မြစ်ဆုံဒေသ ငလျင်အန္တရာယ်

Lokasi proyek bendungan Myitsone di sungai Irrawaddy di negara bagian Kachin, Birma utara (foto: dok). Pemerintah Birma membatalkan proyek yang dibiayai Tiongkok, karena alasan lingkungan dan merugikan etnis minoritas Kachin yang tinggal di daerah ini.

ငလျင်ပြင်းထန်အား မာကယ်လီစကေး (၈) ကနေ (၉) အတွင်းမှာရှိတဲ့ အပျက်အစီးများတဲ့ ငလျင်ဇုံအမှတ် (၄) ထဲမှာ ကျနေတဲ့ မြစ်ဆုံဒေသမှာ ကြီးမားတဲ့ ဆည်တမံကြီးတွေ တည်ဆောက်မယ်ဆိုရင် အန္တရာယ် အတိုင်းအတာကို ဘယ်လို တွက်လို့ရတယ် ဆိုတာ မြန်မာနိုင်ငံ မြေငလျင်ကော်မတီက အတွင်းရေးမှုး ဦးစိုးသူရထွန်းကို မေးမြန်းပြီး တင်ပြပေးပါရစေ

မာကယ်လီစကေး လို့ခေါ်တဲ့ လူတွေခံစားရတဲ့ ပမာဏနဲ့ တိုင်းတာပြီးတွက်ချက်ထားတဲ့ ငလျင်ပြင်းအား (၈) ကနေ (၉) အတွင်း ကျနေတဲ့ မြစ်ဆုံဒေသမှာ တရုတ်ကုမဏီကနေ ဆောက်လုပ်မယ့် ဆည်တမံကြီးတွေ အတွက် အန္တရာယ် အတိုင်းအတာကို တွက်ချက် မယ်ဆိုရင် ပထမဆုံး ဆည်တည်ဆောက်မယ့် အင်ဂျင်နီယာ ဒီဇိုင်းကို စစ်ဆေးဖို့ လိုပါတယ်။

“ အန္တရာယ်အတိုင်းအတာ တွက်မယ်ဆိုရင် အများကြီးပေါ့ အဲဒီပမာဏနဲ့ လှုပ်လာမယ်ဆိုရင် ဒီဟာ ခံနိုင်ရည် ရှိလား မရှိလားဆိုတာ သူ့ရဲ့ မူရင်း အင်ဂျင်နီယာ ဒီဇိုင်းကို ပထမဆုံး စဉ်းစားရ ပါမယ်။ အဲဒီ ဒီဇိုင်းဟာ ခံနိုင်ရည် ရှိမရှိကို ကျွန်တော်တို့က အရင်ဆုံးတွက်ပြီး စစ်ရပါတယ်။ သူ သုံးထားတဲ့ အဆောက်အအုံရဲ့ ပုံစံ၊ သူ့ကို ကျွန်တော်တို့က အဖြောင့်အတိုင်း မျဉ်းဖြောင့် အတိုင်း ထားပြီး ဆောက်မှာလား၊ ဒါမှမဟုတ် တချို့နိုင်ငံတွေက ဆည်တွေမှာ ရှိသလို အကွေးပုံစံလား။ အကွေးတွေရဲ့ သဘောက ပိုခံနိုင်ရည်ရှိတယ်။ အဲဒီတော့ အကွေးဒီဇိုင်း ဆောက်မှာလား၊ နောက် အောက်ခြေရဲ့ အကျယ်နဲ့ အပေါ်ကိုရှုးသွားတဲ့ ပမာဏက ဘယ်လောက်ရှိမှာလဲ၊ ဆိုတာလိုမျိုး စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ ဘေးအန္တရာယ် ရှုဒေါင့်ကကြည့်ရင် ဒါကို ဒီဇိုင်းက ခံနိုင်တယ် ဆိုရင်တော့ တိုက်ရိုက်ကြီး အန္တရာယ်ကြီး မရှိဘူးပေါ့”

တိုက်ရိုက်အန္တရာယ် မရှိစေတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတာမျိုး မဟုတ်ပဲ တည်ဆောက်မယ့် ဆည်ရဲ့ အင်ဂျင်နီယာ ဒီဇိုင်းက တကယ်လို့ ခံနိုင်ရည် မရှိဘူးဆိုရင် တွေ့လာနိုင်တဲ့ ဆိုးကျိုးတွေကို ကြည့်ရအောင်ပါ။

