတော့ စစ်တွေထောင်ကို ပြောင်းသွားပြီတဲ့။ ၇ ရက်နေ့က ပြောင်းသွားပြီလို့ ပြောတယ်ရှင့်။”

မန္တလေးထောင်ကို ပြောင်းလာတုန်းက သွားရောက် တွေ့ဆုံခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။ အသက် ၇၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ နာယက ဗိုလ်ချုပ်ဆေထင်ဟာ မျက်စိရောဂါအပြင် သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါတွေလည်း ခံစားနေရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး စစ်ဆေးခွင့် မရတာ ကြာပြီဖြစ်တာကြောင့် အဖေ့အတွက် စိုးရိမ်ကြောင်း နန်းခမ်းပေါင်းက ဆက်ပြောပါတယ်။

“၈ ရက်နေ့ ၆ လပိုင်း ခန္တီးမှာ သွားတွေ့ကတည်းကပဲ သတင်းသိတာပေ့ါနော်။ ဆေးမစစ်ရတာ ကြာတော့ ဆေးတွေလည်း စစ်ချင်တယ်။ မျက်လုံးတွေလည်း တတ်နိုင်ရင်တော့ ခွဲလိုက်ချင်တာပေ့ါနော်။ အခုလို မြို့ကြီး ရောက်လာရင်ပေ့ါ။ သူ့ဆန္ဒပေါ့။ ဆေးတွေလည်း အကုန်စစ်ချင်တယ်ပေ့ါ။

“အခု ကျမ သတင်းရသလောက်တော့ ခန္တီးမှာ လမ်းလျှောက်ရင်းနဲ့ ချော်လဲတော့ လက်က နည်းနည်း ယောင်ပြီးတော့ အရိုးနည်းနည်း အက်မလား မသိဘူးလို့ ကျမကို ပြောတဲ့လူ ရှိတာပေ့ါနော်။ အခုက စိုးရိမ်ရတာပေါ့။ အဖေ ဘယ်လိုဖြစ်နေလဲဆိုတာ လုံးဝမှ မတွေ့ရတာ။ အသက်ကြီးတဲ့ အဲလိုမျိုး အသက်အရမ်းကြီးတဲ့ လူတယောက်ကို မျက်စိထဲမှာတော့ ခြေချင်းရော လက်ချင်းရော အကုန်လုံး ခတ်နေမှာပဲလေ နော။ နောက်ပြီး တနေရာကနေ ဒီလို ပြောင်းရွှေ့သွားတာတော့ စိတ်မကောင်းဘူးပေါ့နော။”

လွန်ခဲ့တဲ့ ဧပြီလအတွင်းက အပစ်ရပ် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းက ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဆွေးနွေးစဉ်မှာ မြန်မာစစ်အစိုးရဘက်က ဗိုလ်ချုပ်ဆေထင်ကို လွှတ်ပေးနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အခုလို ဗိုလ်ချုပ်ဆေထင်ကို မိသားစုနဲ့ ဝေးတဲ့ နောက်တနေရာကို ထပ်မံပြောင်းရွှေ့တဲ့ အပေါ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ဦးစိုင်းလိတ်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဘယ်လိုကြောင့် ပြောင်းတယ် ဆိုတာတော့ အမျိုးမျိုး ထင်မြင်ချက်ပေးလို့ ရတာပေ့ါဗျာ။ ဘာလို့ဆို နိုင်ငံရေးအရပဲ ရွှေ့တာလား၊ ဒါမှမဟုတ် လုံခြုံရေးအရပဲ ရွှေ့တာလား၊ အမျိုးမျိုး တွေးချင်စရာတော့ ရှိတာပေ့ါလေ။ ဒါပေမဲ့ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ် ဒီလောက်ကြီးနေတဲ့ ပုဂ္ဂိုလ်ကို ထောင်တွေ ခဏ ခဏ ရွှေ့တယ်၊ ပြောင်းတယ်။ ကျန်းမာရေး ကုသမှုလည်း ဘာမှ မပေးဘူး ဆိုတဲ့အခါကျတော့ ဒါက လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်သလို တဘက်မှာလည်း တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ပျက်ပြားစေတဲ့ ဆောင်ရွက်ချက်လို့တောင် SSA ဘက်က ယူဆမယ်ဆို ယူဆနိုင်တဲ့ အနေအထားမျိုး ရှိတာပေါ့ဗျာ။ ဒါဟာ ကောင်းတဲ့ အရိပ်လက္ခဏာတော့ မဟုတ်ဘူး။ လက်ခံနိုင်စရာ ဆောင်ရွက်ချက်တော့ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။”

၂၀၀၅ ခုနှစ်က ဗိုလ်ချုပ်ဆေထင်နဲ့အတူ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရတဲ့ ရှမ်းအမျိုးသား ခေါင်းဆောင်တွေကတော့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့မှ ဦးမြင့်သန်း၊ ဦးညီညီမိုး၊ ဦးစိုင်းမျိုးဝင်းထွန်း၊ ဦးထွန်းညို၊ ဦးစိုင်းလှအောင်တို့ ဖြစ်ပါတယ်။

ဦးခွန်ထွန်းဦးကတော့ ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ကျခံနေရပြီး ဆီးကျိတ်ယောင်ရောဂါ ခံစားနေရပါတယ်။ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့က ဦးမြင့်သန်းကတော့ ၂၀၀၆ ခုနှစ်က သံတွဲထောင်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။