ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ဆဲ - နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ

Yohei Sasawaka သတင်းစာရှင်းလင်းပွဲ (နိုဝင်ဘာ ၁၈၊ ၂၀၂၁/ဗွီအိုအေ မြန်မာပိုင်း)

{{Zawgyi/Unicode}}

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံ မှာရောက်နေတဲ့ Nippon Foundation ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကပြောပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွင်း မတူကွဲပြားတဲ့ အမြင်သဘောထားရှိတဲ့ လူပုဂ္ဂိုလ်အများအပြားနဲ့ တွေ့ဆုံခဲ့တယ်လို့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားပေမဲ့ ဘာတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ ရခိုင်ပြည်နယ်ကဒုက္ခသည်စခန်းတွေမှာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တာကြောင့် Nippon Foundation က ဆက်လက်ကူညီသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ကိုယ်တိုင် သတင်းစာရှင်းပွဲ တက်ရောက်ခဲ့တဲ့ ကိုစည်သူက တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Nippon Foundation ဥက္ကဌ မစ္စတာ ဆာဆာကာဝါက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြောင်း ရန်ကုန်မြို့မှာ ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းပြောဆိုသွားခဲ့တာပါ။

"ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ကျနော် တွေ့ဆုံခဲ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရတနာတပါးလို အရမ်းကို အမြတ် တနိုး တန်ဖိုးထားတဲ့ ဂျပန်ဓါးကို ကျနော့်ကိုပေးပြီးတော့မှ ဒီဓါးက သံချေးတက်နေတဲ့အတွက်ကြောင့်မို့လို့ ပြင်ဆင်ပေးပါ” ဆိုပြီး တောင်းဆိုလာတဲ့အတွက်ကြောင့်မို့လို့ အဲဒီ ဂျပန်ဓါးကို ဂျပန်ပြည်ပြန်သယ် သွားပြီးတော့မှ ဓါးပြင်ဆင်တာတွေ၊ ပြန်သွေးတာတွေကျနော် လုပ်ခဲ့ပါတယ်။ ဒီဓါးသွေးတာဆိုလို့ရှိရင် ၈ လလောက် အချိန်ယူခဲ့ရပါတယ်။ အခု ဒီဓါးလည်း ပြုပြင်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ပေးအပ်နိုင်မယ့်ရက်ကို မျှော်လင့်လျှက်ရှိပါတယ်။”

သူ့ခရီးစဉ်အတွင်း ကဏ္ဍစုံကပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကွဲပြားတဲ့ အမြင်သဘောထားတွေကို နားထောင် ခဲ့ရတယ်လို့ မစ္စတာဆာဆာကာဝါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခု ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခဲ့တာအပြင် ပြည်ထဲရေး၊ နိုင်ငံခြားရေး စတဲ့ စစ်ကောင်စီဝန်ကြီးဌာန ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ခရီးစဉ်အတွင်း ရခိုင်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း တိုင်းမှူးတို့နဲ့ပါတွေ့ဆုံခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် နကစအကြံပေး ဒေါ်ယဉ်ယဉ်နွယ်၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးအောင်မင်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေထဲကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီ ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရခိုင်အမျိုးသားပါတီ ANP တို့အပြင် ပါတီတချို့နဲ့တွေ့ဆုံခဲ့ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ NLD ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တာကို မစ္စတာဆာဆာကာဝါက ထုတ်ပြောခဲ့ပေမယ့် တွေ့ဆုံခဲ့သူအမည်နဲ့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

“ကျနော်ဟာဆိုလို့ရှိရင် ရလဒ်အဖြေ ထွက်ပြီးသား အကြောင်းအရာတွေဆိုလို့ရှိရင် ရှင်းပြ ပြောပြလေ့ရှိပါတယ်။ သို့သော်လည်း ပြုလုပ်နေဆဲ အချိန်ကာလမှာ ကျနော်တို့ ဘာတွေ ပြောခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှ ကျနော် ပြောလေ့ပြောထ မရှိပါဘူး။ ရေငုံနှုတ်ပိတ်နေတဲ့ သံတမန်ဆက်ဆံရေးကို ပြုလုပ်လာတာဟာ ကျနော့်ရဲ့အခြေခံမူဝါဒဖြစ်ပါတယ်။ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့တွေ့ဆုံခဲ့သလဲဆိုတဲ့ နာမည်ကိုတော့ ကျနော် ပြောပြလို့မဖြစ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ သမ္မတဟောင်း ဦးထင်ကျော် ရဲ့ဇနီးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။

