ရိုဟင်ဂျာတွေကို ဖိနှိပ်တဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေဟာ‘genocide’ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း အတိအလင်း သတ်မှတ်ကြေညာဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကို ဝါရင့် အမေရိကန်အထက်လွှတ်တော်အမတ်တချို့က ထပ်မံ ဖိအားပေး တိုက်တွန်းလိုက်ပါတယ်။
အင်္ဂါနေ့က အထက်လွှတ်တော်မှာပြုလုပ်တဲ့ ကြားနာပွဲတခုမှာ ထွက်ဆိုခဲ့တဲ့အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကို အမေရိကန်အ ထက်လွှတ်တော်အမတ်တွေဘက်က နိုင်ငံခြားရေးဝန်ကြီး Pompeo အနေနဲ့ ‘genocide’ လို့ ခေါ်ဝေါ်သတ်မှတ်ဖို့ ဘာကြောင့် နှောင့်နှေးနေသလဲ ဆိုတဲ့ မေးခွန်းထုတ်ခဲ့ကြတာပါ။
မအင်ကြင်းနိုင်က ဆက်လက် တင်ပြမှာဖြစ်ပါတယ်။
ဒီဇင်လဘာ ၄ ရက် အင်္ဂါနေ့က အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ သံအမတ်အသစ် ခန့်အပ်ဖို့ သမ္မတက အမည်စာရင်းတင်သွင်းခြင်းခံရသူတွေကို ကြားနာပွဲလုပ်ခဲ့တာပါ။ အဲဒီမှာ ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် သမ္မတ DonaldTrump က အမည်စာရင်း တင်သွင်းထားတဲ့ လက်ရှိ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy လည်း တက်ရောက် ထွက်ဆိုခဲ့ပါတယ်။
အခုလို ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး တဦး ကြားနာပွဲရှိနေချိန်မှာ အမေရိကန်အထက်လွှတ်တော်အမတ်တချို့က မြန်မာ စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အနေနဲ့ genocide လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရာရောက်ကြောင်း တရားဝင်သတ်မှတ်ကြေညာဖို့ ဖိအားပေး ပြောဆိုခဲ့ကြတာပါ။
အမေရိကန်အစိုးရအနေနဲ့ genocide လို့ သတ်မှတ်ဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာကို အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် ဝါရင့် ဒီမိုကရက်အထက်လွှတ်တော်အမတ် Edward Markey က အခုလို ကြားနာပွဲမှာ ပြောသွားပါတယ်။
“လက်ရှိအမေရိကန်အစိုးရအနေနဲ့ ethnic cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် ဆက်ပြီးသတ်မှတ်မှာလား၊ ဒါမှမဟုတ် genocide လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့ crimes against humanity လူသားထုအပေါ် ရာဇဝတ် ကျူးလွန်မှု အဖြစ် သတ်မှတ်မှာလား ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို သတ်မှတ်ခေါ်ဝေါ်ချက် ထုတ်ပြန်ဖို့ အစိုးရအနေနဲ့ ဘယ်လိုအစီအစဉ်ရှိနေပါသလဲ။ ကျနော်တို့တိုင်းပြည်မှာ မူဝါဒတွေ အလွန်များသလို ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံက အစိုးရကို ဘယ်လိုသတ်မှတ်မလဲဆိုတာအတွက် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေပါတယ်။”
ဒါပေမယ့် အမေရိကန်အစိုးရထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပထဝီနိုင်ငံရေးအရ ပြင်းပြင်းထန်ထန် အရေးယူရေး သဘောထားမတူတာတွေ ရှိနေတယ်လို့အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် ဝါရင့် ရီပါပလင်ကင် အထက်လွှတ်တော်အမတ် Marco Rubio ကပြောပါတယ်။ ဒါကြောင့် ရိုဟင်ဂျာ (၇)သိန်းကျော် အတင်းအကျပ်မောင်းထုတ်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်း အစီရင်ခံစာပြုစုရာမှာ “genocide” အဆင့် ကျူးလွန်ကြောင်းဆိုတဲ့ သတ်မှတ်ချက်မျိုး နိုင်ငံခြားရေးဝန်ကြီး Pompeo ကို အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဗျုရိုအနေနဲ့ အကြံပြု ရေးသားထားတာရှိမရှိ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကို အခုလို မေးခွန်းထုတ်ခဲ့ပါတယ်။
