စစ်ကောင်စီတပ်တွေ အပြင်းအထန် စစ်ကြောင်းဆင်တိုက်ခိုက်နေတဲ့ ရှမ်း-ကယားဒေသ ဒီးမော့ဆိုနဲ့ဖယ်ခုံမှာ ရက်ရှည်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရွာခံနဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုပြီး ဦးတည်ရာမရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားရွာသူတွေ နေအိမ်မှာမနေရဲတော့ဘဲ ဘေးလွတ်ရာ ဒေသတွေဆီ တိမ်းရှောင်နေကြရပါတယ်။ ဒီလိုတိမ်းရှောင်နေရတာ အချိန်ကြာတာနဲ့အမျှ လိုအပ်တွေ ပိုမိုမြင့်တက်လာတာပါ။ စစ်ပြေးဒုက္ခသည်တွေကြား ဆန် ဆီ ဆားတွေ ပြတ်လပ်တဲ့ အခြေအနေကြောင့် အစားအသောက်တွေ မျှဝေပြီး လျှော့စားနေကြရတဲ့ အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေ အပြင်းအထန် စစ်ကြောင်းဆင် တိုက်ခိုက်နေပါတယ်။ ဒါကြောင့် ရှမ်း-ကယားဒေသ နေရာအနှံ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ခုချိန်ထိ ကြိုကြားကြိုကြား နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
ကယားလို့ခေါ်တဲ့ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ဒီကနေ့ တနင်္လာနေ့အထိ ရက်ရှည် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ခုလို ပြောပါတယ်။
“ဖရူးဆိုနဲ့ ဒီးမော့ဆိုအရှေ့ခြမ်း အဲ့ဒီကားလမ်းမကြီးဘေး တလျှောက်ပေါ့နော်၊ တိုက်ပွဲတော့ ဖြစ်တာပေါ့နော်၊ ရက်တိုင်းဖြစ်တယ်၊ အခု လေး-ငါး ခြောက်ရက် ကြာသွားပြီးပေါ့နော်၊ တချို့အဲ့ဒီမှာ ပြန်လုပ်ကိုင်စားသောက်တဲ့ရွာခံနဲ့ တောထဲမှာ သွားပြန်အိပ်ရတာရှိတယ်ပေါ့နော်။”
တိုက်ပွဲဖြစ်တဲ့ ဧရိယာထဲက ရွာသူရွာသားတွေ နေအိမ်မှာ မနေရဲကြဘဲ တောတောင်တွေထဲမှာ သွားအိပ်နေကြရတာလို့ ဆိုပါတယ်။
အလားတူ ရှမ်း-ကယားနယ်စပ်က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် စက်တော်ရာကျေးရွာ ခေါင်းအိကျေးရွာဘက်မှာလည်း နှစ်ဖက် ပစ်ခတ်သံတွေ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့အကြောင်း အနီးအနားမှာ တိမ်းရှောင်နေတဲ့ ရွာခံအမျိုးသမီးတဦးက ခုလို ပြောပါတယ်။
“တိုက်ပွဲရှိတယ်ရှင့်၊ အသံပဲကြားရတယ်။ ရက်တိုင်းကြားရတယ်။ အဲ့ဒါနဲ့မပြန်ရဘူး။ ရွာမှာ ရွာခံတယောက်မှမရှိတော့ဘူး။ အသံအစုံပဲ။ တခါတလေ လက်နက်ကြီး လက်နက်ငယ်၊ လေယာဉ်လည်းလာတယ်၊ ပြီးခဲ့တဲ့ ၃ ရက်က လေယာဉ်လာတယ်။ လာကြဲတယ် ရွာမှာ၊ အသံ နေ့တိုင်းကြားရတယ်။ ရက်တိုင်းဖြစ်တယ်၊ ရက်တိုင်းကြားရတယ်။”
တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါ အသုံးပြုပြီး အပြင်းအထန် ခုခံတိုက်ခိုက်နေတာပါ။ ဒါကြောင့် ရွာသူရွာသားတွေ အတော်များများက အိမ်အိုးစွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လတ်တလော ဖယ်ခုံ ဒီးမော့ဆိုဘက်က တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးက အဲ့ဒီဒေသတွေမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာမို့ နှစ်ဖက်ထိတွေ့မှုရှိနိုင်ပေမယ့် မြေပြင်အခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
“အဲ့ဒီဖက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းတွေရှိနေတယ်ဗျ၊ တိုက်ပွဲဖြစ်နိုင် တယ်၊ ပစ်ခတ်မှုတွေ ရှိနိုင်တယ်ပေါ့။ ကျနော်တို့ကတော့ အသေးစိတ်တော့ မသိသေးဘူးပေါ့နော်။”
ပြီးခဲ့တဲ့ မတ်လကတည်းက စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် ဖယ်ခုံမြို့နယ် စက်တော်ရာကျေးရွာတဝိုက်မှာ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်လာတာပါ။ အဲ့ဒီနောက် ဒေသခံတွေ ရွာမှာ မနေရဲတော့ဘူး ဘေးလွတ်ရာကို တိမ်းရှောင်လာကြပါတယ်။
ဒီလိုတိမ်းရှောင်နေရတာ အချိန်ကြာတာနဲ့အမျှ လိုအပ်ချက်တွေ ပိုမိုမြင့်တက်လာတာပါ။ စစ်ပြေးဒုက္ခသည်တွေကြား ဆန် ဆီ ဆားတွေ ပြတ်လပ်တဲ့ အခြေအနေကြောင့် အစားအသောက်တွေ မျှဝေပြီး လျှော့စားနေကြရတယ်လို့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။
“အစားအသောက်တွေ ဘာမှမရှိဘူး၊ ဆီတွေ ဆန်တွေ တအားလိုတယ်။ ၆ လ အတွင်း ဘာမရသေးဘူး။ အကူအညီဘာမှ မရောက်သေးဘူး။ တခါလည်းမရောက်ဘူး။ ထွက်လာတဲ့အချိန်ကစလို့ စပါးတွေ နည်းနည်းသယ်လာလို့။ အခုကကုန်ပြီပေါ့ မရှိတော့ဘူး၊ သူများဆန် အရင်ငှါးတာမျိုးလေး၊ သူတို့ဟာ ငှါးစားရတယ်၊ တချို့လူကတော့ ဆန်လည်း မရှိ၊ ဆီလည်းမရှိ၊ ဆီလည်းမစားရတာ ခပ်များများ။ (နေ့စားအလုပ်တွေ) သူများခေါ်တဲ့ရက်ရှိမှ စားရတယ်။ သူများခေါ်တဲ့ လူမရှိဘူးဆို အိမ်မှာပဲ နေ၊ နည်းနည်းပါးပါးပဲ လျှော့စားရတယ် အဲ့ဒါမျိုးလေ။”
စစ်ရှောင်အများစုက နေ့စားအလုပ်တွေ လိုက်လုပ်ပြီး စားရေးသောက်ရေးပြဿနာကို ဖြေရှင်းနေရတာလို့ ဆိုပါတယ်။ နေ့စားအလုပ်လည်း တခါတလေမှ လုပ်ရတာမို့ ခုချိန်မှာ အတော်လေးခက်ခဲနေတဲ့အကြောင်းနဲ့ အဝတ်အထည်၊ နေရာထိုင်းခင်းနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အလွန်အမင်း လိုအပ်နေတယ်လို့ ပြောဆိုကြပါတယ်။
Your browser doesn’t support HTML5