မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲမှာ စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲလို့ ၁၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ် ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ငါန်မြာကြီးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က၂ ရက်ဆက်တိုက် ဗုံးကြဲတာမှာ၊ အရပ်သား ၁၀ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မနေ့က သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
"ရွာရဲ့အဝင်က ငါန်မြာကြီးဆိုင်းဘုတ်နားမှာ ရှိနေတဲ့ ဈေးတတန်းပေါ့နော်။ ဈေးဆိုင်တန်းပေါ့ လမ်းမကြီးဘေးပေါ့နော်။ လူသေဆုံးမှုက အရည်အတွက် ၁၂ ယောက် ရှိတယ်။ တစီးက ပေါင် ၅၀၀ ဗုံး ချတယ်။ တစီးက စက်လက်နဲ့ ဆွဲတယ်။ ဒီနေ့က မွန်းလွဲ ၁ နာရီမှာ မူးတောင်ကျေးရွာ စာသင်ကျောင်းကို တလုံး ငါန်းဇွန်မြို့နယ် ကုန်းလည်ရွာ စေတီဓမ္မာရုံပေါ့။ အဲ့ဒီမှာ ၁ လုံး ၂ လုံး ကျဲတယ် ဒီနေ့။"
ဒီနေ့ ဗုံးကြဲမှုမှာတော့ အဆောက်အဦး ပျက်စီးတာတွေ ရှိပေမဲ့၊ လူထိခိုက်သေဆုံးမူတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သေဆုံးသူ ထပ်တိုးနိုင်ကြောင်းနဲ့၊ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ဖို့ ပြင်ဆင်နေပုံရကြောင်း ဒေသခံတွေက ပြောပြပါတယ်။ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို၊ သေဆုံးတဲ့ အရည်အတွက်နဲ့ ပတ်သက်ပြီး ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တချိန်ထဲမှာ မန္တလေးမြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မတ္တရာမြို့က သုံးဆယ်ပေးရွာဘက်မှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ သုံးဆယ်ပေးရွာ တဘက်ကမ်း မင်းကွန်းမြို့တဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပြီး မန္တလေးမှာ အခြေစိုက်နေတဲ့ စစ်ကောင်စီတပ်တွေဘက်က စစ်ကူပစ်ခတ်ပေးခဲ့တယ်လို့ မြို့ခံတွေက VOA ကို ပြောပါတယ်။ ပေါက်ကွဲသံတွေလည်း ကြားနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။