“ခံနိုင်ရည် မရှိပဲနဲ့ တခုခု ထိခိုက်သွားမယ် ဆိုရင်တော့ ဒီနေရာက ဘေးအန္တရာယ် အင်မတန် ကြီးတဲ့နေရာပါ။ ဆိုလိုတာက မြစ်ကြီးနားဆိုတဲ့ မြို့ကလည်း ပင်လယ်ရေပြင်အထက် အမြင့်ပေက အတော်ကြီးကိုနဲပါတယ်။ အကြမ်းဖျင်း ဆိုရင် မီတာ ၂၀၀နဲ့ ၂၂၀ လောက် အတွင်းမှာ ပဲရှိတယ်။ Altitude က။ ဆိုတော့ သူ့အထက် မီတာ ၂၀၀ လောက်ကနေ ဆင်းလာမယ့် ရေက ဒီနေရာကို အတော်လေးကို အင်အားကြီးကြီးနဲ့ ကျလာ နိုင်တယ်။ သူက။ ဒါကဘေးအန္တရာယ် ရှုဒေါင့်ကနေ ပြောတာပေါ့။

ခြုံကြည့် ရင်တော့ အကြမ်းဖျင်းတော့ ၂၈မိုင်လောက် ဝေးတယ်ပေါ့လေ။ ဒါပေမယ့် ရေထုရဲ့ အမြင့် ပမာဏနဲ့ ဆည်ရဲ့ ရေလှောင်အား ဘယ်လောက်အထိ လှောင်ထားမယ်ပေါ့။ အနိမ့်ဆုံးအခြေနေမှာ ဘယ်လောက်။ အမြင့်ဆုံး အခြေနေမှာ ဘယ်လောက် ဆိုတဲ့ အပေါ်မှာ တည်ပြီးတော့ တော့ ခြားနားမှုတွေ ရှိနိုင်ပါတယ်။ ယျေဘူယျ အားဖြင့်ပြောရင်တော့ ဒီလောက်မြင့်တဲ့ အမြင့် ကနေ elevation difference ပေါ့။ မြို့နဲ့ ဆည်ရဲ့ အနိမ့်အမြင့် ကွာခြားမှုက မီတာ ၂၅၀ ဆိုတာ ပေ ၇၀၀ ကနေ ၈၀၀ပေါ့ အဲဒီလောက် အမြင့်ကြီး ကွာနေတဲ့ အတွက်ကြောင့် ဒီရေထုထည်ကြီးက မြို့ကို အများကြီး ထိခိုက်ဖို့ ရှိပါတယ်”

ငလျင်ဇုံ ထဲက အထိခိုက်များတဲ့ နံပါတ် (၄)ဇုံ ထဲမှာ ရောက်နေတဲ့ ဒီနေရာမှာ စစ်ကိုင်း ပြတ်ရွေ့ရဲ့ အကျိုးသက်ရောက်မှုကရော ဘယ်လိုရှိပါသလဲ

“စစ်ကိုင်းပြတ်ရွေ့ရဲ့ အကျိုးသက်ရောက်တာကို ကြည့်ရင်တော့ ၂မျိုးပေါ့။ ပထမ တခုက ငလျင်ပေါ့ ငလျင် ပမာဏအရ သူက ထွက်လာတဲ့ ငလျင်လှိုင်း အရှိန်ကနေ သူက တိုက်ရိုက်ပဲ အင်ဂျင်နီယာ အဆောက်အအုံ engineering structure ကို ထိခိုက်စေပါတယ်။

နောက်တပိုင်းက ကျတော့ ပြတ်ရွေ့ တလျှောက်မှာ ငလျင်တခု လှုပ်ပြီဆိုတာနဲ့ ဒီပြတ်ရွေ့ က ဒီအတိုင်း မြေမျက်နှာပြင် တလျှောက်မှာ ရှိမနေဘူး။ သူက ဘေးတိုက် rupture ပေါ့။ ရွေ့ပြတ်သွား တဲ့ ပုံစံရှိပါတယ်။ အမြဲတမ်းပဲပေါ့။ ပြီးခဲ့တဲ့ တာချီလိတ်တုန်းက ကျွန်တော်တို့ ကွင်းဆင်းပြီး လေ့လာခဲ့ ပါတယ်။ ဒီလို အလျားလိုက် ပြတ်ရွေ့တခုမှာ ငလျင်လှုပ်ပြီ ဆိုရင် သူက တော်တော်ကြီးကို ကွာကွာ ဝေးဝေး ဘေးတိုက်ရွေ့ သွားတာတွေ ရှိပါတယ်။ အဲတော့ အဲဒီလို ဘေးတိုက်ရွေ့သွားမှုကိုလည်း ဒီနေရာမှာ ခံရမယ်ပေါ့။

