ယူကရိန်း အပစ်အခတ်ရပ်စဲရေး Minsk သဘောတူညီချက် ပျက်ပြားအောင် အမေရိကန်အစိုးရက လုပ်ကြောင်း ရုရှားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခကို စစ်ရေးနည်းနဲ့ အဖြေရှာဖို့ ယူကရိန်းအစိုးရကို အမေရိကန်က အားပေး အားမြောက်ပြုနေကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မော်စကိုမြို့မှာ ကြာသပတေးနေ့က တွေ့ဆုံအပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အဲဒီလို ပြောလိုက်တာပါ။
Minsk သဘောတူညီချက် ပျက်ပြားအောင် အမေရိကန်က လုပ်နေတယ်ဆိုရင် ယူကရိန်းဖက်က ဒီပြဿနာကို စစ်ရေးနည်းနဲ့ အဖြေရှာဖို့ အမေရိကန်က အားပေး အားမြောက်ပြုနေတယ်လို့ ယူဆရမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး Lavrov က ပြောလိုက်တာပါ။
အမေရိကန် ဒုသမ္မတ Joe Biden နဲ့ ယူကရိန်းသမ္မတ Petro Poroshenko တို့ ၂ ဦး ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းနဲ့ စကားပြောခဲ့တဲ့ကိစ္စကို နိုင်ငံခြားရေးဝန်ကြီး Lavrov က ရည်ညွန်း ပြောဆိုသွားတာပါ။
ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်အဖွဲ့တွေ အဓိက ခြေကုတ်ယူထားတဲ့ Donetsk နဲ့ Luhansk ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပပြီး အကန့်အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ ယူကရိန်းလွှတ်တော် Rada က ဆုံးဖြတ်လိုက်တာကို တယ်လီဖုန်းနဲ့ စကားပြောတဲ့အချိန် ဒုသမ္မတ Joe Biden က ကြိုဆိုခဲ့တာပါ။ ယူကရိန်းလွှတ်တော်ရဲ့ အဲဒီ ဆုံးဖြတ်ချက်အပေါ် ရုရှားဖက်က ဒေါသထွက်ခဲ့ပါတယ်။