“ဘယ်လို ခေါင်းစဉ်ပေး သတ်မှတ်ခေါ်ဝေါ်မလဲဆိုတဲ့အပေါ်မှာ လှည့်ပတ်ငြင်းခုံသလိုဖြစ်နေပါတယ်။ ကျနော်တို့ အမတ်တွေသတ်မှတ်တဲ့ ethnic cleansing ဆိုတာလည်း genocide ပဲဖြစ်ပါတယ်။ အရေးယူအပြစ်ပေးဖို့ အစပျိုးစေတဲ့ ဥပဒေကြောင်းဆိုင်ရာ အသုံးအနှုန်းဖြစ်တဲ့အတွက် တချို့သူတွေက ပထဝီနိုင်ငံရေးအမြင်နဲ့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်ပုံ မရပါဘူး။ လွှတ်တော်အနေနဲ့ သိချင်တာက genocide ဆိုတာ သတ်မှတ်ဖို့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဗျူရိုအနေနဲ့ အကြံပြုခဲ့သလား ဆိုတာပါ။”
ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကတော့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်လို့ အရင်နှစ်က အထက်လွှတ်တော် ကြားနာပွဲမှာ သူကိုယ်တိုင်ထွက်ဆိုခဲ့တာတွေကို ပြန်လည်ညွန်းဆိုပြီး အဲဒီအချိန်က လွှတ်တော်အမတ်တွေအနေနဲ့ ethnic cleansing လို့ သတ်မှတ်ကြေညာဖို့ အမေရိကန်အစိုးရကို ဖိအားပေးခဲ့သလို၊ အခုလို genocide လို့ သတ်မှတ်ဖို့ ဖိအားပေးရာမှာ သူပြောနိုင်တဲ့ ဘောင်ထဲကနေ အခုလို တုန့်ပြန်ပြောဆိုသွားပါတယ်။
“လွှတ်တော်အမတ်တွေ သတ်မှတ်တဲ့ genocide ဆိုတာကို ကျနော်တို့ အပြည့်အ၀ ထောက်ခံတယ်ဆိုတာ အရှေ့တောင်အာရှဆိုင်ရာ ဗျူရိုအပါအဝင် ကျနော်ယူထားတဲ့ တာဝန်အရ ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း အခုချိန်မှာ ဘာမှ တရားဝင်ဆုံးဖြတ်မကြေညာရသေးတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်လို့ လူကြီးမင်းအနေနဲ့ ကျနော့်အပေါ်မှာ မျှမျှတတမြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ crimes against humanity ဒါမှမဟုတ် genocide ဆိုတဲ့ ဥပဒေကြောင်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ ဌာနထဲမှာ ကျွမ်းကျင်သူတွေအများကြီးရှိနေပြီး ဒီအတွက်လည်း ရရှိထားတဲ့ အချက်အလက်တွေနဲ့ သုံးသပ်နေပါတယ်။”
ဒါအပြင် လွှတ်တော်အမတ် Rubio ပြောတဲ့ ပထဝီနိုင်ငံရေးအနေအထားကို အမေရိကန်အစိုးရဘက်က အလေးထားနေကြောင်းလည်း Mr. Murphy က အခုလို ဝန်ခံပြောဆိုခဲ့ပါတယ်။
“လွှတ်တော်အမတ် Rubio ပြောတာ မှန်ပါတယ်။ ကျနော်တို့အနေနဲ့ တင်းမာတဲ့ သဘောထား မရှိချင်ပါဘူး။ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သတင်းအချက်အလက်အားလုံးကို နားထောင်ဖို့ နဲ့ လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ရနိုင်သမျှအချက်အလက်တွေကို ကျနော်တို့ ဆက်ပြီး စုဆောင်းမှာဖြစ်ပါတယ်။ တဖက်မှာလည်း လူကြီးမင်းတို့သိစေချင်တာက ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေ သွားရောက်ခွင့် အကြီးအကျယ် ကန့်သတ်ထားတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့တော့ အဲဒီကို သွားခွင့်ရဖို့ ဖိအားပေးနေပါတယ်။ ရနိုင်သမျှအချက်အလက်တွေကိုလည်း စုဆောင်းပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ထားတဲ့ ethnic cleansing ဆိုတာဟာလည်း တကယ့်ကို လေးနက်ကြောင်းနဲ့ရခိုင်ပြည်နယ်မှာ ညှမ်းပန်းနှိပ်စက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သူတို့အနေနဲ့ အချက်အလက်တွေ ရရှိထားပါကြောင်း Patrick Murphy ကပြောပါတယ်။
အရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Rex Tillerson လက်ထက် ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ အချက်အလက်တွေအရ ethnic cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျုးလွန်ရာရောက်ကြောင်း ထင်ရှားနေတယ်လို့ တရားဝင် သတ်မှတ်ကြေညာခဲ့တာပါ။
Your browser doesn’t support HTML5