Nippon foundation ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ မစ္စတာဆာဆာကာဝါဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ်က ရခိုင်နဲ့ မွတ်ဆလင်ဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ ရခိုင် ပြည်နယ်မှာ အပစ်အခတ်ရပ်စဲနေလို့ ငြိမ်းချမ်းနေပေမယ့် IDP စခန်းတွေမှာတော့ အကူအညီတွေ လိုအပ်နေ ဆဲပဲလို့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

“တပ်မတော်နဲ့ ရခိုင့်တပ်မတော်ကြား အပစ်အခတ်ရပ်စဲမှုပြုလုပ်တာဆိုလို့ရှိရင် အခုချိန်ခါမှာ တနှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အင်မတန်ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့သော်ငြားလည်းပဲကျနော့်ရဲ့အနည်းငယ်မျှသောအင်အားနဲ့ အပစ်အခတ်ရပ်စဲမှုတွေအထမြောက်အောင် ကျနော့်အနေနဲ့ ဝင်ရောက်ဆောင်ရွက်ခွင့်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ အခု လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ဒီ ငြိမ်းချမ်းတဲ့အခြေအနေတွေကို ကျနော်ကိုယ်တိုင် လက်တွေ့ လာရောက်ကြည့်ရှုတဲ့အချိန်မှာ ငြိမ်းချမ်းတဲ့အနေအထားရှိတယ်ဆိုတာကို ကျနော် တွေ့ရှိခဲ့ရပါတယ်။ သို့သော်လည်း ဒိထက်ငြိမ်းချမ်းချင်သော်ငြားလည်းပဲ ရခိုင်မှာရှိတဲ့ IDP camp ကိုသွားပြီးတော့ လေ့လာခဲ့တဲ့အချိန်မှာ၆ နှစ်တုန်းက ကျနော် တွေ့ကြုံခံစားခဲ့ရတဲ့အတိုင်းပဲ IDP စခန်းမှာ ဆိုလို့ရှိရင်လည်း ၆ နှစ် ဝန်းကျင်မှာရှိတဲ့ခလေးတွေဟာဆိုလို့ရှိရင် အင်မတန်ဆိုးဝါးတဲ့ပတ်ဝန်းကျင်အခြေအနေမှာ နေထိုင်လျှက် ရှိနေတယ်ဆိုတာကို ကျနော် တွေ့ရှိရတဲ့အတွက် အင်မတန်ကို ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ IDP တွေတင်မက ဆင်းရဲဒုက္ခနဲ့တွေ့ကြုံခံစားနေကြရတဲ့ လူတွေအတွက် ကျနော်ဟာဆိုလို့ရှိရင် လူသားချင်းစာနာမှုကူညီထောက်ပံ့မှုတွေကို ပိုမိုပြီးတော့မှ လုပ်ဆောင်သွားရမယ်လို့ ကျနော့်ကိုယ်ကျနော်လည်း ဆုံးဖြတ်ချက် ချမှတ်မိပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးအရေအတွက် အနည်းဆုံး ၁ သန်းကို ပေးလှူဖို့ ရှိသလို ကချင်၊ ကရင်နဲ့ ရခိုင်ဒေသတွေက ဒုက္ခသည်စခန်းတွေအပါအဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကို Nippon Foundation ကနေ တိုက်ရိုက် လှူဒါန်းပေးသွား မယ်လို့ Nippon Foundation ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ဒီကနေ့ အသိပေးကြေညာပါတယ်။ လူသားချင်းစာနာမှုအကူအညီအတွက် Nippon Foundation က မြန်မာနိုင်ငံကို ကူညီပေးနေတာလို့ ဒီကနေ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားပါတယ်။

Nippon Foundation ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ သွားရောက်တာ မဟုတ်ဘူးလို့ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ပြောကြားထားပါတယ်။

သူ့ရဲ့ခရီးစဉ် ဘယ်တော့အဆုံးသတ်မယ်ဆိုတာကို မစ္စတာဆာဆာကာဝါက ဒီကနေ့အတိအကျ ပြောမသွားပါဘူး။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ဆဲ - နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ


=========

{{Unicode}}














သူ့ရဲ့ခရီးစဉျ ဘယျတော့အဆုံးသတျမယျဆိုတာကို မစ်စတာဆာဆာကာဝါက ဒီကနေ့အတိအကြ ပွောမသှားပါဘူး။


=========