မြောက်ကိုရီးယားက မစင်တွေနဲ့ အမှိုက်တွေ ထည့်ထားတဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယားနိုင်ငံထဲ ကျဲချခဲ့တာကို လက်စားချေတဲ့အနေနဲ့ မြောက်ကိုရီးယားအစိုးရကို ဆန့်ကျင်တဲ့ အသံချဲ့စက်နဲ့ ဝါဒဖြန့် ပြောဆိုတဲ့အစီအစဉ်ကို တောင်ကိုရီးယားက ဒီကနေ့ ပြန်လည် စတင်လိုက်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဒေသမှာ အသံချဲ့စက်တွေ တပ်ဆင်ပြီး ဒီကနေ့ တနင်္ဂနွေနေ့က စတင်ပြီး အသံလွှင့် ကြေညာသွားဖို့ အမျိုးသားလုံခြုံရေး အကြံပေးအဖွဲ့ဥက္ကဌ Chang Ho-jin ဦးဆောင်ပြုလုပ်တဲ့ စည်းဝေးပွဲက ဆုံးဖြတ်ခဲ့တာလို့ တောင်ကိုရီးယားသမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယားရဲ့ အဲဒီလို လုပ်ဆောင်မှုက မြောက်ကိုရီးယားကို အမျက်ထွက်စေမှာ ဖြစ်သလို တန်ပြန်လက်စားချေမှုလည်း လုပ်ဆောင်လာနိုင်ပါတယ်။
မြောက်ကိုရီးယားက မိုးပျံပူဖောင်းတွေ ကျဲချခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံအတွင်း စိုးရိမ်မှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Chang နဲ့ တခြား တောင်ကိုရီးယား လုံခြုံရေးဆိုင်ရာ အရာရှိတွေက ယူဆခဲ့ကြပြီး အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် တင်းမာမှုတွေအတွက် မြောက်ကိုရီးယားမှာ လုံးဝတာဝန်ရှိတယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားဘက်က ဝါဒဖြန့်ချိရေး စာတွေပါတဲ့ မိုးပျံပူဖောင်းတွေ မြောက်ကိုရီးယားဘက်ကို ကျဲချခဲ့ပြီး ရက်ပိုင်းအကြာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ မြောက်ကိုရီးယားက မစင်တွေနဲ့ အမှိုက်တွေထည့်ထားတဲ့ ရာနဲ့ချီတဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယားနိုင်ငံထဲ ကျဲချခဲ့တာပါ။
အခုချိန်ထိ မြောက်ကိုရီးယားဘက်က ကျဲချခဲ့တဲ့ မိုးပျံပူဖောင်းအရေအတွက်ဟာ တထောင်ကျော်သွားပြီလို့ ဆိုပါတယ်။