ထိုင်းနိုင်ငံမှာ မုန်တိုင်းကြောင့် ကလေး ၄ ဦး အပါအဝင်၊ ၇ ဦးသေ

ထိုင်းနိုင်ငံ Phichit (ဖီချစ်) ခရိုင်ထဲက မုန်တိုင်းကြောင့် ပြိုကျသွားတဲ့ စာသင်ကျောင်း (မေ ၂၃၊ ၂၀၂၃)

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တနင်္လာနေ့က တိုက်ခဲ့တဲ့မုန်တိုင်းကြောင့် ကျောင်းအားကစားရုံတခု အမိုးပြိုကျခဲ့ပြီး ကလေးငယ် ၄ ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ဒီကနေ့ ပြောဆိုပါတယ်။ Phichit (ဖီချစ်) ခရိုင်ထဲက စာသင်ကျောင်း တကျောင်းမှာ ကလေးငယ်တွေ ကစားနေတဲ့ သွပ်မိုး အဆောက်အဦး မုန်တိုင်းကြောင့် လုံး၀ ပြိုကျ ပျက်စီးသွားခဲ့ရာက ခုလို သေဆုံးခဲ့ရတာပါ။ အသက် ၆ နှစ်ကနေ ၁၃ နှစ်ကြား ကလေးငယ်တွေ ပါတဲ့ အားကစားပွဲ ကျင်းပနေပြီး လာကြည့်သူတချို့လည်း ရှိနေချိန် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ လေပြင်းမုန်တိုင်း တိုက်ပြီး မိုးသည်းသည်းထန်ထန် ရွာလို့ ကျောင်းအားကစားရုံ အဆောက်အဦး အမိုးတွေ ပြိုကျပျက်စီးခဲ့တာပါ။

ထိုင်းနိုင်ငံ Phichit (ဖီချစ်) ခရိုင်ထဲက မုန်တိုင်းကြောင့် ပြိုကျသွားတဲ့ စာသင်ကျောင်း (မေ ၂၃၊ ၂၀၂၃)

သေဆုံးသူတွေထဲမှာ ကျောင်းသားမိဘ နှစ်ဦးနဲ့ အစောင့်တဦး ပါဝင်ပြီး နောက်ထပ် ဒဏ်ရာရထားသူ ၁၈ ဦးရှိတဲ့အကြောင်း ခရိုင်ပြည်သူ့ဆက်ဆံရေးဌာနက ပြောဆိုတာကို AFP သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ မုန်တိုင်းကြောင့် Sam Ngam မြို့နယ်တွင်းက လူနေအိမ်တွေ အများအပြား ထိခိုက် ပျက်စီးခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မုန်သုန်ရာသီ အဝင်မှာပဲ ခုလို ကြုံရတာဖြစ်ပြီး လာမယ့် ရက်ပိုင်းတွေအတွင်း မိုးအကြီးအကျယ် ရွာနိုင်သေးတဲ့အကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း သိပ်မကြာခင် ရက်ပိုင်းကပဲ အင်အားပြင်း မိုခါ ဆိုင်ကလုန်း ဝင်ရောက် တိုက်ခတ်တာ ကြုံခဲ့ရပြီး မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်တဝန်း သေဆုံးသူ ၁၇၀ ကျော် ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံမှာ မုန်တိုင်းကြောင့် ကလေး ၄ ဦး အပါအဝင်၊ ၇ ဦးသေ