တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံလိုက်ရတဲ့ ဆော်ဒီသတင်းထောက် Jamal Khashoggi ရဲ့ အလောင်းကို ဖျောက်ဖျက်ပစ်တဲ့နေရာနဲ့ အဲဒီလို ဖျောက်ဖျက်တဲ့နေရာမှာ ပူးပေါင်းကြံစည်ခဲ့တဲ့ သူတွေ ဘယ်သူဘယ်ဝါလဲဆိုတာကို ထုတ်ပြော ဖို့တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ သတင်းထောက် ကာရှိုဂီ အသတ်ခံရတဲ့ သက်သေအထောက်အထားတွေ ပိုရထားပြီလို့ သမ္မတ အာဒိုဝမ်က လွတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အစိုးရရှေ့နေချုပ်က Istanbul ကိုလာမယ့် တနင်္ဂနွေနေ့မှာ လာရောက်မှာဖြစ်သလို သတင်းထောက် ကာရှိုဂီအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေအတွက် တူရကီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့လည်း သမ္မတ အာဒိုဝမ်က ပြောပါတယ်။ တူရကီနိုင်ငံက ပေးပို့ခဲ့တဲ့ သက်သေတွေအရ သတင်းစာဆရာ ကာရှိုဂီကို ကြိုတင်ကြံစည်ပြီးသတ်ဖြတ်ခဲ့တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ ဆော်ဒီဘက်က ကြေငြာချက်ထုတ်ပြီး ဝန်ခံပြောဆိုခဲ့တာပါ။ ဒီလိုသတ်ဖြတ်ဖို့ ဘယ်သူက ကြိုတင်ကြံစည်ခဲ့သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ သံသယရှိသူတွေကို တရားရင်ဆိုင်နိုင်အောင် ဆက်ပြီးစုံစမ်းနေတယ်လို့ ဆော်ဒီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူ ၅ ဦးကို ဆော်ဒီအစိုးရက အလုပ်ကထုတ်ပယ်ခဲ့သလို လူ၁၈ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။
Your browser doesn’t support HTML5