ရုရှား ရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းနဲ့တိုက်ခိုက်

A sea drone shows the silhouette of Olenegorsky Gornyak ship near the port of Novorossiysk, Russia, in this screengrab obtained from social media video released on August 4, 2023.

ယူကရိန်းတို့ရဲ့ ရေထဲသွား အဝေးထိန်း ဒရုန်းယာဉ်တခုရဲ့ တိုက်ခိုက်မှုကြောင့် ရုရှား ရေနံနဲ့ ဓါတုပစ္စည်းတင်သင်္ဘောတစီး ပင်လယ်နက်ထဲမှာ ထိခိုက် ပျက်စီးသွားပါတယ်။ ရုရှားတို့ သိမ်းပိုက်ထားတဲ့ Crimea ဒေသနဲ့ ရုရှားပြည်မကြီးကို ချိတ်ဆက်ထားတဲ့ မဟာဗျူဟာမြောက် တံတားတခုနားမှာ တိုက်ခိုက်ခံရတယ်ဆိုတာကို ရုရှားရေကြောင်းသွားလာရေးဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပါတယ်။

ရုရှားရေနံတင်သင်္ဘော တိုက်ခိုက်ခံရတဲ့အတွက် အဲဒီဒေသက ရေကြောင်းသွားလာမှုတွေ ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။ ပင်လယ်နက်နဲ့ Azov ပင်လယ်ပြင်ကို ဆက်ပေးထားတဲ့ Kerch ရေလက်ကြားနား ရေနံတင်သင်္ဘာ ရောက်နေချိန်မှာ ယူကရိန်းဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ ရုရှားအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒရုန်းထိမှန်တဲ့ သင်္ဘောစက်ခန်းနားက ရေနဲ့ထိနေတဲ့ နေရာမှာ အပေါက်ကြီးဖြစ်သွားပြီး ကနဦးစစ်ဆေးချက်တွေအရ ရေထဲသွား ဒရုန်းယာဉ်ရဲ့ တိုက်ခိုက်မှု ခံရတာဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ ပင်လယ်နဲ့ မြစ်ချောင်းများသယ်ယူပို့ဆောင်ရေးဌာနက Telegram လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရေနံရော ဓါတုပစ္စည်းတွေပါတင်ဆောင်ဖို့ မှတ်ပုံတင်ထားတဲ့ ဒီသင်္ဘောဟာ ဆီးရီးယားက ရုရှားတပ်တွေအတွက် လေယာဉ်ဆီတွေ သယ်ဆောင် ပို့ပေးခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုက ၂၀၁၉ ခုနှစ်မှာ ဒဏ်ခတ် အရေးယူထားတာပါ။ အခုလည်း ဆီးရီးယားမှာရှိနေတဲ့ ရုရှားတပ်တွေအတွက် ရေနံတွေ ပို့ပေးနေတယ်လို့ Zaporizhzhia ဒေသက ရုရှားခန့်အပ်ထားတဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။