မြန်မာစာပေလောကမှာ ထင်ရှားတဲ့ မြန်မာပြည်မြောက်ပိုင်း စာအုပ်နဲ့ မြန်မာဝတ္ထုအညွှန်း စာအုပ်တွေကို ရေးသားခဲ့သူ စာရေးဆရာ နတ်နွယ်ဟာ ဒီကနေ့မနက် ၁၁ နာရီခန့်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာနတ်နွယ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ကလောင်ခွဲ ၁၄ ခုလောက်နဲ့ စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားခဲ့ပါတယ်။ ဆရာနတ်နွယ်ရဲ့ စာပေဖြတ်သန်းမှုနဲ့ သူ့ဘဝအကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဆရာနတ်နွယ်ဟာ မြန်မာစာပေလောကမှာ ပင်ကိုယ်ရေး၊ ဘာသာပြန်၊ အမှီး၊ ခရီးသွားဆောင်းပါး၊ ရုပ်ပုံလွှာအဖွဲ့နဲ့ ဝေဖန်ရေးဆောင်းပါး စတဲ့ စာပေပုံသဏ္ဌာန် မျိုးစုံကို ကလောင်ခွဲ အမည် ၁၄ ခုလောက်နဲ့ ရေးသားခဲ့သူဖြစ်ပြီး မိုးဝေနဲ့ နွယ်နီဆိုတဲ့ မဂ္ဂဇင်းတွေကိုလည်း ဦးဆောင် ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။
ဒီကနေ့ ဆရာနတ်နွယ် ကွယ်လွန်သွားတဲ့ အကြောင်းကိုတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် တဦးဖြစ်သူ ကဗျာဆရာ မောင်သွေးသစ်က အခုလို ပြောပါတယ်။
“ဒီနေ့ ၁၁ နာရီ ပတ်ဝန်းကျင်မှာ ဆုံးပါတယ်။ လူကြီးရောဂါပါပဲ ခင်ဗျ။ အသက် ၇၈ နှစ်ပေါ့။”
ဆရာနတ်နွယ်ဟာ ကျန်းမာရေး မကောင်းတာကြောင့် စာပေလုပ်ငန်းတွေကနေ အနားယူနေခဲ့တာ ၃ နှစ်လောက် ရှိပြီ ဖြစ်ပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာတော့ လေဖြတ်တာနဲ့ နှလုံးရောဂါ စတာတွေ ခံစားခဲ့ရပြီး မတ်လအတွင်းမှာတော့ ကျန်းမာရေး အခြေအနေ ပိုဆိုးလာခဲ့တာ ဖြစ်ပါတယ်။
ဆရာနတ်နွယ်ဟာ သူ မကွယ်လွန်မီမှာ စာအုပ်ပေါင်း ၁၂၀ လောက် ရေးသားပြုစုခဲ့ပါတယ်။ ဒီစာအုပ်တွေထဲက ထင်ရှားတဲ့ စာအုပ်အမည်တွေကိုတော့ ကဗျာဆရာ မောင်သွေးသစ်က အခုလို ပြောပြပါတယ်။
“မြန်မာစာပေ လောကအတွက် တကယ် တန်ဖိုးရှိတဲ့ မြန်မာစာပေ အဘိဓာန်တို့၊ မြန်မာဝတ္ထုအညွှန်းတို့ ရေးသွားတာကတော့ ဆရာမင်းကျော်နဲ့ တွဲပြီး မလိခဆိုတဲ့ ကလောင်အမည်ကို သုံးပြီးတော့ ထုတ်သွားတာတွေလည်း ရှိပါတယ်။ မြန်မာ့ဂန္ထဝင်ဝတ္ထု စာရင်းထဲမှာတော့ မြန်မာပြည်မြောက်ပိုင်း အတွဲ ၁၊ ၂ ပေါ့၊ အဲဒါကတော့ ဆရာနတ်နွယ်ရဲ့ အထူးချွန်ဆုံးနဲ့ မြန်မာစာပေ သမိုင်းမှာ အထင်ရှားဆုံး ပင်ကိုယ်ရေး ဝတ္ထုကြီးပါပဲ၊ ကချင်ပြည်နယ် နောက်ခံပေါ့။ အဲဒီဝတ္ထုကြီးကတော့ ၃ အုပ်ရေးဖို့ သူ ကြိုးစားနေဆဲ ကာလမှာပဲ ကွယ်လွန်သွားရှာတာပါပဲ။”
ဆရာနတ်နွယ်ဟာ ၁၉၇၀ ဝန်းကျင်မှာ မိုးေ၀ စာပေမဂ္ဂဇင်းကို တည်ထောင် ထုတ်ဝေခဲ့ပြီး မြန်မာ ခေတ်ပေါ်ကဗျာ ပုံစံသစ်ဖြစ်တဲ့ မိုးေ၀ ကဗျာခေတ်ကိုလည်း ထူထောင်ခဲ့သူ ဖြစ်ပါတယ်။
ဆရာနတ်နွယ်ဟာ ကာရာမာဇော့ ညီအကိုများ စာအုပ်နဲ့ ၂၀၀၂ ခုနှစ်မှာ အမျိုးသားစာပေ ဘာသာပြန်ဆု ရခဲ့ပါတယ်။ ဆရာနတ်နွယ်ရဲ့ ထင်ရှားတဲ့ စာအုပ်တွေထဲမှာတော့ အပြာ အဝါ၊ တကွေ့ကွေ့တော့ တွေ့ကြဦးမည်၊ မိုဗီဒစ်၊ ရောမမြို့က မိန်းမပျက်၊ သီတာခုနှစ်တန် တောင်စဉ်ခုနှစ်ထပ်၊ မိမိနှင့် စာရေးဆရာများ၊ နွယ်နီ နိုင်ငံတကာ အဘိဓာန်၊ ကမ္ဘာ့ဝတ္ထုအညွှန်းနဲ့ ဂျက်လန်ဒန် ဝတ္ထုတိုများ စတာတွေ ပါဝင်တယ်လို့ ဆိုကြပါတယ်။
အမည်ရင်း ဦးလှမြင့်ဖြစ်တဲ့ ဆရာနတ်နွယ်ဟာ ၁၉၅၀ ခုနှစ်က စာပေလောကကို ဝင်ရောက်လာခဲ့ပြီး အယ်ဒီတာ၊ အယ်ဒီတာချုပ်၊ ဘာသာပြန် အယ်ဒီတာ စတဲ့ တာဝန်တွေကို စုံထောက်၊ မိုးဝေ၊ အမျိုးသား သတင်းစာနဲ့ နွယ်နီ မဂ္ဂဇင်းတွေမှာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ ကွယ်လွန်ချိန်မှာတော့ သားတယောက် ကျန်ရစ်ခဲ့ပါတယ်။