မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားပြီး သြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထား လိုက်နာ ဆောင်ရွက်ကြဖို့ သတိပေးထားပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံပိုင် ဘဏ်ကြီး ၂ ခု အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုရဲ့ သက်ရောက်မှု အတိုင်းအတာကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
"သင်္ဘောကုမ္ပဏီအလိုက် ကွဲပြားမှုတော့ရှိတယ်။ တချို့ကုမ္ပဏီဆိုရင် ဧရာဝတီဘဏ်၊ UAB ဘဏ်၊ တချို့ဆိုလည်း KBZ ဘဏ်ပါနော် ၊ CB အစရှိသဖြင့် ကုမ္ပဏီအလိုက် သူတို့နဲ့ချိတ်ထားတဲ့ဘဏ်တွေအလိုက်ကွဲပြားမှုရှိတယ်။ သင်္ဘောသားတွေနဲ့ စာချုပ်ချုပ်တဲ့အခါမှာ သတ်မှတ်ချက်ကတော့ ကုမ္ပဏီတခုနဲ့တခုအကြားမှာ ကွာဟမှုရှိတယ်။ "
ပြည်ပ သင်္ဘောလိုင်းတွေမှာ နှစ်ချီ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဦးကျော်သူ ပြောပြခဲ့တာပါ။ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB ဟာဆိုရင် အရင်က နိုင်ငံခြား သင်္ဘောလိုင်းလိုက်သူတွေ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရတဲ့ မဖြစ်မနေ ဆက်စပ် အလုပ်လုပ်ကိုင်ရတဲ့ ဌာနတခုဖြစ်ပေမဲ့ အခု ခေတ်မှာတော့ ပြည်တွင်း ဘဏ်တွေ၊ နိုင်ငံတကာ ဘဏ်တွေနဲ့ ချိတ်ဆက် လုပ်ကိုင်လာတာကြောင့် ပြည်ပ သင်္ဘော အလုပ်အကိုင် လုပ်ကြသူတွေ အတွက် ဆက်စပ် ဆောင်ရွက်ရတာ လျော့နည်းသွားပြီလို့ ဗွီအိုအေကို ပြောပြခဲ့တာပါ။
အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တွေနဲ့ ချိတ်ဆက်အလုပ်လုပ်ကိုင်နေတာတွေကို သြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထား ရပ်ဆိုင်းဖို့ နဲ့ စောင့်ကြည့်သွားမယ့် အကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဘယ်လို အရေးယူ ဆောင်ရွက်လာနိုင်လဲ ဆိုတာကို အမေရိကန် အခြေစိုက် စီးပွါးရေး ပညာရှင် ဦးစိန်ဌေးက အခုလို ပြောပါတယ်။
"ဘဏ်စာရင်း clearance ခေါ်မှာပေါ့၊ MICB နဲ့ MFTB ဘဏ်နှစ်ခုနဲ့ deal လုပ်တဲ့ ဘဏ်တွေက သူတို့နဲ့စာရင်းရှင်းရမှာပေါ့။ စာရင်းအပိတ်အသွင်းတွေရှိတာကိုး။ အဲဒီအတွက် အချိန်ပေးထားတာ။ ပြီးခဲ့တဲ့ ၅ ရက်နေ့က ပြည့်သွားပြီ။ စပြီးဥပဒေသက်ရောက်ပြီပေါ့နော်။ သူတို့ထုတ်ပြန်တဲ့ဥပဒေအတိုင်း ဒီဘဏ်တွေက လိုက်နာပေးကြပါ။ "
မြန်မာစစ်တပ်အတွက် ပြည်ပကနေ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေးသုံးစွဲမှု အဆင်ပြေချောမွေ့အောင် လုပ်ပေးနေတဲ့ နေရာမှာ အရေးပါတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ MFTB နှင့် MICB တို့ကို အမေရိကန်က ဒဏ်ခတ် အရေးယူကြောင်း ဇူလိုင်လကုန်ပိုင်းက ကြေညာခဲ့တာပါ။ ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ လက်နက် အားကိုးနဲ့ လူထုကို ဖိနှိပ်နေတာလို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုလိုက်ပြီး ဒီအချက်ကို နိုင်ငံတကာက ကိုင်တွယ်ဆောင်ရွက်နိုင်တယ်လို့ သူက အခုလို ပြောပါတယ်။