ဆိုတော့ စစ်ကိုင်းပြတ်ရွေ့နဲ့ နီးတဲ့ အတွက်ကြောင့် ငလျင်လှိုင်းဒဏ်ကို တိုက်ရိုက်ခံရနိုင် သလို ဘေးတိုက် ရွေ့ပြတ်မှုကိုလည်း ခံရတဲ့အခါ structure ဖြစ်တဲ့ ဆည်က ဆည်ဘောင် အတိုင်းကို off set လို့ခေါ်တဲ့ အံလွဲသွားတာ မျိုးတွေ တိုက်ရိုက်ဖြစ်နိုင်ပါတယ်”

ဒီဒေသမှာ စစ်ကိုင်းပြတ်ရွေ့အပြင် တခြားပြတ်ရွေ့တွေလည်း ရှိနေပါတယ်။ ဒီပြတ်ရွေ့တွေရဲ့ သက်ရောက်မှု အနေထားကရော ဘယ်လို ရှိပါသလဲ

“စစ်ကိုင်း ပြတ်ရွေ့က မလိခမြစ်ရဲ အနောက်ဖက်ခြမ်းမှာ ရှိတာပေါ့။ သူ့အရှေ့ဘက်က မေခမြစ် တလျောက် မှာလည်း ချီဗွေလောက်ကနေ သူ့အထက် တရုတ်ပြည်ထဲ အထိ သွားတဲ့ တခြားလှုပ်ရှားတဲ့ ပြတ်ရွေ့တခု ရှိသေးတယ် ခင်ဗျ။ အဲဒါကလည်း ပြတ်ရွေ့ အနေနဲ့က စစ်ကိုင်း ပြတ်ရွေ့လောက် လှုပ်ရှားမှုနံှူးမမြန်တဲ့ အတွက်ကြောင့် သိပ်ပေါ်လွင်ထင်ရှားမှု မရှိပေမယ့် သူက လှုပ်ရှားတဲ့ ပြတ်ရွေ့တခုဖြစ်နေတယ်ဆိုတာ သေချာတယ်။

သူကလည်း ငလျင်ပမာဏက ၆အထက် ကြီးနိုင်တဲ့ ပမာဏနဲ့ လှုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိထားရပါတယ်တယ်။ ဆိုတော့ ဒီနားမှာက ငလျင်ရှုဒေါင့် ကနေ ကြည့်မယ်ဆိုရင် ဒီမြစ်ဆုံတဲ့တဲ့ မှာတော့ မဟုတ်ဖူးပေါ့။ အခုလောလောဆည် ဖြစ်နေတဲ့ ချီဗွေ ရေကာတာတို့လို အရှေ့ဘက်က မေခမြစ်တလျှောက်မှာ လည်း ငလျင်ဖြစ်နိုင်ချေတွေဟာ အစဉ်မပြတ် ရှိနေပါတယ်။ ဒါကြောင့် သူ့မှာလည်း သိထားသင့်တဲ့ အပိုင်းတွေ ရှိနေပါတယ်”

ဒီမြစ်ဆုံဒေသမှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ရေကာတာက ရခု ရှိပါတယ်။ အမြင့်ပေ ၅၀၀ အကျယ်ပေ ၅၀၀ လောက်ရှိမယ့် မြစ်ဆုံရေကာတာ အပြင် မလိခ ပေါ်မှာ လိုင်ဇာနဲ့ မေခပေါ်မှာ တော့ ချီဗွေ အပါအဝင် ၅ခု ရှိပါတယ်။ တရုတ် မြန်မာနယ်ခြားမျဉ်းနဲ့ အပြိုင်နီးပါး ရှိနေတဲ့ မေခမြစ်ပေါ်မှာ ဆောက်မယ့် ၅ခုထဲက ပထမနဲ့ ဒုတိယဆည်အကွာဝေးက မိုင် ၅၀ကျော်ကွာပြီး ကျန်ဆည်တခုနဲ့ တခု အကွာအဝေးဟာ ၁၂မိုင်ကနေ ၃၃မိုင်လောက် အကွာ အတွင်းမှာရှိနေပါတယ်။ ဒီမြစ်ဆုံဒေသက ရေကာတာ တွေ အားလုံးဟာ ဒီမြေထု လှုပ်ရှားမှု ရှိတဲ့ ဝန်းကျင်မှာ ကျရောက်နေတာမို့ ဒီအန္တရာယ်ကို တွက်ပြတဲ့ လေ့လာမှုတွေ လုံလုံ လောက်လောက် ရှိနေပါပြီလား

