အာဏာသိမ်းစစ်ကောင်စီပေါ် အရေးယူလုပ်ဆောင်မှု SAC-M မှတ်တမ်းတင်နေ

SAC-M

Zawgyi/Unicode

အာဏာသိမ်းထားတဲ့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ အထိနာစေမယ့် နိုင်ငံတကာက အရေးယူဆောင်ရွက်ချက်တွေကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်ကို အထိနာစေရေး လက်နက်၊ ငွေကြေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် စတဲ့ ဖြတ်၃ ဖြတ်နဲ့ အရေးယူဆောင်ရွက်ကြဖို့လည်း SAC-M က ဒီကနေ့ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။ နိုင်ငံအလိုက်အရေးယူဒဏ်ခတ်တာ၊ စီးပွါးရေးလုပ်ငန်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက အရေးယူတာ၊ မြန်မာနိုင်ငံထဲက လုပ်ငန်းတွေရပ်ပြီး တခြားနေရာဆီ ပြောင်းပြီး ရင်းနှီးမြှုပ်နှံတာ စတဲ့စာရင်းတွေကို အချိန်နဲ့တပြေးညီ ပြုစုနေတယ်လို့ SAC -M ရဲ့ ဇွန်လ ၄ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာစစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့အထဲမှာ စစ်တပ်နဲ့ဆက်စပ်နေတဲ့ကုမ္ပဏီတွေ၊ အစိုးရပိုင်လုပ်ငန်းတွေနဲ့ ပုဂ္ဂလိကပိုင် ခရိုနီကုမ္ပဏီကြီးတွေပါဝင်ပါတယ်။ အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ဒီလိုစနစ်ကနေ ကြွယ်ဝချမ်းသာလာကြတဲ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ နိုင်ငံတဝန်း အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်ခွင့်ရနေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရနေတဲ့ စစ်ကောင်စီရဲ့ဘဏ္ဍာရေးကို ဖြတ်တောက်ဖို့ ဆောင်ရွက်တာဟာ ပြည်သူတွေရဲ့CDM လှုပ်ရှားမှုကို အားပေးရာရောက်သလို စစ်တပ်ရဲ့ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတာဝန်ခံမှုရှိစေလိမ့်မယ်လို့ အထူးအကြံပေးကောင်စီအဖွဲ့ဝင်Chris Sidoti ကပြောပါတယ်။
မြန်မာနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်ထားတဲ့သူနဲ့ အရေးယူမှု မလုပ်ရသေးတဲ့သူတွေကို ကွဲကွဲပြားပြားသိအောင် ခုလို စာရင်းပြုစုနေတာပါလို့လည်း ပြောပါတယ်။ မြန်မာအရပ်ဘက်အဖွဲ့အတော်များများရဲ့တောင်းဆိုချက်အရ စစ်ကောင်စီအပေါ် နိုင်ငံတကာက ပစ်မှတ်ထားအရေးယူလာတာကို SAC-M ကကြိုဆိုလိုက်သလို ရှေ့ဆက်စာရင်းပြုစုပြီး သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို စာင့်ကြည့်သွားမယ်လို့လည်း ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူလူထုကို ကူညီဖို့ အထူးအကြံပေးကောင်စီကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အာဏာသိမ်းစစ်ကောင်စီပေါ် အရေးယူလုပ်ဆောင်မှု SAC-M မှတ်တမ်းတင်နေ


Unicode


