RCSS ဌာနချုပ်မှာလုပ်မယ့် ရှမ်းပြည်အမျိုးသားနေ့ကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်မည်

  • ဇော်ဝင်းလှိုင်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်အနီးမှာ လေ့ကျင့်ရေးဆင်းနေတဲ့ RCSS တပ်ဖွဲ့ဝင်များ (သြဂုတ် ၁၉ ၊ ၂၀၁၁)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပမယ့် ရှမ်းပြည်အမျိုးသားနေ့ကို စစ်ကောင်စီ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိတ်ကြား ထားပါတယ်။ ဒီအခမ်းအနားအပြီးမှာတော့ EAO အဖွဲ့တွေအကြားမှာဖြစ်စေ၊ EAO တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်အကြားမှာ ဖြစ်စေ အလွတ်သဘောဆွေးနွေးပွဲတွေ ရှိလာနိုင်ပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

၇၆ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် ဒီလ ၇ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ ကို ဖိတ်ကြားထားပြီး လောလောဆယ်အဖွဲ့တချို့ ရောက်ရှိနေပြီလို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ဗွီအိုအေကို ပြောပါတယ်။

“ ဖိတ်ကြားတာတော့ အစုံတော့ ဖိတ်ကြားထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ နိုင်ငံရေးပါတီတွေရော၊ နောက် CBO , CSO တွေရော ဖိတ်ထားတယ်ခင်ဗျ။ စာရင်းကျတော့ ပို့လာတာတော့ ရှိတယ်။ ဒါပေမဲ့ တချို့တွေကျတော့ စာရင်းမပို့သေးဘူးခင်ဗျ။ တချို့တွေကျတော့ ထွက်လာပြီလို့တော့ ပြောတယ်။ ဌာနချုပ်ကို အကုန်မရောက်သေးဘူးဆိုတော့ အတိအကျတော့ ပြောဖို့ခက်တယ်လေ။”

လောလောဆယ်မှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ ရောက်ရှိနေပြီး ကရင်နီအမျိုးသား တိုးတက်ရေး KNPP ကလည်း တက်ရောက်ဖို့ အကြောင်း ပြန်ကြားထားပါတယ်။ ဒီ ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ကိုယ်စားလှယ်အချို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။

“စစ်တပ်ဘက်ကကျတော့ ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်လာတယ်ခင်ဗျ။ စာရင်းအတိအကျတော့ ကျနော်လည်း မသိရသေးဘူး။ ”

အခမ်းအနားကျင်းပမယ့် ၇ရက်နေ့မနက်ပိုင်းမှာ စစ်ရေးပြအခမ်းအနား၊ RCSS ခေါင်းဆောင်က မိန့်ခွန်းပြောတာ၊ သဝဏ်လွှာဖတ်ကြားတာ စတာတွေ ပါဝင်မှာဖြစ်ပြီး ညနေပိုင်းမှာ ရိုးရာအကတွေ ဖြေဖျော်ဖို့ ရှိနေပါတယ်။

အခမ်းအနားအပြီးနောက်ရက်တွေမှာတော့ EAO အဖွဲ့တွေအကြား လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးပွဲတွေ ရှိလာနိုင်ကြောင်း PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ Sideline အနေနဲ့ ရှိနိုင်တယ်။ နောက်ပြီး အလွတ်သဘောဖြစ်မယ်။ အလွတ်သဘော။ ဘာကြောင့်လဲဆိုတော့ အခု ပွဲကျင်းပတဲ့ RCSS က သူ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ သူဖိတ်ခေါ်ထားတာ ရှိတယ်။ သူဖိတ်ခေါ်ထားတာရှိတဲ့အတွက် သူဖိတ်ခေါ်ထားတဲ့ကိစ္စကို သူရှင်းပြတာတို့ ဘာတို့ပေါ့ဗျာ။ မြောက်ပိုင်းအဖွဲ့တွေလည်း လာတဲ့အဖွဲ့ လာမယ်ဆိုတော့ ဒါကို NCA ထိုးတာရော၊ မထိုးတာရော အားလုံး အလွတ်သဘော တွေ့ဆုံဆွေးနွေးတာလေးတော့ ရှိနိုင်ပါတယ်။ ၈ ရက်နေ့မှာ ရှိနိုင်ပါတယ်။”

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဘက်ကတက်ရောက်လာရင်လည်း သူတို့နဲ့ အလွတ်သဘော ဆွေးနွေးနိုင်ဖွယ်ရှိကြောင်းလည်း ဆက်ပြောပါတယ်။

“ သူတို့ အဖွဲ့ဝင် ၄ယောက်လောက် တက်မယ်လို့ ပြောတယ်။ အရင်တုံးက နေပြည်တော်မှာ တွေ့တုံးကတော့ ကျနော်တို့ Joint လုပ်တုံးကတော့ ၇ဖွဲ့အနေနဲ့ လုပ်တယ်လေ။ အခုကတော့ ၈ဖွဲ့ဖြစ်သွားတာပေါ့ဗျာ။ ABSDF ပါ ပါတော့။ NCA ထိုးတဲ့အဖွဲ့က ၈ဖွဲ့လောက်တော့ ဒီမှာ ရောက်နေတာကိုး။ အိမ်ရှင်က စီစဉ်ပေးရင်တော့ တွေ့ရမှာပေါ့။ ကျနော်တို့က ပွဲလာ ဧည့်သည်ပဲကိုးဗျ။ အိမ်ရှင်စီစဉ်တဲ့အတိုင်းပေါ့။”

RCSS က စည်းလုံးညီညွတ်မှုနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့က အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံဖို့ကို ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့ကနေ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၀နေ့အထိ ရက်သတ်မှတ်ထားခဲ့တာပါ။

၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့မှာ ရှမ်းစော်ဘွားတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ စုပေါင်းပြီး ရှမ်းပြည်ကောင်စီဖွဲ့စည်းခဲ့သလို ရှမ်းပြည်အမျိုးသားသီချင်းနဲ့ ရှမ်းပြည်အလံကို အတည်ပြုခဲ့တာကြောင့် ဒီနေ့ကို ရှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

RCSS ဌာနချုပ်မှာလုပ်မယ့် ရှမ်းပြည်အမျိုးသားနေ့ကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်မည်

[Unicode]