“သူတို့ဘက်က ဘယ်လောက်ထိလေ့လာထားလဲ ဆိုတာ ကျွန်တော်တို့ ဒီကနေ့ထိ အမှန်ပြောရရင် မသိသေးဘူးခင်ဗျ။ ကျွန်တော်တို့ ဘက်ကတော့ ဒီ့အရင်ကလည်း စစ်ကိုင်းပြတ်ရွေ့ တောက်လျှောက်ကို လေ့လာခဲ့တာ ကျွန်တော်တို့ တဖွဲ့ထဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ကော၊ မြန်မာ့ ရေနံနဲ့ တွဲပြီးတော့ ကျွန်တော် တို့နဲ့ ပြင်သစ်က အီးအိုင်အက်ဖ် လို့ခေါ်တဲ့ တက္ကသိုလ် ကနေပြီးတော့ ပူးပေါင်း လေ့လာ ခဲ့တာ ကလည်း ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၅နှစ် အတွင်းမှာ တောက်လျှောက်လေ့လာ ခဲ့ပါတယ်။

ဆိုတော့ အဲဒီ မြစ်ကြီးနား မြောက်ဖက် ပူတာအိုနီးနားမှာလည်း လွန်ခဲ့တဲ့ ၃နှစ်လောက်မှာ ကိုပဲ တောက်လျှောက် GPS စံနစ်တွေပေါ့လေ၊ တပ်ဆင်ပြီးတော့ လိုက်လေ့လာတဲ့ အခါမှာ ဒီ စစ်ကိုင်းပြတ်ရွေ့ ရဲ့ လှုပ်ရှားမှု အချက်အလက်တွေကို ရပါတယ်။ ဆိုလိုတာက ဒီပြတ်ရွေ့ကြီးတွေက အစဉ်မပြတ် ဆက်လက် လှုပ်ရှားနေတယ်။ နောက်တခါ ငလျင်လည်းဖြစ်လာနိုင်တယ် ဆိုတာကို ကျွန်တော်တို့ သိထားပြီးသား ဖြစ်နေပါတယ်။

ဒီနေရာမှာ တည်ဆောက်မယ်ဆိုရင် တည်ဆောက်တဲ့ သူအနေနဲ့ ပြည်တွင်းပညာရှင်တွေ လုပ်ခဲ့တာတွေ အပေါ်မှာလည်း သူတို့ဘက်က အလေးအနက်ထား ပြီးတော့ စဉ်းစား စေချင်တယ်။ နောက်တခါ ဒါတွေက ဒေသတခုလုံးက လူတွေရဲ့ အသက်အိုးအိမ် အတွက်ပဲ လေ့လာခဲ့တာဖြစ်ပြီးတော့ ဒီလို ဆည်တခု၊ အင်ဂျင်နီယာ အဆောက်အအုံတခု အတွက် အသေးစိတ် လေ့လာခဲ့တာ မဟုတ်တော့၊ အဲဒီလို ဆောက်မယ် ဆိုရင် သေချာ အသေးစိတ် လေ့လာ မှုတွေ လုပ်သင့်တယ်ပေါ့။

အကယ်လို့ သူတို့က ချည်းပဲ လုပ်မယ် ဆိုရင်လည်း လုပ်ထား တာတွေကို ကျွန်တော်တို့ တွေကိုရော၊ အများပြည်သူကိုရော သိသာအောင်လည်း ပြန်ပြီးတော့ ရှင်းပြသင့်တယ်ပေါ့ ဒါမှသာလျင် သိရှိထားတဲ့ ပညာရှင်တွေ၊ ကျွန်တော်တို့ အပြင်တခြားလူတွေ ရောပေါ့ ဝိုင်းပြီးတော့ ဝေဘန်နိုင်မယ့် အကြံပေးနိုင်မယ်၊ ဒါကို ချပြပြီးတော့ စံနစ်တကျ စဉ်းစား လေ့လာ တွက်ချက် ပြီးတော့ ဆုံးဖြတ်စေချင်တယ်”

ဦးစိုးသူရထွန်းက ပြောသွားတာပါ။