"စစ်ကောင်စီအတွက် လက်နက်ရရှိရေးကန့်သတ်မှုတင်မဟုတ်ဘဲ သူတို့လက်နက်ဝယ်ယူရာမှာ သုံးစွဲနေတဲ့ ဘဏ္ဍာငွေကြေးရရှိမှုကို ထိန်းချုပ်ကန့်သတ်ခြင်းအားဖြင့် မြန်မာလူထုအပေါ်စစ်ကောင်စီရဲ့တိုက်ခိုက်နိုင်စွမ်းကျသွားအောင် နိုင်ငံတကာအနေနဲ့ လုပ်နိုင်တဲ့အခွင့်အလမ်းရှိတယ်။"
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ပြောပါတယ်။
နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ နောက်ပိုင်းမှာတော့ မြန်မာကျပ်ငွေ ဈေးကျမှုနဲ့ ကြုံနေရချိန်မှာဘဲ မြန်မာဘဏ်တွေနဲ့ ကုန်သည်တွေကို နိုင်ငံခြားငွေ အလွှဲအပြောင်းတွေကို ကန့်သတ်ရေး ဗဟိုဘဏ်က ညွှန်ကြားခဲ့ပါတယ်။ အခု နောက်ဆုံး မြန်မာနိုင်ငံပိုင် ဘဏ် ၂ ခု အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု နောက်ပိုင်းမှာတော့ စင်္ကာပူဘဏ်တခုကလည်း မြန်မာနဲ့ လုပ်ငန်းတချို့ ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ စီးပွားရေး ပညာရှင် ဦးစိန်ဌေးကတော့ ဒီအပေါ်မှာ အခုလို သုံးသပ်ပါတယ်။
"အမေရိကန်က ပိတ်ဆို့လိုက်ပြီဆိုရင် အဲဒီဘဏ် ၂ ခုနဲ့ ဆက်ဆံတဲ့ အခုစင်ကာပူဆိုပါစို့၊ UOB ဘဏ်က အဲဒီဘဏ် ၂ ခုနဲ့ အရင်တုန်းက ဘဏ်အကောင့်ဖွင့်ပြီးမှ dealing လုပ်တာကိုး transaction ခေါ်တာပေါ့။ ငွေအလွှဲအပြောင်းတွေလုပ်မယ်၊ ငွေလက်ခံမယ်။ ဘဏ်အကောင့်ဖွင့်ထားမယ်။ ဒီငွေကို ဘဏ်ကနေပြီးမှ service လုပ်ပေးတာ။ အဲ့ဒီတော့ သူ့ကို အမေရိကန်နိုင်ငံက ပိတ်လိုက်ပြီဆိုရင် ဒီဘဏ်နဲ့ဆက်ဆံရတဲ့ ဘဏ်တွေက ထိခိုက်သွားပြီ။ အနည်းဆုံးကတော့ နာမည်ပျက်သွင်းမယ်။ အခုဟာ ပြင်းထန်မှုအတိုင်းအတာသိပ်ကြီးတဲ့အခါကျတော့ ဒီဘဏ်တွေကိုပါ သက်ရောက်သွားပြီ။"
မသိင်္ဂီထိုက် - "တရုတ်ယွမ်ငွေနဲ့ ကုန်သွယ်ရေးမှာခွင့်ပြုတယ်၊ ထိုင်းဘတ်ငွေနဲ့ခွင့်ပြုတယ် နောက်တခု အိန္ဒိယရူပီနဲ့အရောင်းအဝယ်လုပ်ဖို့ခွင့်ပြုတယ်။ ဆိုတဲ့အခါကျတော့- စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကတော့ ဒါဟာဆိုလို့ရှိရင် ပြည်ပမှာ နိုင်ငံခြားငွေတွေနဲ့ ဘဏ်အကောင့်ဖွင့်ခွင့်ပေါ့နော်၊ ငွေပေးချေဖို့ အကောင့်တွေဖွင့်တယ်။ ဒါဟာဆိုရင် အမေရိကန်ဒေါ်လာအသုံးပြုတဲ့ကိစ္စကို လျှော့ချဖို့ လုပ်တယ်ပေါ့နော်။ အဲဒီသဘောလဲ ပြောပါတယ်။ ဆိုတော့ ငွေကြေးအပြောင်းအလဲသုံးတာကကော သူတို့ အမေရိကန်ပိတ်ဆို့ဒဏ်ခတ်မှုကို ကျော်နိုင်မလားရှင့်။"
ဦးစိန်ဌေး - "အဲ့ဒီအတွက်ကြိုးစားတာပါ။ မှန်ပါတယ်။ ကျော်နိုင်ဖို့တော့ လောလောဆယ်ခက်တယ်။ ဒါပေမယ့် သက်တောင့်သက်သာတော့ဖြစ်အောင် သူရှာတာပါ။ အဓိကက မြန်မာနိုင်ငံမှာ ဦးသန်းရွှေခေတ်ကတည်းက ပိတ်ဆို့မှုကို သက်သာအောင် ကုန်သွယ်ရေးနဲ့ပတ်သတ်ရင် အိမ်နီးနားချင်းနိုင်ငံတွေကို အားပြုလာတယ်။ အခုက မလွယ်တော့ဘူး။ ဘာကြောင့်မလွယ်လည်းဆိုတော့ ထုတ်လုပ်မှုကမရှိဘူးလေ။ ဘာသွားပို့မှာလဲ။ တရုတ်ကို အများဆုံးသွားတာ မကွေးတိုင်းတို့ကသွားတဲ့ပစ္စည်းတွေက ဟိုက စစ်ဖြစ်နေပြီ။ တောင်သူတွေ မထုတ်နိုင်တော့ဘူး။ ရှိပြီးသားလည်း သူတို့ရွာတွေလိုက်ပြီးမီးရှို့နေတာ။ ဘယ်မှာလဲ production ။ production မရှိရင် export မရနိုင်တော့ဘူး။"
ရုပ်သံဖြင့်ကြည့်ရှုရန် -
Your browser doesn’t support HTML5